မုန်တိုင်းဖြစ်လာရင် ဘယ်ဒေသတွေကို အဓိကသက်ရောက်မလဲ?

05/05/2023 10:55 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပူနေတဲ့နေရာတွေမိုးရနိုင်၊ တချို့နေရာတွေမှာတော့ မိုးကြီးနိုင်၊ တချို့နေရာတွေမှာတော့ အန္တရာယ် ရှိနိုင်တဲ့အထိဖြစ်သွားနိုင်တဲ့ မုန်တိုင်းအဆင့်ထိဖြစ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ မေ ၈ ရက်၊ ၉ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ စတင်ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။

ဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဆင့်ထိ ရောက်သွားမယ်ဆိုရင် မြန်မာနိုင်ငံ ဘယ်ဒေသတွေကို အဓိကသက်ရောက်မလဲ၊ မုန်တိုင်းက တည့်ထိ သွားနိုင်တာမျိုးရှိလား၊ ဘယ်အချိန်လောက်မှာ လမ်းကြောင်းအတိအကျကို သိရနိုင်မလဲ၊ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ စတာတွေကို နိုင်ငံတကာမိုးလေဝသခန့်မှန်းမိုဒယ်ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး။  ။ အခု နောက်ဆုံး Update ထုတ်ပြန်ချက်အခြေအနေတွေက ဘယ်လိုတွေဖြစ်နေပြီလဲဆရာ?

“ GFS က နည်းနည်းပြောင်းသွားတယ်။ အရင်တုန်းက ကိုကိုးကျွန်းအနောက်ဘက် မိုင် ၂၀၀ လောက်ကနေပြီးတော့မှ မြောက်ဘက်ကိုတက်သွားပြီး ဘင်္ဂလားဒေ့ရှ်ကိုဝင်မယ်။ ဒါပေမဲ့ မနေ့ည ၁၂ နာရီခွဲ  update မှာကျတော့ အရှေ့ဘက်ကို ရွေ့လာတယ်။ ဆိုတော့ ကိုကိုးကျွန်းနဲ့ဆို မိုင် ၅၀ လောက်ပဲ ဝေးတော့တယ်။ ကျောက်ဖြူနဲ့ကျတော့ မိုင် ၁၀၀ လောက်ဝေးတယ်။ အဲ့ဒီလောက်ကနေ မြောက်ဘက် ကို တည့်တည့်ကြီးဖြတ်တက်သွားတယ်။ တက်သွားပြီးတော့ စစ်တွေနားကနေ ကုန်းတွင်းကိုဝင်မယ်” 

မေး။  ။လက်ရှိလမ်းကြောင်းအရဆိုရင် မုန်တိုင်းတည့်ထိနိုင်တာမျိုးရှိလား၊ ဘယ်ဒေသတွေမှာ အဓိက သက်ရောက်မလဲ?

“ GFS မိုဒယ်အရဆိုရင်တော့ တည့်မထိဘူး။ ဒါပေမဲ့ ECMWF လမ်းကြောင်းအရဆိုရင်တော့ ရန်ကုန်မြို့ကနေ သန်လျင်ကိုဖြတ်တဲ့လမ်းကြောင်းအတိုင်းသွားမှာဆိုတော့ အဲ့ဒါကြီးကတော့ တည့်ကြီး။ တည့်ကြီးဆိုတော့ သူက ဘယ်လိုဖြစ်မလဲဆိုတော့ တနင်္သာရီတိုင်းနဲ့ မွန်၊ တနင်္သာရီ၊ ကရင် ပြည်နယ် အဲ့ဒါတွေက မုန်တိုင်းရဲ့ညာဘက်ကိုရောက်သွားတယ်။ အဲ့ဒီလို ညာဘက်ကိုရောက်သွားရင် သူတို့က ပိုအပြင်းခံရတော့မယ်။ နောက်တစ်ခုက မုတ္တမကွေ့၊ ရန်ကုန်မြစ်ဝ အဲ့ဒီနေရာတွေမှာက ကျွန်တော်တို့ မုန်တိုင်းဗဟိုမှာက လှိုင်းက ပေ ၂၀ ကျော်တယ်။ ဆိုတော့ အဲ့ဒီလှိုင်း ဘယ်လိုဝင်လာမလဲ ဆိုတာ ကျွန်တော်လည်း မခန့်မှန်းတတ်ဘူး ဖြစ်နေသေးတယ်။ အဲ့ဒါကတော့ ECMWF မိုဒယ်လမ်းကြောင်းအရပေါ့နော်” 

