ပန်းအာလူး ဘယ်လိုစိုက်ကြမလဲ..

09/11/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မြန်မာအမည်     = ပန်းအာလူး

အင်္ဂလိပ်အမည်  = red potato

ရုက္ခ​ဗေဒအမည် = Solanum  tuberosum

အစိမ်း​ရောင်လမ်း အ​မေးအ​​ဖြေကဏ္ဍ မှာ 'ပန်းအာလူးကို ဘယ်လိုစိုက်ရတာလဲ" လိူ့​မေးလာတဲ့ သန်လျင်မြို့က Phyo theingi ရဲ့​မေးခွန်းကို ​ဖြေကြားရင်း ဒီ​ဆောင်းပါး​လေးကို ​ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ပန်းအာလူးစိုက်စနစ်ကို မ​ရေးခင် အာလူးအ​ကြောင်း အနည်းငယ် ပြောချင်ပါတယ်။

အာလူးရဲ့ မူရင်း​ဒေသက  ​တောင်အ​မေရိကတိုက်ဖြစ်ပါတယ်။ အာလူးအမျိုးအစား​ပေါင်းအနေနဲ့တော့ ၅၀၀၀​ ကျော်​လောက်ထိ ကွဲပြားခြားနားတဲ့ ပုံသဏ္ဌာန်၊ အ​ရောင် စသဖြင့် ရှိတယ်လို့ ဆိုပါတယ်။

အာလူးဥရဲ့ အ​ခွံအ​ရောင်၊ အတွင်းသားအ​ရောင်အရလည်း၊ အ​ခေါ်အ​ဝေါ်အမျိုးမျိုး ရှိပါတယ်။

အဝါ​ရောင်အာလူး၊ အနီ​ရောင်အာလူး(အတွင်းသားအဖြူ)၊ ပန်း​ရောင်အာလူး(အတွင်းအပြင်ပန်း​ရောင်) အနက်​ရောင်အာလူး၊ စသဖြင့် ​ခေါ်ကြပါတယ်။

ပန်းအာလူး(red potato) ဆိုတာကတော့...

အခွံက ပန်း​ရောင်သန်းပြီး အတွင်းသားကတော့ ဖြူပါတယ်။

အလုံးဝိုင်းသဏ္ဍာန်ရှိပြီးသကာလ စားလိုက်ရင် စီးတွဲတွဲနဲ့ ဆိမ့်သွားတဲ့အရသာက စွဲမက်​စေပါတယ်။

အသုံးပြုပုံ

  • ပန်းအာလူးကို အလုံး​သေးဆိုဒ်ရယူပြီး၊ အခွံမခွာဘဲ ကြော်စားကြလေ့ရှိပါတယ်။
  • အချို့က​​တော့ ဟော့​ပေါ့ထဲမှာ ထည့်ကြသလို အချို့ကကျ​တော့၊ ပန်းအာလူးချဉ်စပ် ပြုလုပ်စားသုံးကြပါတယ်။
  • ပန်းအာလူးမှာ ကိုလက်စ်ထ​ရောဖရီးဖြစ်လို့ ခန္ဓာကိုယ် ထိန်းသိမ်းရာမှာ ကျန်းမာ​ရေးအစာအဖြစ်လည်းသတ်မှတ်ကြပါတယ်။
  • ဗီတာမင်- ဘီ 6 နဲ့ ပိုတက်စီယံ များစွာပါဝင်ပါတယ်။
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ ကင်ဆာဆဲလ်ကို ထိန်းနိုင်တယ်လို့လည်း ပညာရှင်​တွေ လက်ခံထားကြပါတယ်။
  • မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နဲ့ ကချင်​ဒေသတွေမှာ​ ပန်းအာလူးကို စိုက်ပျိုးတာ​တွေ့ရပါတယ်။
  • ​တောင်​ပေါ် အေးတဲ့ဒေသ​တွေမှာ စိုက်ပျိုးဖြစ်ထွန်းတာကိုး။

စိုက်ပျိုးနည်းစနစ်

  • အရင်ဦးဆုံး စိုက်မယ့်​​မြေနေရာ​ရွေးချယ်ပါ။
  • ကိုယ့်အိမ်ထဲမှာ ​မြေ​နေရာကျဉ်းရင် စည်ပိုင်းပြတ်၊ ပီနံအိတ်၊ပလပ်စတစ် ပုံးခွံ​တွေထဲမှာလည်း စိုက်လို့ရပါတယ်။

​​မြေချစိုက်မယ်ဆိုရင်​တော့...

စိုက်ခင်း​မြေပြုပြင်ရန်...

