နတ်တော် ပြာသို ကြံဖျားချိုကို သိပ္ပံနည်းကျအဓိပ္ပာယ်ဖွင့်ဆိုချက်..

11/11/2022 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ဟေမာန်ဆောင်းလ အေးမြသောနတ်တော်ပြာသိုကို ရောက်ပြီဆိုလျှင်  မိမိတို့၏ကြံခင်းများတွင် ထိပ်ဖျားပိုင်းအထိ အချိုဒီဂရီတက်လာပေတော့သည်။ အဖျားပိုင်းကို အလွယ်တကူချိုးယူစုတ်ကြည့်ပါက ချိုမြိန်သောသကြားဓာတ်ကို အပြည့်အဝအရသာခံစားနိုင်သည်။

ကောင်းကင်တခွင်မိုးလေကင်းစင်၍ အေးမြခြောက်သွေ့သော ရာသီကာလ၌ သကြားဓာတ်သည် ကြံပင်အရင်းပိုင်းသာမက အဖျားပိုင်းအထိပါ တစ်ပင်လုံးပျံ့နှံ့ဖြန့်ကျက်စုဝေးလာသည်ကို ကြံပင်ရင့်မှည့်လာပြီဟုပြောနိုင်သည်။

အေးမြခြောက်သွေ့ သောရာသီလနှင့်ကြံပင်ရင့်မှည့်မှုသည် မည်သို့ဆက်စပ်ဖြစ်ပေါ်ပါသနည်း။ ကြံဇီဝကမ္မပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း (၆၀) ကျော်မှစ၍ ကြံပင်စည်အတွင်းသကြားဓာတ်စုဝေးရောက်ရှိလာသောဖြစ်စဉ်ကို လေ့လာခဲ့ကြရာ ၁၉၈၀ ခုနှစ်ခန့်တွင် ဘက်ပေါင်းစုံမှ ပြည့်စုံစွာဖေါ်ထုတ်လာခဲ့ကြသည်။ 

ကြံပင်တစ်ပင်လုံး၏အစိတ်အပိုင်းအသီးသီးတွင် စက္ကန့်မလပ် ရွေ့လျားပြောင်းလဲနေသော ရေနှင့်အာဟာရဓာတ်များ၊ သကြားဓာတ်များ၏ ဓာတ်ပြုပြောင်းလဲမှုဖြစ်စဉ်ကို နားလည်လာခြင်းဖြင့်..

  • (၁) ကြံပင်မှ သကြားဓာတ်အများဆုံးရရှိအောင် မည်သို့စိုက်ပျိုးထုတ်လုပ်မည်ဟူသော စိုက်ပျိုးနည်းစနစ်နှင့်
  • (၂) တောင်သူ၏ကြံစိုက်ပျိုးပေးသွင်းမှုနှင့် စက်ရုံ၏သကြားထုတ်လုပ်မှုတို့နှစ်ဖက်အကြား မျှတသောသော အကျိုးအမြတ်ဝေစုကို သဘာဝနိယာမအရခွဲဝေသတ်မှတ်ပေးနိုင်သော ကြံသကြား စက်မှုပေါ်လစီဆိုင်ရာလမ်းညွှန်ချက်ကိုပါ ထုတ်ပြန်ပေးနိုင်ပါမည်။ 

ခွဲခြားနားလည်ထားရန်အချက် 

ကြံပင်၏သက်တမ်း - ရင့်မှည့်မှုနှင့် သကြားဓာတ်ပါဝင်နှုန်းတို့မှာ ဖြစ်စဉ်သဘာဝမတူပါ။ သက်တမ်း (လ) မည်မျှကြာမြင့်ပါစေ စိုစွတ်ပူနွေးသောရာသီ၌ ကြံပင်သည် ရင့်မှည့်လာမည်မဟုတ်ပေ။ သကြားဓာတ် ပါဝင်နှုန်းသည် ကြံမျိုးပြားအလိုက်မတူကွဲပြားသော လက္ခဏာတစ်ခုဖြစ်သည်။ သကြားဓာတ်ပါဝင်မှု မြင့်မားသောကြံမျိုးကို ကြံပင်ရင့်မှည့်မှုကာလမရောက်မီ ခုတ်သိမ်းကြိတ်ဝါးလျှင် ရှိသင့်ရှိထိုက်သော  သကြားဓာတ်ပါဝင်မှုအတိုင်း အပြည့်အဝ သကြားအထွက်နှုန်းကို ရနိုင်မည်မဟုတ်ပေ။ 

