တီလားပီးယားငါး စနစ်တကျသားပေါက်ထုတ်လုပ်နည်း (၁)

23/12/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

၁။ တီလားပီးယားသားပေါက်ထုတ်လုပ်ရန် လိုအပ်ချက်များ

တီလားပီးယားသားပေါက်ထုတ်လုပ်ရန်အတွက် အခြေခံလိုအပ်ချက်များမှာ-

  • (က) လုံလောက်သော မျိုးငါးအရေအတွက်ကို ထိန်းထားရန်နှင့် မွေးမြူပြုစုထားရှိရန်အတွက် မြေသားကန်နှင့် အုတ်ကန်များ၊
  • (ခ) သားဖောက်ရန်အတွက် ပိုက်လှောင်အိမ်၊ အုတ်ကန် (သို့မဟုတ်) ဖိုင်ဘာရေလှောင်ကန်များ၊မြေသားကန်များ၊
  • (ဂ) သားလောင်းနှင့် သားပေါက်ပြုစုရန်အတွက် ပိုက်လှောင်အိမ်၊ အုတ်(သို့မဟုတ်) ဖိုင်ဘာရေလှောင်ကန်များ၊ မြေသားကန်များ၊ 
  • (ဃ) ငါးသားပေါက်များ မဖြန့်ဖြူးမီ ဖမ်းဆီးကိုင်တွယ်ရေတွက်မှုဒဏ်မှ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ငါးသားပေါက်များ ကျင့်သားရစေရန် ပိုက်လှောင်အိမ်နှင့် အုတ်ရေလှောင်ကန်များ၊
  • (င) ရေလည်စနစ်ဖြင့် ငါးသားဖောက်ခြင်းစနစ်(အသုံးပြုနိုင်မည်ဆိုပါက)
  • (စ) ရေဖြည့်တင်းမှု(သို့မဟုတ်)ရေပေးစနစ်၊
  • (ဆ) လေပေးစနစ်(အသုံးပြုနိုင်မည်ဆိုလျှင်)
  • (ဇ) ဇလုံ၊ ရေပုံး၊ ရေခွက်များ၊
  • (စျ) ငါးသားပေါက်ဆွဲပိုက်များ၊ ဒိုင်းဝန်းများ၊ သားပေါက်များ အရွယ်ခွဲသည့်ပုံးနှင့် ဆန်ကာများ၊
  • (ည) ငါးသားပေါက်ငါးသန်အရွယ်နှင့် ငါးဖျန်းအရွယ်များကို ချိန်တွယ်နိုင်မည့်ချိန်ခွင်ကောင်းကောင်းတစ်ခု၊
  • (ဋ) ငါးသားပေါက်များ ထုပ်ပိုးမည့် အသုံးအဆောင်ပစ္စည်းများ(လေအိုး၊ လေပိုက်၊ ပလတ်စတစ်၊သားရေကွင်း၊ ငါးသားပေါက်ချိန်ခွင်၊ ဖော့ပုံး(သို့မဟုတ်)ကတ္ထူစက္ကူပုံး၊
  • (ဌ) ငါးသားပေါက်များ ထုပ်ပိုးခြင်းနှင့် တင်/ချ ပြုလုပ်မည့်နေရာ

စသည်တို့ လိုအပ်ပါသည်။

၂။ မျိုးငါးကန်

  • (က) တီလားပီးယားမျိုးငါးကန်သည် ရေရယူနိုင်သော ရေအရင်းအမြစ်နှင့် နီးသောနေရာတွင် ရှိရပါမည်။
  • (ခ) ၎င်းကန်သည် ရေသွင်းရေထုတ်ပြုလုပ်ရန် အဆင်ပြေလွယ်ကူပြီး ဆိတ်ငြိမ်သောပတ်ဝန်းကျင်နှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူအဆင်ပြေသောနေရာ ဖြစ်ရပါမည်။ 
  • (ဂ) ယေဘုယျအားဖြင့် တီလားပီးယားသားဖောက်မည့် မြေသားကန်သည် ဧရိယာအနေဖြင့် ၁၄၀၀-၄၀၀ဝ မီတာ ပတ်လည်ခန့် (၀.၃၅ ဧကအရွယ်မှ ၀.၉၉ ဧက) ရှိရပါမည်။
  • (ဃ) မျိုးငါးများထည့်သွင်းပြီးနောက် များမကြာမီ ကန်ရေအနက်ကို(၁.၄-၁.၅)မီတာ ထည့်သွင်းဖြည့်တင်းပြီးထိန်းထားပါက ပိုမိုကောင်းမွန်ပါသည်။
  • (င) မိတ်လိုက်ဥချသားပေါက်ချိန်တွင် ကန်ရေအနက်ကို (၀.၈-၁.၅)မီတာအနက်သို့ လျှော့ချရပါမည်။သို့သော် နွေရာသီအပူချိန်မြင့်မားသော ကာလအတွင်း ကန်ရေအနက်ကို (၁.၂-၁.၄)မီတာသို့ ဖြည့်တင်းမြှင့်တင်ထားပါက ကောင်းမွန်ပါသည်။
  • (စ) ကန်ပုံစံသည် စတုဂံပုံဖြစ်ရမည်ဖြစ်ပြီး တောင်-မြောက် တန်းလျက်ရှိသောကန်ဘောင်ထက် အရှေ့-အနောက်တန်းနေသော ကန်ဘောင်က ပိုမိုရှည်ရမည်ဖြစ်ပါသည်။
  • (ဆ) မျိုးငါးများ အသိုက်ပြုလုပ်ခြင်းနှင့် ဥချခြင်းပြုလုပ်နိုင်ရန် ကန်ရေအနက်သည် ကန်ဘောင်နှင့် နီးကပ်သည့်နေရာတွင် တိမ်ရမည်ဖြစ်သည်။
  • (ဇ) ကန်၏အောက်ခြေမျက်နှာပြင်သည် ပြန့်ဖြူးညီညာ၍ ကန်အလယ်သို့ ချိုင့်ဝင်နေသောအနေအထား ရှိရပါမည်။
  • (စျ) ကန်အောက်ခြေအနည်များသည် နုန်းမြေ(သို့မဟုတ်) သဲနုန်းမြေ အမျိုးအစားဖြစ်ရပါမည်။
  • (ည) ကန်အတွင်းဘက်ကန်ဘောင်နှင့် နီးကပ်သောနေရာ ရေတိမ်ပိုင်းတွင် မြက်ရိုင်းများပေါက်နေပါက ငါးသားပေါက်များ ပိုက်ဆွဲဖမ်းဆီးရာတွင် အဆင်မပြေမှုများ ဖြစ်နိုင်ပါသည်။

