ကြံပင်ပေါက် အကောင်းဆုံးရရန်စိုက်ပျိုးနည်း (၁)

01/02/2023 10:50 AM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

အစကောင်းမှအနှောင်းသေချာ

ကြံခင်းတစ်ခင်းထူထောင်ရာတွင် “အစကောင်းမှ အနှောင်းသေချာ” ဆိုသကဲ့သို့ ကြံပင်စတင်စိုက်ပျိုး ကတည်းက အထူးဦးစားပေးဆောင်ရွက်မှသာ စံချိန်မီအထွက်ကောင်းကြံခင်းကို ခုတ်သိမ်းရရှိနိုင်မည် ဖြစ်ပါသည်။

အပင်ပေါက်မညီမညာနှင့် ညံ့ဖျင်းသောကြံပင်ပေါက်များသာထွက်ပေါ်လာလျှင် နောက်ပိုင်းကာလ အပင်ပြုစုမှုဖြင့်မည်မျှပင်အမီလိုက်စေကာမူ ကြံအထွက်မကောင်းနိုင်တော့ချေ။

ထို့ကြောင့်ကြံခင်းတစ်ခုကိုထူထောင်ရာတွင် အဆင့်မီ ချက်ကြံရင့်ကြံချောင်း အများဆုံး ခုတ်သိမ်းရရှိနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်စိုက်ပျိုးချိန်ကတည်းက မည်သို့လိုက်နာဆောင်ရွက်ရမည်ကို ကျိုးကြောင်းပြ သရုပ်ဖော်ပုံများဖြင့် ရှင်းလင်းပြသသွားပေမည်။

ကြံမျက်လုံးဖူး

စီးပွားဖြစ်ကြံစိုက်ပျိုးထုတ်လုပ်ရာတွင်ကြံမျိုးအဖြစ် မျက်လုံးဖူးများပါသော ကြံမျိုးပိုင်းဖြတ်ကိုသုံးရ သည်။

ကြံမျက်လုံးဖူးဟူသည် အညွန့်လောင်း၊ အမြစ်လောင်းတို့ပါဝင်သောပင်စည်ငယ်အသေးစားဟုဆိုနိုင်၍ ကြံဆစ်အပိုင်းဖြတ်တွင် အောက်ပါအတိုင်းတည်ရှိသည်။

ကြံမျိုးပိုင်းဖြတ်

ကြံပင်စည်အဆစ်တိုင်းတွင် မျက်လုံးဖူးသည် အလှည့်ကျပေါက်ထွက်တည်ရှိသည်။ မျက်လုံးဖူးဘေးပတ်လည်၌ အမြစ်ရစ်ရှိ၍ အမြစ်လောင်းအမှတ်ရာများရှိသည်။ အမြစ်ရစ်အထက်၌ ကြီးရစ်ရှိ၍ အောက်တွင်ဖယောင်းလွှာရှိသည်။

အမြစ်လောင်းများ

ကြံမျိုးပိုင်းဖြတ်၏ အမြစ်ရစ်၌ရှိသော အမြစ်လောင်းများသည် အတန်းလိုက်အစီအစဉ်တကျဖြစ်စေ၊ အစီအစဉ်မကျပဲဖြစ်စေ တည်ရှိတတ်သည်။ မျက်လုံးဖူးအနီးတွင် အမြစ်ရစ်သည် ပိုမိုကျယ်ပြန့်၍ အခြားအစွန်း၌ ကျဉ်းသွားသည်။ ကြံပင်စည်အရင်းပိုင်းအမြစ်ရစ်တွင် အမြစ်လောင်းတစ်တန်းတည်းသာ ကျန်ရှိတတ်သည်။ အမြစ်ရစ်တစ်ခုတည်းတွင် အောက်ပိုင်းမှအမြစ်လောင်းသည် အပေါ်ပိုင်းကျကျတည်ရှိသော အမြစ်လောင်းထက် အမြစ်ပေါက်ထွက်မှု ပိုမိုမြန်ဆန်လေ့ရှိသည်။ 

ကြီးရစ်

အမြစ်ရစ်၏အထက်၌ ကပ်လျက်တည်ရှိ၍ ဆဲလ်ပွားများရှည်ထွက်မှုမြန်သောအစိတ်အပိုင်းဖြစ်သည်။ ကြံမျိုးပိုင်းဖြတ်ကို အလျားလိုက် မြေ၌ချထားပါက ကြီးထွားမှုကို လှုံ့ဆော်သော ဟော်မုန်းဓာတ်သည် မြေနှင့်ကပ်သောပင်စည်အောက်ပိုင်းကို စုဝေးလာတတ်ပြီး ကြီးရစ်အောက်ပိုင်းမှ တိုးရှည်ထွက်နှုန်းမြန်လာကာ ပင်စည်ဆစ်ကြားပိုင်းသည် အပေါ်ထောင်ထွက်လာစေသည်။ အမြစ်ရစ်မှ အမြစ်များလည်း လျင်မြန်စွာထွက်လာသည်။ ကြံပင်စည်ကို ဒေါင်လိုက်စိုက်ပါက လှဲစိုက်သကဲ့သို့ကွေးကောက်ခြင်းမဖြစ်ပေ။ ဤအဖြစ်မျိုးကိုကြံနှင့်အမျိုးအနွယ်တူသော မာကာမြက်၊ ကိုင်းမြက်တို့၌ ပိုမိုထင်ရှားစွာတွေ့ရသည်။