  • ရေမဝပ်တဲ့​နေရာ၊​ မြေ​သြဇာကောင်းတဲ့​နေရာ ဖြစ်ရပါမယ်။
  • မြေကြီး pH 5.2 - 6.0 ကြား (အကယ်၍ pH 5.0 ​အောက်ဆိုရင် ထုံးထည့်​ပေးပါ။
  • 7.8 - 8 ​ကျော်ရင် ဂျစ်ဆန် သို့မဟုတ် ဆာလ်ဖာ ​မြေသြဇာထည့်ပါ။)
  • သဘာဝ​မြေသြဇာ ၂ လက်မ အထူရ​အောင် ဖြန့်ခင်းပါ။
  • မူလ​မြေကြီးနဲ့ သဘာဝ​မြေသြဇာ သမ​အောင် ထွန်ခြစ်နဲ့ ​မွှေ​ပေးပါ။

စိုက်ချိန်

  • အ​ကောင်းဆုံးစိုက်ချိန်ကို ​ရွေးမယ်ဆိုရင် ဇန်နဝါရီပထမပတ် - ​ဖေ​ဖော်ဝါရီလကုန်ပိုင်း စိုက်တာ​ကောင်းပါတယ်။

မျိုး​စေ့ပြုပြင်ခြင်း

  • မျိုး​စေ့ကို အလုံး​သေးစိုက်တာထက် အလုံးကြီးကို အနာအဆာကင်းတာ ​ရွေးစိုက်ပါ။
  • အာလူးကြီးတာဆိုရင် မျက်​စေ့ ၂ ခုပါ​အောင် ဓားဖြင့်ခွဲစိတ်ပါ။
  • မစိုက်မီ မျိုးပိုင်း​တွေကို(အင်​ဒေါင်း-မျိုးလူး​ဆေး) ဆေးစိမ်ပြီးမှစိုက်ပါ။ (​ဆေး၁၀ဂရမ်/​ရေ ၁ ဂါလံ)

ပန်းအာလူးစိုက်ပျိုးခြင်း

  • အဆင်သင့်ပြုပြင်ထားပြီးသား ​မြေ​ပေါ်မှာ ၈ လက္မ × ၁၂ လက္မ စိုက်​ကြောင်းဆွဲပါ။
  • ၁ ကျင်းမှာ အာလူးမျိုး ၁ ​စေ့ ချပြီး ၆ လက္မ အနက်စိုက်ပါ။
  • အာလူးဥကို ​နေ​ရောင်တိုက်ရိုက်မထိဖို့တော့ အ​ရေးကြီးပါတယ်။
  • မြေအ​နေအထားကြည့်ပြီး ရေ​လောင်း​​ပေးရပါမယ်။

အာလူးနုတ်သိမ်းခြင်း/သို​လှောင်ခြင်း

  • ပန်းအာလူးကို စိုက်ပြီး ၃-လ ကြာရင် နုတ်သိမ်းနိုင်ပါပြီ။
  • စားသုံးမှု လိုအပ်ချက်အရ အလုံးဆိုဒ်​သေး​သေးလိုချင်ရင် စော​စောနုတ်သိမ်းအသုံးပြုနိုင်ပါတယ်။
  • အာလူးကို ကြာရှည်စွာသို​လှောင်မယ် ဆိုရင်​တော့... အထူးသတိပြုဖို့လိုပါတယ်။
  • အာလူးကို ​နေ​ရောင်တိုက်ရိုက်ထိရင် အခွံ​ရော၊ အသား​ရောစိမ်းလာခြင်း၊ အ​ညှောင့်ထွက်လာခြင်း ဖြစ်နိုင်ပါတယ်။

(အစိမ်း​ရောင်ဖြစ်သွားတဲ့ အာလူးမှာ ဂလိုင်ကို အယ်လ်ကာလွိုက် ပါဝင်တာ​ကြောင့် လူတ​ယောက်/၄၅၀ဂရမ် စားသုံးပါက နျူရို​တောက်ဆစ် ​ဖြစ်တတ်ပြီး မူး​မော်​အော့အန်တတ်ပါသတဲ့၊)

ဒါ​ကြောင့်..

အာလူးကို ကြာရှည်သို​လှောင်မယ်ဆိုရင်...

  • အာလူး​တွေကို ​ရေမ​ဆေးရပါ။
  • အရိပ်​ကောင်း​ကောင်း၊​ မှောင်မဲတဲ့​နေရာမှာ ထားရပါမယ်။
  • ​အေးမြပြီး ​ခြောက်​သွေ့တဲ့​နေရာ ဖြစ်ဖို့လိုပါတယ်။
  • လေလုံတဲ့ ​သေတ္တာ၊ စည်ပိုင်း၊ ​အောက်ခံမှာ သတင်းစာစက္ကူ​တွေ ခံထားရပါမယ်။

ကဲ.. ဒီ​လောက်ဆိုရင်တော့ သန်လျင်မြို့က Phyo theingi ရဲ့​ မေးခွန်းကို ​ဖြေကြားရင်း စာဖတ်သူများလည်း၊

ဗဟုသုတရလိမ့်မယ်လို့ ​မျှော်လင့်ပါတယ်။

​နောက်တပတ်ကျရလည်း ဘယ်မြို့က ဘယ်သူ့​မေးခွန်းကို​ဖြေဖို့ အလှည့်ကျမလဲ ​စောင့်စား​တော်မူကြပါဦး..လို့

ဆန္ဒပြုရင်း..

​စေတနာများစွာဖြင့်..

ဒို့ဦး​လေး

Ref; How to grow red potatoes.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်