တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၁

10/08/2022 15:00 PM တွင် Htet Zaw Htun (organic Farming Coach) Htet Zaw Htun (organic Farming Coach) မှ ရေးသား

*တီကျစ်​မြေ​ဆွေး (Vermicompost)ဆိုတာ..

မိမိစိုက်ပျိုးမွေးမြူရေးမှထွက်လာသော အညစ်အကြေးစွန့်ပစ်ပစ္စည်းများဖြစ်သည့် သစ်ရွက်အကြွင်းအကျန်များ၊ ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းများ၊ ​တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ စသည်တို့ကို ကောင်းမွန်စွာ ​မြေ​ဆွေးပြုလုပ်​ပေးနိုင်​သော တီ​ကောင်များ(ဥပမာ Indian Blue Worm, Red Wiggler & African Night Crawier စသည်)အား အစာအဖြစ်ကျွေးကာ ၎င်းတို့မှ ပြန်လည်စွန့်ထုတ်လိုက်​သော ​အရာများကို တီကျစ်​မြေ​ဆွေး(Vermicompost) ဟု​ ခေါ်ပါသည်။

တီကျစ်​မြေသြဇာမှာ သာမန်​မြေ​ဆွေးများ၏ အာဟာရဓာတ်ပါဝင်မှုထက် ၁.၅ ဆမှ ၂ ဆ အထိ ပါဝင်နိုင်ပြီး ချဥ်ငန်ကိန်း pH အချိုးအစားမှာလည်း (အချဥ်ကိန်း)အက်စစ်မများဘဲ မျှတသည့်အ​ခြေအ​နေတွင်ရှိ​သော​ကြောင့် အပင်များမှ လျင်မြန်စွာ စုပ်ယူစားသုံးနိုင်၍ သီးနှံအထွက်နှုန်းကို ​ပိုမိုတိုးတက်စေပါသည်။

*တီကျစ်ရည် (Vermi-Tea)ဆိုတာ..

တီကျစ်​မြေ​ဆွေးထုတ်လုပ်ရာတွင် ဘေးထွက်ပစ္စည်းများအဖြစ် ထွက်လာ​သောအရည်ကို တီကျစ်ရည် (Vermi-Tea)ဟု​ ခေါ်ပါသည်။ ယင်းတီကျစ်ရည်ကို အိမ်တွင်းစိုက်ပန်းပင်များ၊ ဟင်းသီး ဟင်းရွက်နှင့် နှစ်ရှည်သစ်သီးပင်များအား အပတ်စဥ်ဖျန်း​ပေးခြင်းဖြင့် သီးနှံတို့၏ အရည်အ​သွေး​ကောင်း​စေနိုင်သည်။ ထိုသာမက တီကျစ်ရည်တွင်အင်ဇိုင်းများစွာ ပါဝင်​သော​ကြောင့် အပင်တို့တွင်ကျ​ရောက်​သော ပိုးမွှားနှင့် ​ရောဂါများကိုပါ ကာကွယ်​ပေးနိုင်​သော အစွမ်းရှိပါသည်။

ယခုကာလလို​ မြေသြဇာ​စျေးများ အဆမတန်တက်နေချိန်တွင် တောင်သူများအ​နေဖြင့် တီကျစ်​မြေ​ဆွေးနှင့် တီကျစ်ရည်ကို တနိုင်တပိုင် မိမိအိမ်တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူထုတ်လုပ်ပြီး မြေဩဇာအစားထိုးအနေဖြင့် အသုံးပြုသင့်ပါသည်။

တီကောင်များကို ဘာကြောင့်မွေးမြူသင့်သလဲ..

စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို အစာအနေဖြင့်အသုံးပြုရုံဖြင့် အာဟာရဓာတ် ကြွယ်ဝသော၊ ဇီဝဗေဒအကျိုးပြု တီကျစ်မြေဩဇာကို ရရှိအသုံးချနိုင်ခြင်းကြောင့် တီကောင်များကို မွေးမြူသင့်ပါသည်။

အဓိကရည်ရွယ်ချက်များမှာ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံပြီး တန်ဖိုးမြင့်မြေသြဇာများထုတ်လုပ်ရန်၊ တီကျစ်မြေဆွေးနှင့် တီကျစ်ရည်များထုတ်လုပ်ရန်နှင့် တီကောင်များပွားများထုတ်လုပ်ရောင်းချရန် တို့ ဖြစ်သည်။

Vermicompost မှာ ဘာတွေပါလဲ?

