(Rural Development)
လူတို့၏ လူမှုဘဝနေထိုင်မှုများ၊ လူမှုဘဝပြောင်းလဲမှုများနှင့် လူသားတို့အပြုအမူများ အကောင်းအကျိုးဖြစ်စဉ်များကိုသိပ္ပံနည်းကျ စနစ်တကျ လေ့လာသော ဘာသာရပ်ကို လူမှုရေးသိပ္ပံ (Social Science)ဟု ခေါ်သည်။
လူမှုသိပ္ပံပညာရှင်များအနေဖြင့် လူအုပ်စုများ၊ လူ့အဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်ပြုမူလှုပ်ရှားကြပုံများကို စနစ်တကျ လေ့လာ သုတေသနပြုလုပ်ကြပါသည်။ ထိုသို့ လေ့လာခြင်းအားဖြင့် ခိုင်မာသော အထောက်အထားများ ရရှိနိုင်ပြီး ၎င်းတို့ကိုအခြေခံ၍ ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် ဒီမိုကရေစီကို တည်ထောင်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။
ပြည်သူလူထုတို့အနေဖြင့် လူမှုရေး နိုင်ငံရေးဆိုင်ရာ အကျိုးပြု လူ့အဖွဲ့အစည်းများကို နားလည်သဘောပေါက်ပြီး ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်းအားဖြင့် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအား အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (Rural Development) နှင့် ကျေးလက်လူမှုဗေဒ (Rural Sociology) ဆိုသည်မှာတော့ လူမှုသိပ္ပံဆိုသော ဘာသာရပ်၏ ကိုင်းခွဲတစ်ခုဖြစ်ပြီး ကျေးလက်ဒေသ လူမှုအဖွဲ့အစည်းနှင့် ကျေးလက်လူနေမှုဘဝကို အလေးထားလေ့လာသော ဘာသာရပ်တစ်ခု ဖြစ်ပါသည်။
ကျေးလက်ဒေသ လူမှုအဖွဲ့အစည်းတွင် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အဓိကထား လေ့လာခြင်း ဖြစ်ပါသည်။ ထိုသို့လေ့လာခြင်းအားဖြင့် ကျေးလက်ဒေသရှိ ပြည်သူတို့၏ အပြုအမူများကို နားလည် သဘောပေါက်မှု အခြေခံမှသာ အခြားအခြားသောပညာရပ်များ/လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောင်းဆုံးသော အဖြေများရရှိနိုင်မည်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆိုသည်မှာ ကျေးလက်ဒေသရှိ ပြည်သူ လူထုတို့၏ စီးပွားရေးနှင့်လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေးနှင့် လူမှုအဆင့်အတန်းမြင့်မားလာစေရေး ဆောင်ရွက်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။
အထူးသဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ လူမှုအဖွဲ့အစည်းနှင့် ကျေးလက်လူနေမှုဘဝကို နားလည်သဘောပေါက်ရန် အဓိက လိုအပ်ပါသည်။
ကျေးလက်လူမှုဗေဒ (Rural Sociology) ၏ အဓိပ္ပာယ်မှာ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝဆောက်တည်မှုနှင့် လူအများကြား သဘောထားကွဲလွဲမှုတို့ကို လေ့လာသော ဘာသာခွဲတစ်ခုဖြစ်ပါသည်။ (A field of Sociology associated with the study of social structure and conflict in rural areas)
ယခင်ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများသည် သဘာဝအရင်းအမြစ်များဖြစ်သော စိုက်ပျိုးရေးနှင့် သစ်တောအခြေခံ၍ ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွန်ရက်စနစ် ပြောင်းလဲလာခြင်းနှင့် တိုးတက်လာသော မြို့ပြအိမ်ရာများကြောင့် ကျေးလက်ဒေသ၏ စရိုက်လက္ခဏာများသည်လည်း ပြောင်းလဲလာခဲ့ပါသည်။
ယခင်က ကျေးလက်ဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သော သဘာဝအရင်းအမြစ်ထုတ်ယူသုံးစွဲခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအစား ခရီးသွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် အပန်းဖြေနေရာများဖြင့် အစားထိုးလာခဲ့ကြပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မြော်မြင်၍ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်သဘာဝအရင်းအမြစ်ကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဖန်တီးခြင်းထက် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များကို အလေးထား ဆောင်ရွက်ရန် လိုအပ်လှပါသည်။
