မျက်နှာမရ ခြေထောက်ရနေသောမြန်မာ့အပယ်ခံငှက်များ(သို့မဟုတ်) လင်းတမရှိ..ခွေးရူးထခြင်း

03/04/2023 17:00 PM တွင် ဒေါက်တာမြင့်သိန်း(B.V.S) ဒေါက်တာမြင့်သိန်း(B.V.S) မှ ရေးသား

ဆင်ပြတိုက်ဖွင့်တော့မယ်ကြားရလို့ ဝမ်းမြောက်ဝမ်းသာနဲ့ မဖွင့်မီလေးမှာ အပြေးအလွှားလေး ဦးဦး ဖျားဖျား သွားကြည့်လိုက်ပါတယ် ။

တကယ့်ကိုပါပဲ ။ 

မြင်နေကျ၊ တွေ့နေကျ၊ သမားရိုးကျ ပြတိုက်တစ်ခုရဲ့အခင်းအကျင်း၊ အထားအသို၊  အပြင်အဆင်တွေကနေ လုံးဝဖောက်ထွက်သွားတဲ့ ဆင်ပြတိုက်ကို မြင်လိုက်ရမိခိုက်မှာ အတူပါမိတ်ဆွေကိုတောင်မှ စကား တလုံးတပါဒမျှ ပြောဆိုနှိင်ခြင်း မရှိနိုင်တော့တဲ့အထိ  ဆင်ပြတိုက်အခင်းအကျင်းရဲ့ဆွဲခေါ်ရာကို လွင့်မျောခဲ့ရပါတယ် ။

အဲဒီဆင်ပြတိုက်ကအပြန် နှလုံးသားအထိတိုင် ရိုက်ခတ်လာတဲ့ ပြကွင်းပြကွက်ပုံရိပ်တွေနောက် ပီတိလေးတွေနဲ့ အပြန်လမ်းမှာ တစ်လက်စတည်း ဆင်မလေးမေသဲဖြူကိုလည်း မတွေ့မမြင်ရတာ ကြာပြီဖြစ်လို့  သူ့ကိုတွေ့ရအောင် ငှက်ခြံကြီးဘတ်က ပတ်အပြန်မှာ ဘယ်လိုမှ မျှော်လင့်မထားတဲ့ စကားပြောသံတစ်ခုကို ကျွန်တော့နောက်ကျောဘက်က ဆတ်ကနဲကြား လိုက်ရတော့...

အော်...ဒါက ငါ့ကို ဒဲ့ပြောနေပါလား...ဆိုတဲ့ အသိနဲ့ ခြေလှမ်းတွေကိုတုန့်ခနဲ..

ရုတ်ချည်း ချက်ချင်းရပ်ပစ်လိုက်မိပါတယ်။ 

ဒါပေမဲ့ ... လှည့်တော့မကြည့်လိုက်မိပါဘူး ။ 

မိန်းမပျိုလေးတွေရဲ့အသံပါ။

ပြောလိုက်တာကလည်း ကြည့်ဦးလေ ။

"ထိပ်ကလည်း ပြောင်သလားမမေးနဲ့"  တဲ့ ။ 

ဒါနဲ့တင် ရပ်မသွားပါဘူး၊၊

ထပ်ပြောပြန်ပါသေးတယ်။ 

"ငယ်ထိပ်ကပါ ပြောင်နေသေး" ... ဆိုပဲ ။ 

အင်း ခက်ချေပြီ။ အကုန်လုံး ဒဲ့ တွေချည်းပါပဲ..။

ကျွန်တော့်နောက်ကနေပြီး ကျွန်တော့်ကို..

 ဒဲ့ကစ် ( Kick)တွေ ဆက်တိုက်ကစ်နေတော့ပါလား ။

ဒါပေမဲ့..

ဒါပေမဲ့...

မဆိုင်းမတွ ရုတ်ချည်း ဆက်ပြောလိုက်တဲ့ စကားဆက်သံက..

" ရုပ်ကလည်း ဆိုးသေး" လို့..

ဆိုလိုက်ပြန်တော့ ... အဲဒီကတည်းက..

ဒါတော့.. ကျွန်တော့်ကို စောင်းမြောင်းပြောနေမှန်း ....

