ခရမ်းလွန်ရောင်ခြည်များ မြင့်တက်လာနေပြီဖြစ်၍ သတိပြုရန်လိုအပ်

23/03/2023 16:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခုရက်ပိုင်းအတွင်း ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများမြင့်တက်လာပြီး မနက်ဖြန် မတ် ၂၄ ရက် မှာတော့ မွန်းလွဲပိုင်းမှာ အလွန်အန္တရာယ်ရှိအဆင့်ကို ရောက်နိုင်တာဖြစ်လို့ အပြင်ထွက်မယ်ဆို အကာ အကွယ်များနဲ့ထွက်သင့်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်က သတိပေးပါတယ်။

နွေရာသီဝင်ရောက်လာမှုနဲ့အတူ အပူချိန်တွေလည်းမြင့်တက်လာပြီး နေရောင်ခြည်တိုက်ရိုက်ကျတဲ့နေ့ တွေမှာ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေလည်း ရှိနေတာပါ။ ဒီလိုခရမ်းလွန်ရောင်ခြည်မြင့်တက်မှု တွေဟာ ဘယ်လောက်အထိဖြစ်နေလဲ၊ ဘယ်ဒေသတွေမှာ အမြင့်ဆုံးဖြစ်မလဲ၊ အပူချိန်မြင့်တက်မှုနဲ့ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုဟာ တိုက်ရိုက်သက်ဆိုင်မှုရှိလားဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

#ဒီရက်ပိုင်း ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုအနေအထားတွေ ဘယ်လိုရှိနိုင်လဲ?

“ ဒီနေ့အနေအထားအရဆိုရင်တော့ အရမ်းမပြင်းဘူး။ မြင့်တော့မြင့်တယ်ပေါ့။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၇ လောက်ပဲရှိတယ်။ မနက်ဖြန် ၂၄ ရက်နေ့မှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက အမြင့်ဆုံး ၁၁ လောက်အထိ (အလွန်အန္တရာယ်ရှိအဆင့်) ကိုရောက်မှာ။ အဲ့ဒါက ရန်ကုန်တိုင်းပါမယ်။ နောက်ပြီး ဟင်္သာတအောက် ဘက် ဧရာဝတီတိုင်းတစ်ခုလုံးပါမယ်။ နောက်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တစ်ခုလုံးလည်းပါမယ်။ အဲ့ဒီဟာက ဟိုးဘက် ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ ခရမ်းလွန်ရောင်ခြည် မြင့်တဲ့ အနေအထားဖြစ်နေတာ" 

" နောက် ပြည်လောက်ကစပြီး အထက်ပိုင်းမှာကျတော့ Index 11 (အညွှန်းကိန်း ၁၁) ထိတော့ မရောက် ဘူး။ Index 10 (အညွှန်းကိန်း ၁၀) ကိုရောက်သွားတယ်။ ဆိုတော့ သူကလည်း မြင့်တော့မြင့်တယ်။ အဲ့ဒီတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ ခရမ်းလွန်ရောင်ခြည်ပြင်းတဲ့အနေအထားကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ လွတ်တဲ့နေရာဆိုလို့ စစ်ကိုင်းတိုင်းမြောက်ပိုင်း ခန္တီးအထက်ပိုင်းလောက်ပဲ။ အဲ့ဒီမှာကတော့ Index 5 (အညွှန်းကိန်း 5) လောက်ပဲပြတယ်။ ကချင်ပြည်နယ်တောင်မှ မြစ်ကြီးနားအထက် တနိုင်းရဲ့အထက်ပိုင်းနေရာလောက်ပဲလျော့တယ်။ Index 7 လောက်ပဲရှိတယ်။ မြစ်ကြီးနားလို နေရာမျိုးမှာတော့ Index 8 လောက်ထိရှိလို့ သိပ်တော့မနည်းဘူး။ ရှမ်းပြည်နယ်ဘက်ဆိုလည်း မိုင်းရှူး၊ လားရှိုးဘက်တွေမှာ ၈ လောက်ပဲရှိပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်းလောက်မှာကျ ၉၊ ၁၀ လောက်ရှိမှာ။ တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ မြင့်မှာပဲ” 

#ဒီလိုခရမ်းလွန်ရောင်ခြည်မြင့်တက်လာမှုတွေက အပူချိန်မြင့်တက်လာတာတွေနဲ့ သက်ဆိုင်နေတာ လား?

