SMEs များ ဖွံ့ဖြိုးရေးအထောက်အပံ့ Responsible Business Fund – RBF မှ လုပ်ငန်းရှင်များအတွက် ပဉ္စမအကြိမ် အဆိုပြုလျှောက်လွှာခေါ်ယူနေ

22/01/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

      ဒိန်းမတ်နိုင်ငံအစိုးရ၏ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးရေး အထောက်အပံ့ Responsible Business Fund – RBF မှ မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းရှင်များအတွက် ပဉ္စမအကြိမ် အဆိုပြုလျှောက်လွှာများ စတင်လက်ခံနေကြောင်း သိရသည်။

      မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အထ ကောင်းများ တိုးပွားလာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဒိန်းမတ်နိုင်ငံမှ ဖွံ့ဖြိုးရေးအကူအညီ ထောက်ပံ့ငွေများ ထပ်မံပေးအပ်သွားမည် ဖြစ်သဖြင့် ပဉ္စမအကြိမ် အဆိုပြုလွှာများ ခေါ်ယူခြင်းဖြစ်သည်။ 

RBF ဆိုတာ ဒိန်းမတ်နိုင်ငံကနေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနေတဲ့ အစီအစဉ်တွေ ထဲက အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံဟာ အာရှနဲ့အာဖရိကနိုင်ငံများထဲမှာ ပုဂ္ဂလိက စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှတဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် ကူညီပံ့ပိုးပေးနေတဲ့ ရှေ့ဆောင်လမ်းပြ နိုင်ငံတစ်နိုင်ငံပါ။ RBF ဆိုတာ မြန်မာတစ်နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အလေ့အထကောင်းတွေကို တိုးမြှင့်စေဖို့အတွက် ပေးအပ်တဲ့ Challenge Fund ဖြစ်ပါတယ်။ RBF ကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ ကျပ်သိန်းပေါင်း ၁၄၈,၀၀၀ ကို လုပ်ငန်းပေါင်း ၄၅၃ ခု အတွက် ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။,

ဟု RBF Myanmar မှ Grant Manager ကိုအောင်ဖြိုး က ပြောသည်။

       RBF မှ ဖွံ့ဖြိုးရေးအကူအညီ ပေးအပ်မည့် လုပ်ငန်းများအနေဖြင့် ဧရိယာ(၁) စွမ်းအင်အလေအလွင့် လျော့ချခြင်း၊ ဧရိယာ(၂) ရေသုံးစွဲမှု လျော့ချခြင်း၊ ဧရိယာ(၃) စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း၊ ဧရိယာ(၄) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ဧရိယာ(၅) အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ဧရိယာ(၆) စွန့်ပစ်ရေဆိုးသန့်စင်ခြင်း အစရှိသည့် ဧရိယာ (၆)ခုအောက်မှ အကျုံးဝင်သည့် စီမံကိန်းများကို အဆိုပြုလျှောက်ထားနိုင်ပြီး စီမံကိန်းကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။

      ဧရိယာ (၁,၂,၃,၄,၅) အောက်မှ လျှောက်ထားမည့်လုပ်ငန်းများအတွက် စီမံကိန်းကုန်ကျစရိတ်၏ ၃၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း၊ ဧရိယာ(၆)အောက်မှ လျှောက်ထားမည့်စီမံကိန်းများအတွက် စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရခိုင်ပြည်နယ် တို့ရှိ လုပ်ငန်းများအတွက် စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း၊ ဒိန်းမတ်နိုင်ငံမှ ထုတ်လုပ်သော စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုမည့် လုပ်ငန်းများအတွက် စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း ထောက်ပံ့ငွေပေးအပ်ရန် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း သိရသည်။

      ဧရာဝတီတိုင်းဒေသကြီးအတွင်း RBF Myanmar မှ ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းပေါင်း (၁၉)ခုရှိပြီး၊ ပုသိမ်မြို့ရှိ ပြည်ဝဓနဆန်စက်သည်လည်း ဧရိယာ(၃) စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်း ခေါင်းစဉ်အောက်ရှိ ထိုင်ဝမ်နိုင်ငံမှ ထုတ်လုပ်သည့် SUNCUE(ဆန်းကျူး)အမှတ်တံဆိပ် စပါးခွံလောင်စာသုံး စပါးအခြောက်ခံစက်ကို RBF Myanmar ၏ အထောက်အပံ့ဖြင့် 2020 ခုနှစ် မေလတွင် တပ်ဆင်ခဲ့ပြီး အောင်မြင်စွာ လည်ပတ်လျက်ရှိနေပြီ ဖြစ်သည်။ 

       အဆိုပါ ပဉ္စမအကြိမ် အဆိုပြုလျှောက်လွှာများကို ဇန်နဝါရီလ(၄)ရက်မှ (၂၇)ရက်နေ့၊ နေ့လည်(၁၂)နာရီအထိ ပထမအဆင့်လျှောက်လွှာ (Concept Note)များ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်