ကစ်နေမှန်း ..... မဟုတ်တာသေချာသွားခဲ့ပါပြီ ။

တဒင်္ဂမျှ ငို၍ရယ်၍မရခဲ့သော ကျွန်တော့်မျက်နှာဟာလည်း အခုတော့ဖြင့် အပြုံးရိပ်များသန်းခဲ့ပါပြီ..။

(မမျှော်လင့်ထားတာကို အပြောခံရပေသကိုး...)

တကယ်တော့... ဒီနေရာမှာ အဖြစ်မှန် ပြောရမယ်ဆိုရင်တော့...

ဆင်ပြတိုက်ကနေ ဆင်မလေး မေသဲဖြူဆီသွားရာလမ်းဘေးက ငှက်ခြံကြီးထဲမှာ ဟိမဝန္ထာလင်းတတွေ အများအပြားထည့်ပြထားတာပါ...

အဲ...တိုက်ဆိုင်ချင်တော့ အဲဒီမနက် နံနက်ခင်း နေခြည်ဖြာတဲ့အချိန်လေးမှာ လင်းတတွေကလည်း အတောင်နှစ်ဖက်စလုံးကို အစွမ်းကုန် ဘေးဘက်ကို ကားဖြန့်ထားတဲ့ပုံစံလေးတွေက အတော့်ကိုပဲ စွဲမက်စရာ ကြည့်ချင်စရာ  မြင်ကွင်းလေးတွေပါပဲ။

 အဲဒါတွေကိုကြည့်ပြီး မိန်းမပျိုလေးတွေက လင်းတအပေါ် မှတ်ချက်တွေပေးနေကြတာပါ။

ဆက်ပြောရမယ်ဆိုရင်တော့ဖြင့်...

အဲဒီမိန်းမပျိုလေးတသိုက်ကပဲ လင်းတတွေကို အဲ့လို ပျစ်ပျစ်နှစ်နှစ် ဝေဖန်နေကြသလားဆိုတော့လည်းမဟုတ်ပြန်သေးပါဘူး ။

ကျွန်တော်တို့လူသားတွေအားလုံးကလည်း အဲဒီလင်းတတွေကို ချိုးချိုးနှိမ်နှိမ် ချိုးချိုးဖဲ့ဖဲ့နဲ့ တင်စားသုံးနူန်းပြောထားတဲ့စကားလုံးတွေက အထင်အရှားရှိနေပါတယ် ။

ဘာစကားလုံးတွေပါလဲ...

" လင်းတလောက်တော့ ငှက်တိုင်းလှ" တဲ့..။

" လင်းတမှိုင် မှိုင်တယ်" တဲ့..။

အဲ့ဒီလောက်ထိအောင်တောင်  လူတွေရဲ့အရေးကိစ္စတွေမှာ မဆီမဆိုင် လင်းတတွေကိုဆွဲထည့်ပြီး မှိုချိုး မျှစ်ချိုး ပြောဆိုခဲ့ကြတာပါ ။

နောက်ပြီးရှိပါသေးတယ်။

လင်းတတွေဟာ စက်ဆုပ်ဖွယ်ကောင်းတယ်။

မင်္ဂလာမရှိဘူး၊ အိမ်တွေ ဘုရားတွေပေါ်မှာနားရင် မုချပျက်စီးတတ်တယ်၊ သေခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။

လူသေကိုစားလို့ မနှစ်မြို့ကြဘူး။

အောက်လမ်းအတတ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ အဆက်အစပ်ရှိတဲ့သဖွယ် ယူဆကြပါတယ် ။ 

အဲဒီလောက်ထိအောင်တောင် လင်းတတွေကို အကြောင်းအကျိုးမဲ့ ရှေးအခါတည်းက အပုပ်ချခဲ့ကြတာပါ။

ကဲ... အခုတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လင်းတရဲ့သဘာဝအတိုင်း နေ့ထိုင်စားသောက်ပုံလေးအကြောင်း ငဲ့စောင်းကြည့်ကြရအောင် . . . .