ကြံပင်စည်

ကြံမျိုးပိုင်းအဖြစ်အသုံးပြုနိုင်သောကြံပင်စည်တစ်ခုလုံးကို လေ့လာကြည့်ပါက အရင်းပိုင်း၌ အဆစ်စိပ်၍ လုံးပတ်တုတ်ကာ အပေါ်ပိုင်းရောက်လေလေ ဆစ်ကြားပိုင်းရှည်လာလေဖြစ်သည်။ အဖျားပိုင်းရောက်သော် အဆစ်စိပ်သွားသည်။ အရင်းပိုင်းအဆစ်များစိပ်ခြင်းဖြင့် မျက်လုံးဖူးများ အထက်အောက်ပူးကပ်နေကာ ပင်ပွားများ စုစုစည်းစည်းပေါက်ထွက်စေနိုင်သည်။

အရင်းပိုင်းသည် ကြံသကြားဓာတ် (ဆူးကရိုးစ်) ကြွယ်ဝ၍ အပေါ်ပိုင်းတလျှောက် သကြားဓာတ် လျော့နည်းလိုက်လာသည်။ အဖျားပိုင်းသည် ကြံသကြားဓာတ် (ဆူးကရိုးစ်) နည်း၍ ဆေးသကြားဓာတ် (ဂလူးကို့စ်)၊ နိုက်ထရိုဂျင်နှင့် အစိုဓာတ်အများအပြားပါဝင်သည်။ စက်ရုံအတွက် အဖျားပိုင်းသည် သကြားထုတ်ရန်အသုံးမဝင်သော်လည်း အပင်စိုက်ရာ၌ အထူးအသုံးဝင်သည်။ 

ကြံပင်စည်အဖျားပိုင်းရှိ ဩဇာဓာတ်များ

ကြံပင်စည်အဖျားပိုင်းတွင် ဂလူးကို့စ်ဓာတ်အထူးကြွယ်ဝသည်။ ကစီဓာတ်သည် အဆစ်နေရာဆဲလ်များ ၌ စုဝေးတည်နေသည်။ နိုက်ထရိုဂျင်ဓာတ်သည် ထိပ်ဖျားပိုင်းရောက်လေလေ ပါဝင်မှုများလေလေဖြစ် သည်။ အစိုဓာတ်၊ ဂလူးကို့စ်ဓာတ်နှင့် နိုက်ထရိုဂျင်ဓာတ်များပါက အပင်ပေါက်ကောင်းသည်။ ထို့ကြောင့် အဖျားပိုင်းကိုစိုက်ပျိုးလျှင် အောင်မြင်မှုပိုမိုရရှိသည်။ 

မျက်လုံးဖူးအတွင်းရှိ ဩဇာဓာတ်များ

ကြံမျက်လုံးဖူးပတ်ပတ်လည်၌ ဂလူးကိုစ့် (ဆေးသကြားဓာတ်) အများအပြားစုဝေးတည်ရှိ၍ ကြံပင်သစ်လေးပေါက်ထွက်လာချိန်၌ အပင်လောင်းက စားသုံးလိုက်သဖြင့် ဂလူးကိုစ့်ဓာတ် လျော့နည်းသွားသည်။

ဂလူးကိုစ့်သည် အပင်ပေါက်ခြင်းဖြစ်စဉ်ကို တိုက်ရိုက်ပံ့ပိုးပေး၍ အချို့သော ဂလူးကိုစ့်တို့ကိုမူ ကစီ ဓာတ် (Starch) အဖြစ်အသွင်ပြောင်း၍ ယာယီသိုလှောင်ထားတတ်သည်။ စိုက်ပျိုးပြီးတစ်ရက်နှစ်ရက်အတွင်း ကစီဓာတ်သည် အပင်လောင်းအတွင်းပေါ်ပေါက်လာ၍ ဂလူးကိုစ့်ဓာတ်များလာသောအခါတွင် ကစီဓာတ် လျော့နည်းသွားသည်။ ဆဲလ်ကွဲပွားမှုဖြစ်စဥ်များသောအစိတ်အပိုင်း၌ ပရိုတင်းနှင့်ကစီဓာတ်များ၍ ဂလူးကိုစ့်ဓာတ်နည်းပါးကာ ဆဲလ်ရှည်ထွက်မှုများသောနေရာ၌ ကစီဓာတ်နည်း၍ ဂလူးကိုစ့်ဓာတ်များတတ်သည်။

ကြံဖူး(ထိပ်ဖျားပိုင်း)

ကြံချောင်း၏ထိပ်ဖျားပိုင်း (တိုးရှည်စွန်း)သည် အရွက်နုများဖြင့် ဖုံးအုပ်နေကာ အတွင်းသားသည်အလွန်နုနယ်သဖြင့်ကြံဖူးဟု ခေါ်လေ့ရှိသည်။

