ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၇)

20/03/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

၁၂။ တွေ့ကြုံနိုင်သော အခက်အခဲများ

တီလားပီးယားငါးများကို မြေသားကန်ဖြင့် မွေးမြူရာတွင် တွေ့ကြုံရလေ့မရှိသော(သို့မဟုတ်) အဖြစ်နည်းသော သီးသန့်အခက်အခဲများကို လှောင်အိမ်ဖြင့် မွေးမြူကြသည့် ငါးမွေးတောင်သူများ တွေ့ကြုံနိုင်ပါသည်။

(က) ပိုက်လှောင်အိမ်များကို စုတ်ပြဲစေခြင်း

ပိုက်လှောင်အိမ်များကို စုတ်ဖြဲ၍ လှောင်အိမ်မှ လွတ်ထွက်သွားခြင်းကို တီလားပီးယားငါးများ မွေးမြူရာ၌ ဖြစ်လေ့ဖြစ်ထနည်းပါသည်။ ထိုကဲ့သို့ ပိုက်လှောင်အိမ်များ စုတ်ပြဲရသည့် အကြောင်း ရင်းမှာ သားစားရေသတ္တဝါများဖြစ်သော ငါးရံ့အကောင်ကြီးမျိုးများ၊ မိကျောင်းများ၊ ကိုက်တတ် သော ရေငန်လိပ်များ အစရှိသည်တို့မှ ကိုက်ဖြတ်ခြင်းကြောင့် ဖြစ်ပါသည်။

၎င်းသတ္တဝါများသည် လှောင်အိမ်အတွင်း၌ အစာများရှိသည်ကို လျင်မြန်စွာသင်ယူသိရှိပြီး ၎င်းတို့၏သွားများဖြင့် ပိုက်များကို ကိုက်ဖြတ်ခြင်းပြုလုပ်နိုင်ပါသည်။ ထိုကဲ့သို့ ပြုလုပ်နိုင်စွမ်းကို ၎င်းတို့မှ တစ်ကြိမ်မှတ်ယူသိရှိပြီးနောက် လှောင်အိမ်တစ်ခုမှ အခြားတစ်ခုသို့ ဆက်လက်ပြီး ကြီးမားစွာ ဖျက်ဆီးပစ်နိုင်ပါသည်။

မွေးမြူဧရိယာတစ်ခုလုံး(သို့မဟုတ်)လှောင်အိမ်အစုအဖွဲ့ တစ်ခုလုံးကို သားစားရေနေသတ္တဝါများမှ ပိုက်ကိုစုတ်ဖြဲတတ်သောအန္တရာယ်မှကာကွယ်နိုင်ရန် ကြီးမားကျယ်ပြန့်၍ ထူသောပိုက်များဖြင့် ကာရံထားခြင်းသည်သာ သားစားသတ္တဝါများ၏ အန္တရာယ်မှ ထိန်းချုပ်ကာကွယ်နိုင်သော အာမခံနိုင်သည့် နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ 

မြစ်များအတွင်း လှောင်အိမ်ဖြင့်ငါးမွေးမြူသူများ တစ်ခါတရံ တွေ့ကြုံရသောပြဿနာတစ်ရပ်မှာ ငါးပူတင်းငါးများမှ လှောင်အိမ်ပိုက်များကို ကိုက်ဖြတ်ခြင်း ဖြစ်သည်။ ယင်းကြောင့် မွေးမြူထားသောငါးများကို လွတ်ထွက်စေပြီး မလွှဲမရှောင်သာသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။

အရည်အသွေးမြင့် ပေါ်လီပရိုပယ်လင်းပလတ်စတစ်သား ပိုက်များ(Polyprophylene plastic) ကို အသုံးပြုခြင်းဖြင့်တော့ အဆိုပါပြဿနာကို လျှော့ချနိုင်ကြောင်း သိရသည်။

ပို၍ကြီးမားပြီး ရေစီးပြင်းသောမြစ်များအတွင်း၌ မြစ်ကြောင်းတစ်လျှောက် ရေပေါ်မျောလာသော အမှိုက်များသည် လှောင်အိမ်များကို ပျက်စီးစေနိုင်ပါသည်။ လှောင်အိမ်များ၏အဆုံး မြစ်ညာဘက်အပိုင်းတွင် ရေထဲသို့ တစ်ဝက်မြုပ်နေသော လမ်းကြောင်းလွှဲကို ဗွီပုံ(V shaped) တည်ဆောက်ထားခြင်းဖြင့် အဆိုပါပြဿနာအခက်အခဲကို သိသိသာသာ လျော့ကျစေနိုင်ပါသည်။