လင်းတတွေဟာ သားကောင်ကို အမဲလိုက်ပြီးစားတဲ့ ငှက်တွေမဟုတ်ကြပါဘူး ။ 

သေပြီးသား အသေကောင်သားကိုပဲ စားတဲ့ငှက်တွေပါ ။ 

အသေကောင်ဆိုတာတောင်မှ ပုပ်ပွနေတဲ့ အသေကောင်လည်းမရှောင်...

ဘာအကောင်ပဲဖြစ်ဖြစ်..

ဘာရောဂါဆိုးပဲပါပါ..

ရောဂါပေါင်းစုံမရွေး..

ဘာပဲဖြစ်စေဖြစ်စေ..

သူတို့လေးတွေ မရွေးခဲ့ကြပါ။ မငြင်းခဲ့ကြပါ။

ကြေးမများခဲ့ကြပါ၊၊ ဝိုင်းအုံစားခဲ့ကြပါတယ် ။

 ခေါင်းမဖော်စတမ်း...လင်းတအစုအဝေးကြီးဟာ..

အသေကောင် ကြီးကြီးသေးသေးကို ဘူးဖေး လုပ်ပစ်ခဲ့ကြရှာတယ် ။ 

( ဆင်သေတစ်ကောင်ကို လင်းတအစုအဝေးကြီးက သူစား ကိုယ်ဆွဲနဲ့စားလိုက်တာ မိနစ်သုံးဆယ်တောင်မကြာဘူးတဲ့ .  . စားချက် ဝါးချက်ကတော့ ကောင်းပါ့)

အမှန်ဆိုရရင် အသေကောင်ဆိုတာက တကယ်တော့ ရောဂါအစုအပုံအိုးကြီးပါ ။

ရောဂါဆိုးပေါင်းဆုံ စုစည်းသိုမှီးရာနေရာကြီးပါ။

(Carcass is actually a reservoir of diseases)  

အဲဒါတွေကတဆင့်လူသားတို့ဆီကူးစက်မြန်ရောဂါတွေ မြန်နူန်းမြင့်စွာနဲ့ မကူးစက်နိုင်ဖို့၊

သေနှုန်းမြန်တဲ့ ရောဂါဘယတွေကင်းစွာနဲ့... လူသားတွေနေထိုင်နိုင်ဖို့အတွက်ကို..

သူတို့လေးတွေ ကျွန်တော်တို့လူသားတွေရှေ့က မားမားမတ်မတ် လူမသိသူမသိ ရပ်နေပေးခဲ့တာ ကာလရှည်ကြာခဲ့ပါပြီ ။ 

ဒါပေမဲ့ အဲ့ဒီကိစ္စတွေကို လူသားတွေ သတိမပြု သတိမမူခဲ့ကြပါဘူး။

ဒီနေရာမှာ တဆက်တည်းတင်ပြချင်တာက မြန်မာနိုင်ငံမှာ နေထိုင်ကျက်စားကြတဲ့ လင်းတတွေကို တချိန်ချိန်က ကျွန်တော်တို့နိုင်ငံမှာ လွန်စွာမှပေါပေါများများ တွေ့ရှိခဲ့ရပေမဲ့ ခုအခါမှာတော့ မြင်တွေ့ရမှုအလွန်ရှားပါးသွားခဲ့ရပြီး  တကမ္ဘာလုံးအတိုင်းအတာအရလည်း  လွန်စွာမှဝမ်းနည်းစရာကောင်းလောက်အောင် လင်းတကောင်ရေများစွာ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း မှတ်သားသိရှိခဲ့ရပါတယ် ။  

ဘာကြောင့်များကျဆင်းခဲ့ရတာပါလဲ။

လေ့လာစူးစမ်းမှုတွေအရတော့ အဲဒီလင်းတတွေရဲ့ မူရင်းနေထိုင်ရာဒေသတွေဟာ..

အကြောင်းအမျိုးမျိုးနဲ့...ပျက်စီးဆုံးရှုံးသွားတယ်။ 

အသိုက်များဖျက်စီးခံရတယ်။

အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ အဆိပ်မိကြတယ်။

နောက်ပြီးတော့ သူတို့ရဲ့ အမွေးအတောင်တွေကို မှောင်ခိုကုန်သွယ်ဖို့အတွက် သူတို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ် ။ 

ဒါပေမဲ့လို့... 