တီကျစ်မြေဆွေးတွင်ပါဝင်သော အာဟာရဓာတ်တန်ဖိုးသည် တီကောင်များအားကျွေးသော အစာပေါ်တွင် မူတည်သည်။ ဥပမာ - တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်း၊ သီးနှံအကြွင်းအကျန်များဖြင့်ထုတ်လုပ်ထားသော တီကျစ်မြေဆွေးတွင် အပင်ကြီးထွားမှုအတွက် လိုအပ်သော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ပြီး အပင်က စုပ်ယူအသုံးချရန် အဆင်သင့်ရရှိနိုင်သော ပုံစံအဖြစ်ရှိနေသောကြောင့် အပင်များက လျင်မြန်စွာ စားသုံးနိုင်မည်ဖြစ်သည်။ 

တီကောင်အူ၏ ဇီဝဗေဒအရလည်း အပင်ကြီးထွားမှုအတွက် အကျိုးပြုသော မှိုနှင့်ဘက်တီးရီးယားများ ကြီးထွားမှုကို ကူညီပေးသည်။ ထို့အပြင် တီကျစ်မြေဆွေးများတွင် အပင်ကြီးထွားမှုကိုအထောက်အကူဖြစ်စေသော အင်ဇိုင်းများနှင့် အာဟာရဓာတ်ပေါင်းများစွာတို့လည်း ပါဝင်ကြပါသည်။

Vermicomposting လုပ်ရန် မည်သည့် တီကောင်အမျိုးအစားများကို အသုံးပြုသလဲ?

တီကောင်မွေးမြူရေးခြံအများစုသည် 

  • ၁။ တီနီမျိုး Red Wigglers ၊
  • ၂။အိန္ဒိယတီပြာမျိုး Indian Blue Worm နှင့် 
  • ၃။ အာဖရိကတီမျိုး Agrican Night Crawlers စသည့်အမျိုးအစားများကို မွေးမြူကြပါသည်။ 

အထက်ဖော်ပြပါမျိုးများသည် တီမြေဆွေး vermicompost ထုတ်လုပ်ရန်နှင့် ငါးစာအဖြစ်အသုံးများကြပါသည်။ အချို့ကမူ တီမျိုးစိတ်များကို အတူတကွ မွေးမြူသည်လည်း ရှိကြသည်။

တီကောင်များအတွက်ဘာတွေလိုအပ်သလဲ?

တီကောင်များသည် အပူချိန်အမျိုးမျိုးတွင် ရှင်သန်နိုင်သော်လည်း အပူချိန် ၅၅ မှ ၇၇ ဒီဂရီဖာရင် ဟိုက် (၁၃-၂၅ ဒီဂရီစင်တီဂရိတ်) ကြားတွင် အကောင်းဆုံး ရှင်သန်ပါသည်။ 

တီကောင်များ အသက်ရှင်ရန် စိုထိုင်းသော အော်ဂဲနစ်အလွှာနေရာ လိုအပ်သည်။ အစိုဓာတ်နှင့်အောက်ဆီဂျင်သည်လည်း အရေးကြီး၍ မွရွကာ လေဝင်လေထွက်ကောင်ပြီး ရေမြှုပ်ကဲ့သို့ စိုစွတ်နေသင့်သည်။ 

တီကောင်တို့၏ အပေါ်ယံအရေပြားသည် အလင်းရောင်နှင့် ဓာတ်မတည့်သောကြောင့်မှောင်မိုက်သော ပတ်ဝန်းကျင်ကိုလည်း လိုအပ်ပါသည်။

တီကောင်များသည် သွားများမရှိသောကြောင့် အစာများထဲတွင်သေးငယ်သောပုံစံများကိုသာမျိုချပြီး အူမှ အစာအဖြစ် ကြိတ်ချေနိုင်သည်။ ဖြည့်စွက်ပစ္စည်းများအဖြစ် ကျောက်မှုန့် (သို့) ကမာအမှုန့် များကို ဖြူးပေး၊ ထည့်ပေးနိုင်သည်။ ကမာမှုန့်သည်အခြေခံအားဖြင့် ကယ်လ်စီယမ်ကာဗွန်နိတ် ဖြစ်သောကြောင့် များများထည့်ပေးခြင်းသည် တီကောင်များ၏ ပတ်ဝန်း ကျင် pH ကို မြှင့်တင်နိုင်ပေသည်။ သို့သော်တီကောင်ကောင်များသည် အနည်းငယ်အက်ဆစ်ဆန်သော pH ကို ပိုကြိုက်နှစ်သက်ပါသည်။

တီကောင်တွေ ဘာစားကြပါသလဲ?

တီကောင်များသည် စက္ကူ၊ မြေ၊ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေး၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၊အစေ့အဆန်များနှင့်မြေပေါ်ရှိ အခြားအညစ်အကြေးများဖြစ်သော အော်ဂဲနစ်ပစ္စည်းမျိုးစုံကို စားကြပါသည်။ 

အသားနှင့်နို့ထွက်ပစ္စည်းများကိုပါ အနည်းငယ်စားကြသော်လည်း အသားများမှ ဖြစ်ပေါ်လာနိုင်သောအနံ့နှင့်ပိုးမွှားပြဿနာများကြောင့် အသားနှင့် အဆီစသော ပစ္စည်းများကို မကျွေးသင့်ပါ။