ပညာရေး၊ စွန့်ဦးတီထွင်မှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများနှင့် လူမှုရေးဆိုင်ရာအခြေခံအဆောက်အဦများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဟုဆိုရာတွင် ဒေသတွင်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာများသည်လည်း အရေးကြီးလှပါသည်။ မြို့ပြနှင့်မတူဘဲ ကျေးလက်ဒေသသည် တစ်နေရာနှင့်တစ်နေရာ အခြေအနေကွဲပြားခြားနားမှု များပြားသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်မှုလမ်းကြောင်းများသည် ကမ္ဘာတစ်ဝန်းတွင် များပြားလှပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုသောစကားလုံးမှာ ကျယ်ပြန့်လှပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သတိထားရမည့်အချက်မှာ မြို့ပြစီးပွားရေးစနစ်လမ်းကြောင်းမှ ကွဲလွဲ၍ ဆောင်ရွက်ရန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြို့ပြဆန်လာခြင်းကြောင့် ကျေးလက်၏ အငွေ့အသက်များပျောက်ကွယ်သွားနိုင်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းများမှာ စိုက်ပျိုးရေး၊ လက်မှုပညာရပ်နှင့် လက်မှုပညာရပ်တို့ ဖြစ်ကြပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၏ ဆောင်ရွက်ချက်များမှာ ကျေးလက်ဒေသ၏ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပါသည်။
ယခင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကြိုးနီစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ၁၉၆၀ နောက်ပိုင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက်လူ့အဖွဲ့အစည်း၏ ပူးပေါင်းပါဝင်မှုကို အလေးထား ဆောင်ရွက်လာခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းအားဖြင့် ကျေးလက်နေပြည်သူတို့သည် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အစပျိုးသူများ ဖြစ်လာကြပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုသည်မှာ နေရာတော်တော်များများနှင့် အကြုံးဝင်ပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်၍ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများကို ရှာဖွေခြင်းအားဖြင့် မိမိတို့ဒေသ၏ လိုအပ်ချက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ပြင်ပမှလာသောပညာရှင်များအနေဖြင့် ကျေးလက်ဒေသ၏ ဖွဲ့စည်းပုံ၊ ယဉ်ကျေးမှု၊ ဘာသာစကားများကို ဒေသခံများလောက်နားလည်နိုင်ရန် ခဲယဉ်းပါသည်။ ထို့အတွက် ဒေသခံပြည်သူများကိုယ်တိုင် မိမိတို့ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း (Farming Activities) လုပ်သူရှိသလို အခြားလုပ်ငန်းများ (Non-Farming Activities) လုပ်ကိုင်နေသူများလည်း စုပေါင်းနေထိုင်ကြပါသည်။
ဇယား (၁) နိုင်ငံအသီးသီး၏ ကျေးလက်လူဦးရေ၊ မြေအသုံးချမှု ရာခိုင်နှုန်း (၂၀၂၂)
ဤဇယားကိုကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ကျွန်တော်တို့မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံပြီးလျှင် ကျေးလက်ဒေသလူဦးရေ (၆၉.၀%) ဖြင့် ဒုတိယအများဆုံး ဖြစ်နေပါသည်။
ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများကတော့ မြို့ပေါ်နေလူတန်းစားအတော်များနေပါပြီ။ စိုက်ပျိုးမြေ အသုံးချမှုတွင်တော့ ၁၉.၇% ဖြင့် အသုံးချမှု အလွန်နည်းနေပါသေးသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၇၀.၇% ဖြင့် နိုင်ငံမြေ လေးပုံသုံးပုံကို စိုက်ပျိုးမြေအဖြစ် အသုံးချနေပါပြီ။
သမဝါယမဝန်ကြီးဌာနအောက်တွင်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန (Department of Rural Development) ကနေ ကျေးလက်ဒေသတွေမှာ လမ်းဖောက်၊ တံတားဆောက်နှင့် အခြားလုပ်ငန်းတွေပြုလုပ်နေပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဘာသာရပ် (Rural Development and Sociology) ၏ အဓိပ္ပာယ်မှာ ဤလုပ်ငန်းများထက် ပိုပါသည်။
ကျေးလက်နေ တောင်သူဦးကြီးများ၊ အမျိုးသမီးများအတွက် ပညာရပ်တိုးတက်စေရန် အစိမ်းရောင်လမ်းမှလည်း လယ်ယာထွက်ကုန်ဈေးနှုန်းသတင်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာများ၊ ဗဟုသုတများကို ခေတ်မီတယ်လီဖုန်း (Smart Mobile Phone) ပေါ်တွင် နေ့စဉ် တင်ပေးလျက် ရှိနေပါသည်။
ရွေရောင်လွင်ပြင် (Golden Plain Livelihood Development Services Facebook Page) မှလည်း အပတ်စဉ် စနေနေ့ည ၈ နာရီတိုင်း စိုက်ပျိုးမွေးမြူရေး၊ ပညာရေးဆိုင်ရာ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို ဝင်ရောက် နားထောင်၊ မေးမြန်း၊ ဆွေးနွေးနိုင်ပါသည်။ Zoom Application နဲ့ Facebook တော့ သုံးတတ်၊ ကြည့်တတ်ရပါမည်။ တောင်သူဦးကြီးများကို သင်ကြားပေးရန် လိုပါပြီ။
(ဆက်ရန်)
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။