အပေါ်ကပြောခဲ့တဲ့ အကြောင်းအရာတွေထက်...

အခြားသော တမူထူးခြားတဲ့အကြောင်းအရာတစ်ခုဟာဆိုရင် လင်းတတွေ ပြန်လည်ကုန်းရုန်းနာလန်မထူနိုင်လောက်အောင်အထိ ဖြစ်စေခဲ့ရပါတယ်၊၊

လင်းတကောင်ရေ အရေအတွက်သည်လည်း အတုန်းအရုန်းကျဆုံးသွားတဲ့အတွက်.. 

လင်းတများ မျိုးသုဉ်းပျက်လုမတတ် ဖြစ်ကာ...

အဆိုးဝါးဆုံး အခြေအနေများအချိန်တိုအတွင်း ဖြစ်ပေါ်လာခဲ့ပါတယ်၊၊

အဲဒါကတော့ အိန္ဒိယ၊ ပါကစ္စတန်နှင့် နီပေါနိုင်ငံတွေမှာ ဖြစ်ခဲ့တာပါ။

ဖြစ်တာကလည်း ရိုးရှင်းပါတယ် ။ 

အစပိုင်းမှာ ပြောခဲ့သလိုပါပဲ ၊၊ 

လင်းတတွေက အသေကောင်သားကိုစားတယ်၊ အဲဒီအသေကောင်က ဘာရောဂါနဲ့သေသေ စားတယ်၊ အူတွေ အသဲတွေ ကလီစာပါမကျန် အကုန်စားပါတယ်။

တခါတရံမှာ အရိုးတောင်စားသေးတယ်ဆိုပဲ..။

ဘာရောဂါပိုးမှ မမှုပါဘူး ။

ဒါပေမဲ့လို့ပေါ့လေ..

ဘာလာလာ ဒေါင်းတယ်လို့ဆိုပေမဲ့...

လင်းတတွေကြောက်တဲ့ အသေကောင်တစ်မျိုးတော့ရှိပါတယ်။

ဘယ်လိုအသေကောင်မျိုးလဲဆိုတော့..

အဲဒီအသေကောင်ဟာ မသေခင်မှာ ဆေးကုခံထားရတဲ့အကောင်။

ဘာဆေးနဲ့ကုခံထားရသလဲဆိုရင် အရောင်ကျဆေးတစ်မျိုးဖြစ်တဲ့ ( Diclofenac) ဆိုတဲ့ဆေးနဲ့ ဆေးကုခံထားခဲ့ရတဲ့ ဘာအသေကောင်မျိုးမဆိုပါပဲ၊၊

အဲဒီဆေးရဲ့အာနိသင်က လင်းတတွေရဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာများကို လုံးဝရပ်ဆိုင်းသွားစေခဲ့တယ်လို့ ဆိုပါတယ်။(ကျောက်ကပ်ပျက်သွားတာပါ)

ကဲ... အခုတော့ လင်းတတွေ မျိုးသုဉ်းလုမတတ်..

ကောင်ရေတွေ အလွန်နည်းသွားခဲ့ပါပြီ။

" ကြောင်မရှိ... ကြွက်ထ"ဆိုသလိုမျိုး... 

အခု "  လင်းတမရှိ...ခွေးရူးထ " တော့မှာပါ ။

အဲတော့  မေးခွန်းက...

ခွေးရူးက ဘယ်သူ့ပေါ်မှာ ထမှာပါလဲ ။ 

ဘယ်လို ထလာမှာပါလဲ ။

ကျွန်တော်တို့ လူသားတွေအပေါ်မှာပါ။ 

ကြောက်စရာ အလွန်ကောင်းတဲ့ ခွေးရူးရောဂါက လင်းတတွေမရှိတာနဲ့ လူသားတွေရဲ့ ကျန်းမာရေးကို  ခြိမ်းခြောက်လာနေပါပြီ ။

ယခုမှပဲ...

ဤနေရာကစလို့ လင်းတမရှိ... ခွေးရူးထ ဇတ်လမ်းကစပါပြီ...