(ခ) သူခိုးအန္တရာယ်

ငါးမွေးလှောင်အိမ်များသည် များသောအားဖြင့် အများပြည်သူအသုံးပြုသော ရေကြောင်းနေရာများ၌ တည်ရှိတတ်ပြီး တန်ဖိုးကြီးငါးများ ပိုက်လှောင်အိမ်အတွင်း၌ ရှိသဖြင့် အလွန်လွယ်ကူစွာဖမ်းယူနိုင်ပါသည်။ ယင်းအခြေအနေကြောင့် သူခိုးခိုးသည့် ဘေးအန္တရာယ်များစွာ ရှိပါသည်။

လှောင်အိမ်ဖြင့် မွေးမြူမည့်နေရာ ရွေးချယ်ခြင်းသည် များစွာအရေးကြီးပြီး မွေးမြူသူအများစုသည် ၎င်းတို့ပိုင်ဆိုင်သော (သို့မဟုတ်) ငှားရမ်းထားသော မြေယာအနီး မြစ်ချောင်းတစ်လျှောက်တွင် မွေးမြူလေ့ရှိကြပါသည်။

လုံခြုံရေးအတွက် အလင်းရောင်ရရှိစေရန် လျှပ်စစ်မီးများကို တပ်ဆင်ပြီး ငါးမွေးလှောင်အိမ်နှင့် အနီးဆုံး၌ ဝန်ထမ်းများလည်း နေထိုင်သင့်ပါသည်။ ကြီးမားသောမြစ်ကြီးများအတွင်း၌ တည်ဆောက်ထားကြသော ငါးမွေးလှောင်ကန်များအတွက်မူ အခြားသော ဖြေရှင်းရန် နည်းလမ်းတစ်ရပ်ကတော့ လုပ်သားများနေထိုင်ရန် ဖောင်ပေါ်တွင် ပေါ့ပါးသော ရေပေါ်ဖောင်အိမ် တည် ဆောက်နေထိုင်စေခြင်း ဖြစ်ပါသည်။ အနီးအနားအိမ်ရာများမှ လျှပ်စစ်မီးရယူတပ်ဆင်နိုင်ပြီး အများစုကတော့ ဘက်ထရီမီးများ အသုံးများကြပါသည်။

(ဂ) ငါးရောဂါ

လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းနှင့် စပ်လျဉ်း၍ ဇီဝလုံခြုံမှု လုံးဝမရှိနိုင်ပါ။ မွေးမြူမည့်ငါးကို သဘာဝရေပြင်တွင်ထားရှိသောလှောလှောင်အိမ်ဖြင့် မွေးမြူရသဖြင့် အခြားရှိနေသော သဘာဝငါးရိုင်းများတွင် ဖြစ်ပွားနေသော မည်သည့်ရောဂါပိုးမဆို မွေးမြူသောငါးများကို ကူးစက်နိုင်မည်ဖြစ်ပါသည်။

ရောဂါကျရောက်နေသောငါးများကို မည်သည့်ကုသခြင်းလုပ်သည်ဖြစ်စေ သဘာဝငါးများမှ ရောဂါများပြန်လည်ကျရောက်နိုင်သောကြောင့် ပြဿနာဆက်ရှိနိုင်ပါသည်။

ရောဂါများသည် လှောင်အိမ်တစ်လုံးမှ အခြားတစ်လုံးသို့လည်း လွယ်ကူစွာကူးစက်နိုင်ပါသည်။ကံကောင်းထောက်မသည်ကတော့ တီလားပီးယားငါးမျိုးများသည် ကိုယ်ခံအားကောင်းသော ငါးမျိုး မဟုတ်သော်လည်း ရောဂါဒဏ်ခံနိုင်ရည်အလွန်ရှိသော ငါးမျိုးဖြစ်နေခြင်းဖြစ်သည်။

ငါးများအရွယ်ငယ်စဉ်တွင် ပြင်ပကပ်ပါးရောဂါများ အဖြစ်များတတ်ပြီး ပူပြင်းသောရာသီနှင့် မိုးရာသီအစောပိုင်းကာလများတွင်တော့ Streptococcus ပိုးသည် အဖြစ်များသောရောဂါ ဖြစ် ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန

ယခင်အပိုင်းများကို ဖတ်ရှုလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၁)

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage

ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၂)

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage_2

ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၃)

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage_3

ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၄)

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage_part_four

ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၅)

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage_5

ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၆)

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage_6

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်