အချို့သော ကြံမျိုးသည် အပင်သက်တမ်း ၁၀ လခွဲ နိုဝင်ဘာလတွင် ကောင်းစွာရင့်မှည့်သည်။ ၎င်းကို သက်လျင်ကြံဟု သတ်မှတ်နိုင်သည်။ အချို့ကြံမျိုးမှာအပင်သက်တမ်း ၁၂ လခန့်ရှိပြီး နတ်တော် ပြာသိုလ (ဒီဇင်ဘာလ-ဇန်နဝါရီလ) ကုန်ဆုံးချိန်မှသာ ကောင်းစွာရင့်မှည့်တတ်သည်။ ၎င်းသက်ကြီးကြံမျိုးကို သကြားစက်ရုံက ကြိတ်ဝါးရာသီနောက်ပိုင်း၌ဆိုင်းငံ့ပြီး ခုတ်သိမ်းကြိတ်ဝါးနိုင်သည်။ 

သကြားဓာတ်သိုလှောင်ခန်း

ကြံပင်၏အစာကြောစည်းဆဲလ်များ၏ Vacuole များ၌ သကြားဓာတ်ကိုသိုလှောင်ပါသည်။ ကြံပင်အမြစ်သည် ရေနှင့်အာဟာရဓာတ်ကို မြေမှစုပ်ယူ၍ ရေကြောစီးတလျှောက် အရွက်သို့ပို့သည်။  အရွက်က ‌နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ရာတွင် ကာဗွန် (၆) လုံးပါသော အကြိုသကြားမော်လီကျူးတို့ကို ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အရွက်နှင့်ပင်စည်ရှိ အစာကြောစည်းတလျှောက် အထက်အောက် စုန်ဆန်စီးဆင်းသည်။ ကြံပင်စည်၏ အမြန်လမ်းမကြီးကဲ့သို့သော  အစာကြောစည်းတလျှောက် ကြံသကြားဓာတ် (Sucrose) ဖြစ်ပေါ်စေမည့် ကာဗွန် အက်တမ် (၆) လုံးစီပါသည့် မော်လီကျူးများသည် ကလပ်စည်းဆဲလ်တစ်ခန်းပြီးတစ်ခန်းကို စွမ်းအင်မော်လီကျူးများ၏ ထမ်းပိုးသယ်ယူမှုအကူအညီဖြင့် ဖြတ်သန်း၍ အစာကြောစည်းဆဲလ်များ၏ သကြားသိုလှောင်ခန်းခေါ် Vacuole ထဲသို့ရောက်ရှိလာသည်။ အင်ဗားတေ့စ် ခေါ် အင်ဇိုင်းဓာတ်များက ဝင်လာသော အကြိုသကြားမော်လီကျူးတို့ကို Sucrose ခေါ် ကြံသကြားအဖြစ် ပေါင်းစပ်ပေးလိုက်ပါသည်။ သိုလှောင်ခန်းအပြည့် သကြားဓာတ်များ စုဝေးရောက်ရှိလာတော့သည်။

ကြံပင်စည်၏သကြားချက်လုပ်သောစက်ခန်းများ

ပုံ (က) သည် ကြံရွက်နှင့် ၎င်း၏အတွင်းအင်္ဂါရပ်များဖြစ်သည့် ကာဗိုဟိုက်ဒြိတ်ချက်လုပ်သော ဆဲလ်ကလပ်စည်းများကို ဖေါ်ပြသည်။