လင်းတတွေဟာ သေနေတဲ့အသေကောင်ရဲ့အသားကိုပဲ စားတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။

အဲဒီလို အသားစားတဲ့ တိရစ္ဆာန်တွေထဲမှာမှ အဲဒီလင်းတတစ်မျိုးတည်းကပဲ အသေကောင်အသားကို စားသလားလို့မေးခဲ့ရင် မဟုတ်ပြန်သေးပါဘူး။

လင်းတနဲ့ ပြိုင်ဖက်တွေရှိပါသေးတယ်..။

အဲဒါတွေကတော့ တောခွေး(Feral dog) တွေပါ ။

ဒါပေမဲ့လည်း တောခွေးတွေဟာ အသေကောင်သားတွေကို လင်းတတွေနဲ့ယှဉ်ပြိုင်ပြီး တန်းတူ သို့မဟုတ် လုယက်မစားနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်အရွယ်အစားအရရော အကောင်အုပ်စုအရေအတွက်အရပါ လင်းတတွေကို မယဉ်ပြိုင်နိုင်လို့ပါပဲ၊၊

အဲ... အခုတော့ဖြင့် လင်းတတွေကုန်လုနီးပါးဖြစ်သွားပါပြီ၊၊ 

ပြောင်သလင်းခါလုနီးပါး ဖြစ်သွားပါပြီ။

အဲ့ဒီတော့ တောခွေးတွေဟာ သူတို့အစာဖြစ်တဲ့ အသေကောင်တွေအတွက် ပြိုင်ဖက်ကင်းသွားခဲ့ရပြီး သူတို့အတွက် အစားအစာများလည်း တောင်ပုံရာပုံ ဖြစ်လာခဲ့ရပါတော့တယ်။

ဒါ့အပြင် အစားအသောက်များလည်း ပေါများလာပြီး လွယ်လွယ်ကူကူလည်း ရှာဖွေလို့ရလာတဲ့အတွက် တောခွေးကောင်ရေကလည်း တမဟုတ်ချင်း ထိုးတက်လာခဲ့ရပါတော့တယ်။

အသေကောင်ရဲ့နံရိုးက လိုဏ်ခေါင်း(Rib cavity ) များအတွင်းမှာတောင်မှ တောခွေးတွေအသိုက်လုပ်ပြီး သားပေါက်လာကြတဲ့အထိ ဖြစ်လာပါတော့တယ် ။

ဆိုတော့ တောခွေးကောင်ရေဟာ မူလကထက် လေးဆမျှ ပိုမိုများပြားလာတယ်လို့ မှတ်တမ်းများက ဆိုက​ြပါတယ်။

ကဲ ... ဇာတ်ရှိန်တော့တက်လာပါပြီ။

ဒါပေမဲ့ အဲဒီခွေးကောင်ရေဟာလည်း သူ့ချည်းပဲတော့ တက်လာတာမဟုတ်ပါဘူး ။

သူ့ရဲ့ ထာဝရအဖော်ဖြစ်တဲ့ ခွေးရူးပိုးကိုပါ တပါတည်း ခေါ်လာခဲ့တော့တာပါပဲ။

ဒီနေရာမှာ ဇာတ်လမ်းကို မြန်မြန်လေးဆက်ရမယ်ဆိုရင်တော့ အဲဒီတောခွေးတွေဟာ ရွာနီးချုပ်စပ်က လယ်ယာသုံးတိရစ္ဆာန်တွေ အိမ်မွေးတိရစ္ဆာန်တွေနဲ့ နောက်ဆုံး လူတွေကိုပါ ကိုက်တော့တာပါပဲ ။

အိန္ဒိယနိုင်ငံမှာ မှတ်တမ်းတွေအရ လူပေါင်း သန်းနဲ့ချီအကိုက်ခံခဲ့ရပြီး  ထိုအထဲက ငါးသောင်းနီးပါးဟာ လင်းတတွေမရှိတော့လို့ (တနည်းပြောရရင် သဘာဝရဲ မျှချေစံနစ်တွေ ပျက်ပြားသွားလို့) ခွေးရူးရောဂါနဲ့ သေဆုံးသွားခဲ့ကြပါတယ်။