အချဉ်ဓာတ်ရှိသော အစားအစာများကို အနည်းအငယ်စားသုံးသော်လည်း အချဉ်ဓာတ်အသီးအရွက်များတွင်တွေ့ရသော ဓာတုဓာတ်ပေါင်းများသည် တီကောင်များကိုအဆိပ်သင့်စေသောကြောင့် ၎င်းတို့ကိုလည်း အကန့်အသတ်ဖြင့်သာကျွေးခြင်း (သို့) မကျွေးခြင်းမှာ အကောင်းဆုံးဖြစ်သည်။

တီကောင်များသည် သွားမရှိသောကြောင့် ၎င်းတို့စားသော မည်သည့်အစာမျိုးကိုမဆို မျိုချရန် သို့မဟုတ် ၎င်းတို့ကိုက်နိုင်ရန် လုံလောက်သည်အထိ ပျော့ပြောင်းနေအောင် ဆောင်ရွက်ထားရပါမည်။

ကမ္ဘာပေါ်တွင် တီကောင်မျိုးစိတ်များစွာရှိသည့်အနက် မျိုးစိတ်အနည်းငယ်သာ မြေဆွေးပြုလုပ်ရန် အသုံးဝင်သည်။ တီကောင်အမျိုးအစားအားလုံးမှာ မြေဆီမြေနှစ်နှင့်သစ်ရွက်ဆွေးများ စားသုံးကာ အကျိုးပြုဘက်တီးရီးယားများ ပွားများစေခြင်း၊ မြေဆီလွှာကောင်းမွန်အောင် အထောက်အကူ ပေးခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင်ပြုလုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ကြသော်လည်း စီးပွားရေးအရ တွက်ချေကိုက်ရန်အတွက်မူ အစာများများစားပြီး စွန့်ပစ်ပစ္စည်းများများထုတ်ပေးသော တီမျိုးစိတ်များကိုသာ ရွေးချယ်မွေးမြူရမည်ဖြစ်ပါသည်။

တီအမျိုးအစားများကို ရာသီအလိုက် နေထိုင်ပုံကို အ​ခြေခံ၍ အုပ်စု ၂ မျိုး ခွဲခြားနိုင်​သည်။

၁။ အအေးပိုင်းအုပ်စု

  • (က) တီနီ (Red Worms)
  • (ခ) ဥရောပတီ (Tiger Worms)

၂။ အပူပိုင်းတီအုပ်စု

  • (က) African Night Crawlers
  • (ခ) India Blue Worms
  • (ဂ) Local Red Worms (Red Wigglers)

စိုက်ပျိုးရေးနှင့် မွေးမြူရေးမှထွက်သော စွန့်ပစ်ပစ္စည်းများမှာ ပိုလျှံနေ၍ စွန့်ပစ်ရန်ခက်ခဲခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်းတို့ကြောင့် တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့် တီကောင်မွေးမြူပြီး သဘာဝမြေဆွေးအဖြစ်ပြုပြင်ကာ တန်ဖိုးမြင့်ပစ္စည်းအဖြစ် ပြုလုပ်ရောင်းချနိုင်သည်။ 

တီကောင်မွေးမြူရေးသည် အကုန်အကျသက်သာပြီး နေရာကျဉ်းကျဉ်းတွင် တန်ဖိုးနည်းပစ္စည်းများဖြင့်ပြုလုပ်နိုင်သလို များများစားစားမွေးမြူရန်အတွက်လည်း တကြိမ်တခါတည်း ရင်းနှီးမြှုပ်နှံထားရုံသာ လိုသည်။ 

အဓိက ကုန်ကျမည့်စရိတ်မှာ အစာဖိုးပင်ဖြစ်ပါသည်။ ထို့ကြောင့် တီကောင်အတွက် အစားအစာ ပေါများသော နေရာတွင် မွေးမြူသင့်သည်။ 

တီကောင်များသည် တိရစ္ဆာန်အသားများမှအပ စွန့်ပစ်ပစ္စည်းအများစုကို စားသုံးနိုင်သည်။ အချို့တီကောင်များမှာ သဘာဝအစားအစာများအနေဖြင့် မြေကြီးထဲမှ ပါဝင်သော ဩဂဲနစ်ပစ္စည်းများကိုစားသုံးပြီး မြေကြီးများကိုသာ တီကျစ်စာ (Casts)အနေဖြင့် စွန့်ပစ်ကြပြီး အချို့ကသာ ရွက်ခြောက်များ၊ မြက်ခြောက်များ၊ အပင်ကြွင်း အပင်ကျန်များကို စားပြီး တီကျစ်စာကို သဘာဝမြေဆွေးအဖြစ်စွန့်ပစ်ကြခြင်းဖြစ်၍ အသုံးတည့်မည့် တီအမျိုးအစားကိုသာ ရွေးချယ်မွေးမြူသင့်ပါသည်။

ကျွန်တော်တို့ ဖွံဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုးရေးအတွက် တီကောင်များကို စီးပွားဖြစ်မွေးမြူခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သက်သာစေနိုင်သလို ရရှိလာသော တီမြေဆွေးနှင့်တီစွန့်ပစ်ရည်ကိုလည်း အပင်အတွက်သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်​မည် ဖြစ်၍ လက်တွေ့မွေးမြူ အသုံးချသင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်