“ သူက အပူချိန်နဲ့တော့မဆိုင်ဘူး။ အပေါ်မှာတိမ်ဖြစ်တာရှိမရှိပေါ်ပဲမူတည်မှာ။ တိမ်အမြင့်တွေတောင် မရှိဘူးဖြစ်သွားတော့ နေရောင်ခြည်တိုက်ရိုက်ကျလို့ ခရမ်းလွန်ရောင်ခြည်မြင့်တာ။ နေရောင်ခြည်ကို ကာကွယ်ပေးတဲ့ဟာမရှိတော့တာပေါ့။ အပူချိန်အနေနဲ့ကတော့ ပျမ်းမျှ ၃၅ (၃၅ ဒီဂရီစင်တီဂရိတ်) ဝန်းကျင်လောက်တော့ရှိတယ်။  အပူချိန်တွေကလည်း နွေရာသီဝင်လာတော့မှာဆိုတော့ မြင့်တာကတော့ မြင့်လာမှာပဲ။ အခုက အယ်နီညိုလည်းမဟုတ်၊ လာနီညာလည်းမဟုတ်တဲ့ Neutral ကြားနေရာသီဥတုမျိုးဖြစ်နေတာ။ မတ်၊ ဧပြီကတော့ ဒီ Neutral ရာသီဥတုမျိုးပဲဖြစ်နေမှာ” 

#နောက်ရက်တွေကျရင်လည်း ဒီခရမ်းလွန်ရောင်ခြည်က တောက်လျှောက်မြင့်တက်နေမှာလား?

“ အဲ့ဒီလိုလည်းမဟုတ်ဘူးဗျ။ သူက တိမ်ဖြစ်တဲ့ပေါ်ပဲမူတည်တာ။ အခုလောလောဆယ်က UV index (ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း) ကို ကျွန်တော်တို့က ၃ ရက်စာပဲ ကြည့်လို့ရတယ်။ မနက်ဖြန် ၂၄ ရက်ဆို မွန်းတည့်ချိန်ကစပြီး ၂ နာရီလောက်အထိကို ၁၁ ထိ ရှိနေတယ်။ အဲ့နောက်ပိုင်းတော့ ပြန်ကျ သွားမှာ။ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီကြားကျတော့ မနက်ဖြန်မှာ ၁၁ ဖြစ်မဲ့နေရာတွေက ၈၊ ၉ လောက်ထိ ပြန်ကျသွားတယ်။ ၂၆ ရက်နေ့မှာကျတော့လည်း ၉ လောက်ထိပဲ။ အန္တရာယ်ရှိနိုင်တဲ့ အဆင့်တွေမှာတော့ ရှိနေတာပဲ။ ဆိုတော့ တိမ်ဖြစ်တဲ့ ပေါ်မှာပဲ မူတည်တယ်။ 

#ဒီလိုခရမ်းလွန်ရောင်ခြည်မြင့်တက်လာမှုတွေနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ ဘာသတိပေးချင်တာရှိလဲ?

" အဓိကကတော့ ဦးထုပ်ဆောင်း၊ ထီးဆောင်းတာမျိုးတွေ လုပ်ကြဖို့ပေါ့။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အသားအရေမျိုးက ခရမ်းလွန်ရောင်ခြည်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိတဲ့ အသားအရောင်မျိုးပဲ။ ဒါပေမဲ့ အရမ်းအန္တရာယ်ရှိတဲ့အနေအထားမျိုးဆိုရင်တော့ အရေပြားကင်ဆာ တွေထိဖြစ်နိုင်တာပေါ့" 

" နောက် အပူလွန်ကဲမှုဒဏ်တွေမခံရအောင် ထီး၊ ဦးထုပ် တစ်ခုခုဆောင်းပြီး အပြင်ထွက်တာ၊ သစ်ပင် ရိပ်လိုအရိပ်အာဝါသကောင်းတဲ့နေရာမှာ နေပူရှိန်လျော့ကျတဲ့အထိ ခေတ္တအရိပ်ခိုတာတွေကို လုပ်သင့တယ်။ အထူးသတိထားသင့်တဲ့သူတွေကတော့ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ၊ သွေးပေါင်ချိန်မြင့်တက်တတ်သူတွေပေါ့" 

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်