ကြံဖူး(ထိပ်ဖျားပိုင်း)ရှိ အဆစ် (၁၀)သည် အထူးသေးငယ်၍ တစ်ခုနှင့် တစ်ခုကပ်နေကာ အဆစ်အားလုံးပေါင်းပါမှ တစ်စင်တီမီတာသာရှည်သည်။ ၎င်းကိုကြံမျိုးအဖြစ် သုံးလေ့မရှိပေ။ ကြံခုတ်ရာ၌ ပယ်ထားသောထိပ်ဖျားကို ကျွဲနွားစာအဖြစ် သုံးလေ့ရှိသည်။

ကြံပင်ပေါက်ခြင်း

ကြံမျိုးပိုင်းဖြတ်ကိုမြေတွင်ချစိုက်လျှင် မျက်လုံးဖူးသည် နိုးကြားလာ၍ ၎င်း၏အရွက်လောင်းနှင့် တိုရှည်စွန်းတို့ ကြီးထွားလာမှုမှ အပင်သစ်ဖြစ်လာ၍ အမြစ်ရစ်ရှိအမြစ်လောင်းမှ အဆစ်မြစ် (Sett roots) ထွက်လာသည်။ အပင်သစ်အောက်ခြေအဆစ်မှ သားတက်အမြစ် (Shoot roots) များ ဆက်လက်ထွက်ပေါ်လာသည်။

မျက်လုံးဖူးမှကြံပင်ပေါက်ခြင်းအဆင့်ဆင့်

ပင်ဖျားကြီးစိုးမှု

မျက်လုံးဖူးသည် ကြံပင်စည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပုံမှန်တည်ရှိနေသေးသရွေ့ အပင်ထိပ်ဖျား၏ ဖိနှိပ်မှုကိုခံနေရကာ အောက်ခြေမျက်လုံးဖူးများသည် နိုးကြားမှုမရှိပေ။ ဤသဘာဝကို ပင်ဖျားကြီးစိုးမှု (Apical Dominance) ဟုခေါ်သည်။

ကြံပင်ထိပ်ဖျားပန်းပွင့်လာခြင်း၊ ခေါင်ညွန့်ထိုးပိုးကျလာခြင်း၊ ထိပ်ပိုင်းဖြတ်ခံရခြင်းတို့ကြုံလာလျှင် ပင်ဖျားကြီးစိုးမှုသဘာဝပျက်၍ ၎င်းနှင့်ကပ်လျက် အောက်ခြေမျက်လုံးဖူးသည် စတင်နိုးကြားလာပြီး အပင်ပေါက်လာသည်။

အထက်မျက်လုံးဖူးအပင်မပေါက်မချင်း အောက်တဆင့်ရှိမျက်လုံးဖူးကို ဆက်လက်ဖိနှိမ်ထားတတ်ပြန် သည်။

ပင်စည်ထိပ်ဖျားရှိအနုဆုံးမျက်လုံးဖူးမှ ပင်ဖျားကြီးစိုးမှုအားအကောင်းဆုံးဖြစ်၍ အလယ်နှင့် အောက်ပိုင်းဖြတ်တို့၌ လျော့နည်းလေ့ရှိသည်။

အပင်သစ်နှင့်အဖျက်အန္တရာယ်

ကြံပင်‌ပေါက်ခြင်းဟူသည် မျက်လုံးဖူးမှအပင်ငယ်လေးပေါက်ထွက်ရေးဖြစ်စဉ်နှင့် ကြံမျိုးပိုင်းဖြတ်အား မြေတွင်းအောင်းပိုးမွှားရောဂါတို့၏ ဖျက်ဆီးခြင်းဖြစ်စ​ဉ်နှစ်ရပ်၏ အားပြိုင်မှုဟုဆိုနိုင်သည်။

သကြားဓာတ်ကြွယ်ဝသော ကြံမျိုးပိုင်းဖြတ်အား မြေတွင်ချစိုက်လိုက်သည်နှင့်တပြိုင်နက် အင်းဆက်နှင့်ရောဂါပိုးတို့လာရောက်ဖျက်ဆီးနိုင်ချေ ရှိသည်။ အပင်ပေါက်အခြအနေကို ကောင်းစွာဖန်တီး မပေးနိုင်လျှင် ပိုးနှင့်ရောဂါများကျကာ မျိုးပိုင်းပုတ်သွားမည်။

မြေတွင်းအောင်းဖျက်ကောင်နှင့်ရောဂါပိုးတို့ဝင်ရောက်မတိုက်ခိုက်မီ အပင်ပေါက်ကောင်းရန်စီစဉ်ဖန်တီးပေးနိုင်မှသာ သီးခြားလွတ်လပ်စွာရပ်တည်နိုင်သော အပင်သစ်တစ်ပင်ကို ရလာနိုင်ပေမည်။

(အပိုင်း ၂/၃ များကိုဆက်လက်ဖေါ်ပြပါမည်။)

စံသိန်း (စိုက်ပျိုးရေး)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်