၃။ သားဖောက်ခြင်းပြုလုပ်ရန် မြေသားကန်၊ အုတ်ကန် (သို့မဟုတ်) ပိုက်လှောင်အိမ်

  • (က) တီလားပီးယားသားဖောက်ခြင်းပြုလုပ်မည့် မြေသား - ကန်များသည် ရေအရင်းအမြစ်နှင့် နီးကပ်သောနေရာတွင် တည်ရှိရမည်ဖြစ်ပြီး မျိုးငါးကန်များ၊ ပြုစုကန်များတို့နှင့် နီးကပ်သောနေရာတွင် ရှိရမည်ဖြစ်သည်။
  • (ခ) ပတ်ဝန်းကျင်ဆိတ်ငြိမ်ပြီး သယ်ယူပို့ဆောင်ခြင်း အဆင်ပြေသည့်နေရာ၊ ရေသွင်းရေထုတ်ပြုလုပ်ရန် အဆင်ပြေသည့်နေရာဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။
  • (ဂ) ယေဘုယျအားဖြင့် တီလားပီးယားသားဖောက်မည့် မြေသားကန်ဧရိယာအကျယ်အဝန်းသည် ၁၀၀၀-၄၀၀၀ မီတာပတ်လည်ခန့် (၀.၂၅ ဧကအရွယ်မှ ၀.၉၉ ဧက)ရှိရပါမည်။
  • (ဃ) ကန်အရွယ်ကြီးလွန်းခြင်း(သို့မဟုတ်)သေးငယ်လွန်းခြင်းဖြစ်ပါက သားပေါက်များပြန်လည်ဖမ်းယူခြင်း (သို့မဟုတ်) ကန်ရေအရည်အသွေး ပြုပြင်ထိန်းသိမ်းစီမံခန့်ခွဲရန် အဆင်မပြေနိုင်ပါ။
  • (င) မိတ်လိုက်ဥချသားပေါက်ချိန်တွင် ကန်ရေအနက်ကို (၀.၈ - ၁.၅) မီတာအနက်တွင် ထိန်းထားနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ သို့သော် နွေရာသီအပူချိန်မြင့်မားသောကာလအတွင်း ကန်ရေအနက်ကို (၁.၂-၁.၄)မီတာသို့ ဖြည့်တင်းမြှင့်တင်ထားပါက ကောင်းမွန်ပါသည်။
  • (စ) ကန်ပုံစံသည် စတုပံပုံဖြစ်ရမည်ဖြစ်ပြီး တောင်-မြောက်တန်းလျက်ရှိသော ကန်ဘောင်အလျားထက် အရှေ့-အနောက်တန်းနေသော ကန်ဘောင်အလျားက ပိုမိုရှည်ရမည်ဖြစ်ပါသည်။
  • (ဆ) မျိုးငါးများ အသိုက်ပြုလုပ်ခြင်းနှင့် ဥချခြင်းပြုလုပ်နိုင်ရန် ကန်ရေအနက်သည် ကန်ဘောင်နှင့် နီးကပ်သည့်နေရာတွင် တိမ်ရမည်ဖြစ်သည်။
  • (ဇ) ကန်၏ အောက်ခြေမျက်နှာပြင်သည် ပြန့်ဖြူးညီညာ၍ ကန်အလယ်သို့ ချိုင့်နေသော အနေအထားရှိရပါမည်။
  • (စျ)ကန်အောက်ခြေအနည်များသည် နုန်းမြေ(သို့မဟုတ်)သဲနုန်းမြေ အမျိုးအစား ဖြစ်ရပါမည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

Ref; ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော အချက်အလက်များ။

(အပိုင်း-၂ တွင် သားဖောက်ရုံ၊ ငါးသားပေါက်ပြုစုခြင်းနှင့် ငါးဖျန်းအရွယ်မွေးမြူခြင်း စသည်တို့ကို ဆက်လက်ဖော်ပြပေးပါမည်။)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်