ပုံ (ခ) သည်ကြံပင်တလျှောက်ရေကြောစည်းတွင် ရေနှင့်အာဟာရဓာတ်များအောက်မှအထက်သို့ ဆန်တက်နေပုံနှင့် ယှဉ်လျှက်ဖေါ်ပြသောပုံသည် အစာကြောစည်းဖြစ်သည်။ ၎င်းတွင် အရွက်မှ ချက်လုပ်သော သကြားလောင်းလျာ ကာဗိုဟိုက်ဒြိတ်ဓာတ်များ အရွက်နှင့်ပင်စည်ကြား အထက်အောက် အပြန်အလှန် နှစ်လမ်းသွားစီးဆင်းနေသည်ကိုပြသည်။ အသေးစိတ်လှုပ်ရှားမှုအဖြစ်  အစာကြောစည်း ဆဲလ်များ၌ သကြားဓာတ်များရောက်ရှိပုံကို တွေ့နိုင်ပါသည်။

ပုံ (ဂ) သည် ကြံပင်စည်ကိုထိပ်ဝကို ဖြတ်ပိုင်းဖြတ်ထားသောပုံနှင့် ပင်စည်ကို ထက်ဝက်ခြမ်း၍ သုံးဘက်မြင် မြင်ရသော အစာကြောစည်းနှင့် ရေကြောစည်းဆဲလ်တို့၏ တည်နေပုံကို ဖော်ပြနေပါသည်။

ပုံ ( ဃ ) သည် သကြားဓာတ်များ ရွေ့လျားပေါင်းစပ်စုဝေးလာပုံကို ကလပ်စည်းဆဲလ်တစ်ခုအတွင်း အကန့်ငယ် (၃) ကန့်ဖြင့် ဖေါ်ပြထားသည်။ ပထမအကန့်မှာ အစာကြောစည်းဆဲလ်၏ ဆဲလ်နံရံနှင့် ဆဲလ်တစ်ခုနှင့် တစ်ခုစုဖွဲ့ရာ နေရာလပ်များတွင် သကြားလောင်းလျာဖြစ်သော ကာဗွန်အက်တမ် (၆) လုံးစီပါသည့် ဂလူးကို့စ်ခေါ် ဆေးသကြား၊ ဖရက်တို့စ်ခေါ် ပျားရည်သကြားနှင့် ဆူးကရို့စ်ခေါ် ကြံသကြားဓာတ်တို့ ရွေ့ရှားနေပုံကိုဖေါ်ပြသည်။ ကြံသကြားသည် ကာဗွန်အက်တမ် (၁၂)လုံးပါသည်။ ဒုတိယအကန့်တွင် ၎င်းတို့သုံးခု ဆဲလ်နံရံကိုဖြတ်ကာ ဆိုက်တိုပလာဇာခေါ် ဓာတ်ပြုသော အခန်းထဲဝင်ရောက်နေပုံကို ပြထားသည်။ ၎င်းဓာတ်ပြုအခန်း၌ ဆေးသကြားနှင့်ပျားရည်သကြား မော်လီကျူးနှစ်ခုပေါင်းစပ်နိုင်ရန် လိုအပ်သောစွမ်းအင်မော်လီကျူးနှင့် ချိတ်ဆက်ပုံကိုပြနေသည်။

ညအချိန် မီးရောင်တဖျတ်ဖျတ်နှင့် ပိုးစုန်းကျူးတို့လင်းလက်နေသည်မှာ ဖော့စဖိတ်မော်လီကျူး စွမ်းအင်တပ်ဆင်ထားသောကြောင့်ဖြစ်သည်။ ဖော့စဖိတ်သည် စွမ်းအင်ကို ပေးပါသည်။ ၎င်းစွမ်းအင် အချိတ်အဆက်ဖြင့် ဆေးသကြားနှင့် ပျားရည်သကြား မော်လီကျူးနှစ်ခုသည် ပေါင်းစပ်သွားနိုင်ကာ ဆူးကရို့စ်ခေါ် ကာဗွန်အက်တမ် (၁၂) လုံးပါဝင်သည့် ကြံသကြားမော်လီကျူးဖြစ်ပေါ်လာသည်။

