‘ မျိုးစေ့လူးဆေး ’ ဘာကြောင့်သုံးသင့်ပါသလဲ?

07/04/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

သင်္ကြန်မိုးရွာပြီးတာနဲ့ မိုးဦးသီးနှံ စိုက်ကြတာတွေ ရှိလာတော့မှာဆိုတော့ မျိုးစေ့နဲ့ပတ်သက်ပြီး အကျိုးရှိစေမယ့်ကြိုတင်ပြင်ဆင်စရာလေးတွေ ပြုလုပ်နိုင်စေခြင်းငှာ ဒီစာစုလေးကို တင်ပြလိုက်ပါတယ်။

မျိုးစေ့နိဒါန်း။     ။ သီးနှံတမျိုးရဲ့ ဘဝအစဟာ မျိုးစေ့(Seed) ပါ။ အစကောင်းမှ အနှောင်း သေချာ ဆိုတာလို မျိုးစေ့ရဲ့သန့်စင်ခြင်း၊ ပိုးမွှားရောဂါကင်းခြင်း၊ ဗီဇမှန်ကန်ခြင်း စတဲ့ ဇီဝရုပ်၊ ဓါတုရုပ်၊ ရူပရုပ်တွေရဲ့ ကောင်းခြင်းလက္ခဏာတွေ ပြည့်စုံပါမှ "မျိုးစေ့လည်းမှန်၊ ပင်လည်းသန် “စေမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သီးနှံပင်က ထွက်လာတာချင်းအတူတူ ဝမ်းစာအတွက်ဆို အဆံ(Grains) ဆိုတာနဲ့ မျိုးချန်ဖို့အတွက်ဆို အစေ့(Seeds) ဆိုပြီး အတန်းအစားကွဲပြားသွားရပါတယ်။

 

မျိုးစေ့လူးဆေးဆိုသည်မှာ ဘာလဲ (Seed treatment)

မျိုးစေ့မှာကပ်ပါလာတဲ့ မျိုးစေ့ဆောင်မှိုနဲ့တကွ မြေကြီးက ပိုးမွှားရောဂါ မကပ်ငြိအောင် ကာကွယ်စေပြီး အပင်ပေါက် ကောင်းမွန်သန်စွမ်းအောင် လုပ်ဆောင်ပေးတဲ့ အကာအကွယ်ပစ္စည်းတမျိုးဖြစ်ပါတယ်။

 

မျိုးစေ့လူးဆေး အမျိုးအစားများ (Types of seed treatment)

၁။ မှိုသတ်ဆေးလူးနယ်ခြင်း (Fungicides)

မျိုးစေ့မှာ ကပ်ပါတဲ့ မှိုရောဂါတွေကို သန့်စင်ဖို့အတွက်ဆိုရင် ရေနွေးနွေး (၄၅ ဒီဂရီစင်တီဂရိတ်ခန့်) ပူပူထဲမှာ ၁၀ မိနစ်ကြာ မျိုးစေ့စိမ်ရုံနဲ လုံလောက်ပါတယ်။

သို့ပေမယ့် မြေဆောင်မှိုတွေ (ဖျူဆေရီယံ၊ မြစ်ခြောက်ဆွေး၊ ခါးရိ၊ ပင်ညှိုးရောဂါ) တွေဟာ မြေထဲမှာ နှစ်ရှည်ကြာ ရှိနှင့်နေပြီးသားပါ။ ရာသီဥတုအကြိုက်တွေ့တာနဲ့ သီးနှံပင်ကို ဒုက္ခပေးတာပါပဲ။

ဒါကြောင့် ဖော်ပြပါ မြေဆောင်မှိုတွေကို မျိုးစေ့အပင် ပေါက်လာတာနဲ့အမျှ မတိုက်ခိုက်နိုင်အောင် မှိုသတ်ဆေးတမျိုးမျိုး လူးနယ်ပေးရပါတယ်။

ကျရောက်တဲ့ ရောဂါအလိုက် အသုံးပြုနိုင်တဲ့ မှိုသတ်ဆေးတွေကတော့ ...

Tebuconazole:တက်ဗျူကိုနာဇိုး >> (ဖျူဆေရိယံ ပင်ညှိုးရောဂါကာကွယ်ရန်အတွက်)

* Metalaxyl: (မက်တလက်ဇီး)>> (ဖိုက်တော့သရာရောဂါနဲ့  အပင်ငယ်ခါးရိ အတွက်)

* Thiabendazole: (သိုင်ယာဘင်ဒါဇိုး) >> (ပဲပုတ် ပင်သေရောဂါအတွက်)

* Azoxystrobin:(အဇိုဇီစထိုဘင်) >> (အပင်ငယ်ခါးရိနှင့် မြစ်ခြောက်ဆွေး အတွက်)

* Pyraclostrobin: (ပိုင်ရာကလိုစထိုဘင်)>> (သီးနှံစုံ ၊ မှိုမျိုးစုံအတွက် )

Ipconazole: (အိုင်ပီကိုနာဇိုး)>> (မြေဆောင်မှို/မျိုးစေ့ဆောင်မှိုအတွက်)

၂။ ပိုးသတ်ဆေးအသုံးပြုခြင်း (Insecticides)

နှုန်းထားတွေကတော့ ဆေးအမျိုးအစား/သီးနှံအပေါ်မူတည်ပြီး ထည့်ရပါတယ်။ ယျေဘုယျအားဖြင့်တော့ _ မျိုးစေ့တကီလို/ ဆေး ၄ ဂရမ် နှုန်း ဖြစ်ပါတယ်။