ဆက်ပြောရရင် အဲဒီလူငါးသောင်းနီးပါးဟာ ခွေးရူးရောဂါနဲ့ သေဆုံးသွားပြီဆိုတာနဲ့ မပြီးပြတ်သေးပါဘူး ။ 

ပြဿနာကမီးခိုးကြွက်လျှောက်ပါပဲ ။ ကျန်တဲ့လူတွေအားလုံးဆီကိုလည်း ခွေးရူးရောဂါဘေးဆိုးကြီး ကူးစက်မပြန့်ပွားရအောင် အားစိုက်ခွန်စိုက်လုပ်ဆောင်ကာကွယ်ကြရပြန်ပါသေးတယ် ။ 

ပြောရမယ်ဆိုရင်တော့ ပြည်သူ့ကျန်မာရေးဘေးဒုက္ခ၊ ကပ်ဆိုက်မူကြီး(Public Health Disaster)ပဲပေါ့။ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူ့ကိုပြန်လည်ကုစားဖို့ နာလန်ထဖို့ကိစ္စမှာ အစိုးရက အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံလောက် အသုံးပြုလိုက်ရပါတယ်။ အမှန်တော့ အဲဒီငွေကြေးပမာဏဟာ လင်းတတွေမရှိတော့လို့ နောက်ဆက်တွဲအမှုတွေရှင်းဖို့ သုံးလိုက်ရတာပါ။ ဒါတောင် ကျီးကန်းတွေပါ များလာလို့ ကြက်မွေးမြူရေးလောကပါ ထိခိုက်လာတဲ့ကိစ္စ၊ အသေကောင်တွေကြောင့် ချောင်းရေမြစ်ရေတွေပါ ညစ်ညမ်းမူတွေဖြစ်လာရတဲ့ကိစ္စတွေကိုတော့ အကျယ်မချဲ့တော့ပါဘူး ။ 

ဒီနေရာမှာ ပြောချင်တဲ့ အနှစ်ချုပ်က လင်းတတွေက ဂေဟဗေဒဝန်ဆောင်မူ ( Ecological service ) တစ်ခုအနေနဲ့ ခွေးရူးရောဂါပိုးတွေ လူသားတွေဆီပြန့်ပွှားလာခြင်းမရှိစေဖို့အတွက် အဓိကတရားခံ အသေကောင်သားစား တောခွေးတွေရဲ့ကောင်ရေကို သဘာဝမှာ ထိန်းချုပ်ပေးထားခြင်းပါပဲ ။

အဲဒီတော့ "လင်းတသေ ခွေးရူးဖြစ်"  "(Vultures  loss and Rabies rise)" ဇာတ်လမ်းလေးကို ဇာတ်ရည်အမြန်လည်အောင် ဇာတ်မျောကြီးလည်းမဖြစ်အောင် စာရှုသူများရဲ့ တန်ဖိုးရှိလှတဲ့ အချိန်လေးတွေကိုလည်း မကုန်ခမ်းရအောင် ထည့်သင့်တဲ့အချက်အလက်တွေထည့်... ချန်ခဲ့သင့်တာတွေချန်ခဲ့ပြီး တင်ပြလိုက်ရပါတယ် ။

ဤနေရာမှာ စာရှုသူမိတ်ဆွေများကို မေတ္တာရပ်ခံချင်မိတာကတော့ မိမိတို့အနေနဲ့ လက်လှမ်းများမီခဲ့ရင် လင်းတထိန်းသိမ်းရေးလုပ်ငန်းစဉ်များမှာ တတ်စွမ်းသရွေ့ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ် ။

နောက်ပြီးတော့...ကျွန်တော်ဇာတ်လမ်းလေးကိုလည်း ဤနေရာတွင်ပဲ အဆုံးသတ်ခွင့်ပြုစေလိုပါတယ် ။

အဆုံးထိတိုင်အောင် အချိန်ပေးဖတ်ရူ့ပေးခဲ့ကြတဲ့ ဆရာသမားများ

မိတ်ဆွေများအားလုံးကိုလည်း 

အထူးကျေးဇူးတင်ရှိရကြောင်းပါခင်ဗျား။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်