၎င်းသည်အရွယ်ကြီးမားသည်။ ပုံ၌ဖေါ်ပြထားသော တတိယအကန့်ဖြစ်သည့် Vacuole ခေါ် သကြားသိုလှောင်ခန်းသည်လည်း သကြားပျော်ဝင်ပစ္စည်းများ ပြည့်လျှံလုနီးပါးဖြစ်နေသည်။ သိပ်သည်းဆနည်းရာ ဒုတိယအကန့်ဓာတ်ပြုအခန်းမှ သိပ်သည်းဆများသည့်တတိယအကန့် ဖြစ်သော သိုလှောင်ခန်းဝင်‌ရောက်ရန် ကြံသကြားမော်လီကျူးသည် ဖော့စဖိတ်စွမ်းအင်ကို ချိတ်ဆက်ရပါသည်။ စွမ်းအင်၏အကူအညီဖြင့် ဂိုဒေါင်အတွင်းဝင်ရောက်လာနိုင်သည်။ ဂိုဒေါင်ထဲရောက်သော် စွမ်းအင်အချိတ်အဆက်ကို ဖြုတ်ချ၍ ကြံသကြားဓာတ်များ အများအပြားစုဝေးရောက်ရှိလာသည်။

ကြံသကြား၏ဖြစ်ပျက်သံသရာ

ဆေးသကြားနှင့်ပျားရည်သကြားမော်လီကျူးနှစ်ခုတို့၏ ပူးတုံခွာတုံဖြစ်စဉ်အရ ကြံသကြားဓာတ် ဖြစ်ပေါ်လာခြင်း သို့မဟုတ် ကြံသကြားမှ ဆေးသကြားနှင့်ပျားရည်သကြားဘဝသို့ ပြန်လည်ပြိုကွဲသွားခြင်းတို့ကို တွေ့ရပါမည်။ ဤဖြစ်ပျက်သံသရာကို မောင်းနှင်နေသည်မှာ အင်ဗားတေ့စ်ခေါ် အင်ဇိုင်းနှစ်မျိုးနှင့် ပတ်သက်နေသည်။ အချဉ်ဓာတ် (pH) ၅ တွင် မြူးတူးသောအင်ဇိုင်းသည် အချဉ်ဓာတ်ကြိုက်သောအင်ဇိုင်း (Acid invertase) ဖြစ်၍ ကြံသကြားဓာတ်ကို ဖြိုခွဲနိုင်သည်။ မချဉ်မငန် (pH)၇  ၌ လှုပ်ရှားသော အင်ဇိုင်းမှာ ကြားနေအင်ဇိုင်း (Neutral Enzyme) ဖြစ်သည်။

ပတ်ဝန်းကျင်ရာသီဥတုသည် အေးမြခြောက်သွေ့လာပြီး ညအပူချိန်သည် ၁၅ ဒီဂရီဆဲလ်ဆီးယပ်စ်အောက်ကို ထိုးကျလာပါက အပင်အထက်ပိုင်းရှိ ကြံရွက်ဖုံးများ၏ ရေဓာတ်ပါဝင်မှုသည် ၈၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသို့ကျဆင်းလာသည်။ ကြံပင်အတွင်း၌ နိုင်ထရိုဂျင် အာဟာရဓာတ်များ ခန်းခြောက်လာသည်၊ မြေအစိုဓာတ် ဆုတ်ယုတ်လာသည် စသော ဖြစ်ရပ်များ ပေါင်းစုံလာလျှင် ကြားနေအင်ဇိုင်းဓာတ်သည် ကြံပင်၏သကြားသိုလှောင်ခန်းအတွင်း၌ နိုးကြားလာသည်။ ရှိသမျှ ဆေးသကြားနှင့် ပျားရည်သကြားမော်လီကျူးတို့ကို ပေါင်းစပ်လိုက်သည်။ ကြံသကြားဓာတ် အများအပြား ဖြစ်ပေါ်လာသည်။