Imidacloprid ( အေမီဒါကလိုပစ်)

- စပါးအပါအဝင် သီးနှံမျိုးစေ့တိုင်းအတွက် မြေအောင်းပိုးများ (ခြ၊ ပုရစ်၊ ကျောက်ပိုး/တီပိုး) အညှောင့်ပေါက်ကို မဖျက်ဆီးနိုင်အောင် အသုံးပြုရပါတယ်။

- အေမိဒါကလိုပစ်ဟာ မြေထဲမှာ ကြာကြာနေနိုင်လို့ ပျိုးပင်ပေါက် ၂၅ - ၃၀ရက်သားအထိ ကာကွယ်နိုင်ပါတယ်။

(မျိုးတတင်းအတွက်/ ဆေး ၁၀၀ ဂရမ် အသုံးပြုပါ။)

* Thiamethoxam (သိုင်ယာမီသိုဇင်)

မြေပဲနဲ့ ပဲမျိုးစုံ၊ နှမ်း၊ နေကြာ အစုံမှာ မြေကြီးထဲက အခွံမာကျိုင်း၊ ပင်ဖြတ်ပိုး၊ ဖိုးလမင်းကျိုင်း၊ ဂျပိုးအုပ်စု၊ ကျိုင်းအုပ်စုများအတွက် သိုင်ယာမီသိုဇင်ကို မျိုးလူးဆေးအဖြစ် အသုံး ပြုကြပါတယ်။ 

(မျိုးစေ့ ၁ ကီလို/ ဆေး ၄ ဂရမ်)

 

၃။ အပင်ကြီးထွားဟိုမုန်းများ (Plant growth regulators(PGR))

နိုက်ထြိုဖီနော၊ naphthalene acetic acid (NAA)၊ Giberellic acid(GA3)  စတဲ့ နှိုးဆွဟိုမုန်းများကို ၁၀၀ % အပင်ပေါက်ကောင်းစေခြင်းငှာ မျိုးစေ့ဆေးစီရင်ရပါတယ်။

အခြားသော မှိုသတ်ဆေး၊ ပိုးသတ်ဆေးများနှင့် ရောနှောအသုံးပြုရာတွင် အချိုးအစားမှန်ကန်ဖို့ အရေးကြီးပါတယ်။ သီးနှံအမျိုးအစားပေါ်မူတည်ပြီး 10PPM/, 20PPM/ 200PPM စသဖြင့် ချင့်ချိန်အသုံးပြုရပါတယ်။

၄။ အဏုဇီဝ ဆေးလူးနယ်ခြင်း (Microbials treatment)

Bio - technology ဇီဝနည်းပညာနဲ့ ထုတ်လုပ်ထားပြီး ဖျူဆေရီယံမှိုအပြင် မြေဆောင်မှိုရောဂါတွေကို ကာကွယ်နှိမ်နင်းနိုင်သလို အပင်အတွက်လည်း စွမ်းအင်ပါဖြစ်စေပါတယ်။

#ထရိုင်ကိုဒါးမား(Trichoderms spp)

- မျိုးလူးဆေးအဖြစ်သုံးနိုင်သလို အပင်စိုက်ပြီးမှ မြေထဲထည့်ပြီးတော့လည်း သုံးနိုင်ပါတယ်။

(သုံးစွဲနည်းစနစ်အသေးစိတ်ကို အစိမ်းရောင်လမ်း စာအုပ်စင်ကဏ္ဍမှာ ရှာဖတ်နိုင်ပါတယ်)

#ရိုင်ဇိုဘီယံ Rhyzobim 

ပဲမျိုးစုံအတွက် မျိုးလူးဆေးအဖြစ် သုံးနိုင်ပါတယ်။ ပဲမြစ်ဖု အရေအတွက်များစေပြီးရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်စေပါတယ်။ (စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းသုတေသနဌာနမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါတယ်။)

 

မျိုးစေ့လူးဆေးသုံးခြင်းရဲ့ အကျိုးအာနိသင်များ (Benefits of seed treatment application)

၁။ အပင်ပေါက်ရာခိုင်နှုန်းများခြင်း

၂။ မျိုးစေ့ လျှော့ချသုံးစွဲနိုင်ခြင်း

၃။ အပင်ပေါက်ညီညာကောင်းမွန်ခြင်း

၄။ အပင် ၂ - ၄ ပတ်အတွင်း ပိုးကျရောက်မှုသက်သာခြင်း( ဆေးဖျန်းအကြိမ်ရေ နည်းခြင်း)

၅။ ဆေးဖိုးကုန်ကျစရိတ်သက်သာခြင်း

၆။ အပင်ငယ်မှ သက်တမ်းတစ်လျှောက် လွတ်လပ်စွာကြီးထွားခွင့်ရလို့ အထွက်နှုန်းတိုးမှုကို အထောက်အကူဖြစ်စေခြင်း။

 

Seed  to seed  ဆိုတဲ့ ‘ မျိုးစေ့မှသည်နောက်မျိုးစေ့အသစ်ဆီ’ ကို စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စဥ်အတွင်း၊ အမှားအယွင်း၊ အပျက်အစီး နည်းနိုင်သမျှနည်းဖို့ဆိုရင် ဘာသီးနှံပဲဖြစ်ဖြစ် မျိုးစေ့ဆေးလူးနယ်ခြင်းဓလေ့ကို မဖြစ်မနေ ပြုလုပ်သုံးစွဲနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

စေတနာများစွာဖြင့်

ပျံလွှား(ပုလဲ)

Ref; https://www.sciencedirect.com/topics/agricultural-and-biological-sciences/seed-treatment

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်