ရာသီဥတုသည် ပူနွေးစိုစွတ်နေသည်၊ မြေအစိုဓာတ်လွန်ကဲနေသည်၊ နေ့အပူချိန်မှာ ၃၅ ဒီဂရီဆဲလ်ဆီးရပ်ခန့်ရောက်လာသည် ဆိုပါက ကြံပင်သည်နိုက်ထရိုဂျင်ဓာတ်များအဝအလင်စားသုံးနေပြီး ကြံဆစ်များအဆက်မပြတ်ရှည်ထွက်နေသည်။ ထိုအခါအချဉ်ဓာတ်ကိုကြိုက်သော အင်ဗားတေ့စ် အင်ဇိုင်းဓာတ်သည် ကြံပင်အတွင်း မြူးကြွလှုပ်ရှားလာသည်။ တွေ့သမျှ ကြံသကြားမော်လီကျူးတို့ကို ဆေးသကြားနှင့် ပျားရည် သကြားဓာတ်အဖြစ် ဖြိုခွဲလိုက်သည်။ ၎င်းတို့သည်အရွယ်အစားသေးသဖြင့် ကြီးထွားနေသောအပင်အတွက် အလွယ်တကူစားသုံးနိုင်ရန်အဆင်သင့်အနေအထားသို့ ရောက်ရှိနေသည်။  ၎င်းတို့သည် ကြံပင်၏ကြီးထွားနေသော အစိတ်အပိုင်းအားလုံးဆီသို့ စီးမျောရွှေ့ပြောင်းသွားကြသည်။ ကြံပင်သည်ကြီးထွားမှု ဆက်လက်ဖြစ်ပေါ်လာသည်။

 

စုငွေနှင့်သုံးငွေ

ကြံပင်အတွင်းသိုလှောင်ခန်းထဲရှိ ကြံသကြားဓာတ်သည် ဘဏ်တိုက်၌အပ်နှံထားသော စုဆောင်းငွေ (Saving money) နှင့် တူသည်။ လိုအပ်သောစုဆောင်းငွေရလျှင် ဘဏ်မှထုတ်သုံးသကဲ့သို့ သကြားဓာတ်အပြည့်အဝစုဆောင်းမိပြီဆိုလျှင် ကြံပင်ကို ခုတ်သိမ်း၍ သကြားချက်ရပေတော့မည်။ လူတို့မခုတ်လျှင် ကြံပင်က သူ့သဘာဝအတိုင်း လိုသလိုဆက်လုပ်ပါလိမ့်မည်။ မိုးကျလာ၍ ရာသီစိုစွတ် ပူနွေးလာလျှင် သိုလှောင်ခန်းထဲရှိကြံသကြားဓာတ်စုဆောင်းငွေကို ထုတ်ယူထုခွဲ၍ ရလာသော ဆေးသကြားနှင့် ပျားရည်သကြားဓာတ်တို့ကိုသုံးစွဲကာ ကြံပင် ၏ အဆောက်အအုံ အင်္ဂါအစိတ်အပိုင်းတို့ကို ဆက်လက်တည်ဆောက်ပါမည်။ ထိုအခါ ကြံပင်သည်ဆက်လက်ကြီးထွားလာမည်။ 

ကြံပင်ရင့်မှည့်မှုသိပ္ပံမှအသုံးချနိုင်သည့်နည်းစနစ်များ

(က) နည်းပညာကဏ္

၁။ နိုက်ထရိုဂျင်အာဟာရဓာတ် (ယူရီးယားမြေဩဇာ) သည် ကြံပင်ကြီးထွားရေးအတွက် အထူးလိုအပ်သော်လည်း ကြံပင်ရင့်မှည့်မှုကို နှောင့်‌နှေးစေသဖြင့် ကြံပင်မခုတ်မီ (၄) လအလိုကတည်းက ယူရီးယားမြေဩဇာကို မထည့်သွင်းသင့်တော့ပါ။ သွင်းရေကိစ္စမှာလည်းအလားတူပင်ဖြစ်သည်။

၂။ မြန်မာနိုင်ငံသည် နွေမိုးဆောင်းဥတုသုံးလီ ပြတ်သားသောရာသီကာလများ ရှိသည်။ ပူနွေးစိုစွတ်ချိန် ကြံပင်ကိုကြီးထွားအောင်လုပ်ပြီး အေးမြခြောက်သွေ့ချိန် ကြံပင်ကို ခုတ်သိမ်းကြိတ်ဝါးလေ့ ရှိသည်။ ဆောင်းရာသီမရှိသော နိုင်ငံများမှာကဲ့သို့ ကြံပင်ကိုနှစ်ပေါက်စိုက်၍ သကြားစက်ကို တစ်နှစ်ပတ်လုံးလည်ပတ်နိုင်သော အခွင့်အလမ်းမရှိပါ။ ၎င်းဖြစ်စဉ်ကို သတိမမူမိသော အာဏာပိုင်များက သကြားစက်များကို နှစ်ပေါက်လည်ပတ်ရန်ညွှန်ကြားလာလျှင် ကြံ၏သဘာဝကို စနစ်တကျရှင်းပြခြင်းဖြင့် မြောက်များစွာသောငွေကြေးဆုံးရှုံးမှုကို ကာကွယ်နိုင်ပါမည်။

(ခ) ကြံသကြားပေါ်လစီကဏ္ဍ

၁။ သကြားစက်ရုံများသည် သကြားဓာတ်ကို ချက်လုပ်နေခြင်းမဟုတ်ပါ။ ကြံပင်ကချက်လုပ်ပြီး ကြံရည်ထဲရှိသကြားဓာတ်ကို စက်ရုံကပုံဆောင်ခဲအဖြစ် ထုတ်နုတ်ခြင်းသာဖြစ်ပါသည်။

တစ်ဖက်ကလည်း ကြံတောင်သူသည် ကြံစိုက်ပျိုး၍ သကြားဓာတ်ချက်လုပ်သောကြံပင်ကို ထုတ်လုပ်သူဖြစ်သောကြောင့် သကြားဓာတ်၏ မူလပိုင်ရှင်အစစ်မှာ ကြံတောင်သူသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြံတောင်သူနှင့် စက်ရုံအကြား ထွက်ရှိလာသောသကြားတန်ဖိုးပေါ်မှ ထုတ်ကုန်ဝေစုကို ခွဲဝေရလျှင် ကြံတောင်သူသည် စက်ရုံထက် ဝေစုနှုန်းပိုရသင့်ပါသည်။

ယခုအခါစက်ရုံများကကြံဝယ်ဈေးကို တိုးမြှင့်ပေးကြပါသည်။ ထိုကြံဝယ်ဈေးနှုန်းတို့သည် တောင်သူနှင့်စက်ရုံအကြားတွင် နိုင်ငံတကာဝေစုခွဲဝေသောနှုန်း ၆၅:၃၅ နှင့် စံကိုက်ရန်လိုပါမည်။ သတိပြုရန်အချက်မှာ စက်ရုံအလိုက်စွမ်းဆောင်ရည်ကွာခြားနေသဖြင့် အဆိုပါစံနှုန်းသည် စက်ရုံအားလုံးနှင့်တပြေးညီဖြစ်ရန် ခက်ခဲနိုင်သည်။ ဤကိစ္စကို ကြံသကြားပေါ်လစီနယ်ပယ်အတွင်း ကြံတောင်သူနှင့်စက်ရုံကိုယ်စားလှယ်များအပြင် သက်ဆိုင်ရာအစိုးရဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းချမှတ်ရမည့်အချက် ဖြစ်ပါလိမ့်မည်။   

စံသိန်း(စိုက်ပျိုးရေး)

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်