“ GFS ကျတော့ သူ့ဟာသူ ကမ်းရိုးတန်းနားကပ်ပြီးတော့ တက်သွားတယ်။ သို့သော် သူကလည်း အပေါ် တက်သွားတဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာ ဧရာဝတီတိုင်းကော၊ ရန်ကုန်တိုင်းကော၊ ပဲခူးတိုင်းကော နောက်တစ်ခုက မကွေးတိုင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ နောက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ဒါတွေအကုန်လုံးက မုန်တိုင်းညာဘက်ခြမ်းရောက်နေတာ။ ဆိုတော့ GFS မိုဒယ်လမ်းကြောင်းအတိုင်း သွားရင်တော့ တစ်နိုင်ငံလုံးမှာ မုန်တိုင်းရဲ့အရှိန်သက်ရောက်မှုကိုခံရမယ်။ ECMWF လမ်းကြောင်း အတိုင်းသွားရင်တော့ ဟိုးတနင်္သာရီကနေပြီးတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကတော့ နောက်ဆုံးပေါ့။ သူတောင် ပြည်အထိတောင်မရောက်ဘူး။ မရောက်ဘဲနဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့တောင်ဘက်ကို ရောက်သွားပြီး အဲ့ဒီမှာ အားပျော့လမ်းဆုံးသွားမှာပေါ့” 

မေး။  ။မုန်တိုင်းဖြစ်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ သိနိုင်ပြီလား?

“ မနေ့က အနေအထားထိရတာတွေအရဆိုရင် ၁၃ ရက်၊ ၁၄ ရက်လောက်မှ ကုန်းတွင်းကိုဝင်မယ်လို့ ကျွန်တော်တို့တွေ့ရတယ်။ အခု ဒီနေ့မနက်ရတဲ့ Update မှာကျတော့ ၁၂ ရက်နေ့ဆိုတော့ ကျွန်တော်တို့ တစ်ရက်လောက်စောသွားတယ်။ တကယ်ဖြစ်လာတဲ့အချိန်ကျ ဘယ်လောက်အထိ စောမလဲ၊ နောက်ကျမလဲဆိုတာတော့ မသိနိုင်သေးဘူးပေါ့နော်။ အဲ့ဒီဟာလည်း တစ်ချက်စောင့်ကြည့်ရမယ်။ အရေးကြီးတာက ဒီ ၈ ရက်နေ့ညမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ GFS ရော ECMWF ရော၊ နောက် CMC (ကနေဒါမိုးလေဝသမိုဒယ်) ရော ဒီမိုဒယ်သုံးခုက လေဖိအားနည်းရပ်ဝန်းစဖြစ်မယ့်တည်နေရာ၊ သူတို့ရဲ့လမ်းကြောင်းရွေ့မယ့်အနေအထား။ ဒါတွေကိုတော့ အဲ့ဒီအချိန်ကျမှ တိမ်တွေကိုကြည့်ပြီး သူတို့ တွက်မှာ။ ဆိုတော့ အတိအကျတော့ ဘယ်လိုဖြစ်မလဲဆိုတာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ မုန်တိုင်းအခြေ အနေ ဘယ်လောက်အထိ ဆိုးမလဲ၊ ကောင်းမလဲဆိုတာ သိမယ်” 

မေး။  ။လေဖိအားနည်းရပ်ဝန်းစတည်တဲ့ ၈ ရက်နေ့ကတည်းက မိုးတွေကရွာတော့မှာလား?

“ ၉ ရက်နေ့လောက်က စရွာမှာပဲ။ အဲ့မှာတော့ တနင်္သာရီတိုင်းလောက်ပဲရှိဦးမယ်။ နောက် ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက် အခုအတိုင်းဆို စောမယ်ဆိုရင်တော့ ၉ ရက်နေ့ ညပိုင်းလောက်ကစပြီးတော့ မုန်တိုင်းကုန်းတွင်းဝင်တဲ့အထိကတော့ မိုးများမယ်။ ECMWF လမ်းကြောင်းအတိုင်းဆိုရင် မွန်၊ တနင်္သာရီ၊ ကရင်ပြည်နယ်၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း တွေမှာ မိုးများမယ်။ ဘယ်လောက်ထိလဲဆို ၁၀ လက်မအထက်ထိကိုရွာနိုင်တယ်။ တချို့နေရာတွေဆို ၁၄ လက်မ၊ ၁၅ လက်မလောက်ထိကို တွေ့တယ်။ GFS မိုဒယ်ရဲ့ ခန့်မှန်းချက်ဆိုရင်တော့ ဟိုး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းကနေ ကချင်ပြည်နယ်အထိကို မိုးတွေ လေတွေ ရောက်မယ်။ လောလောဆယ်ထိတော့ နှစ်မျိုးဖြစ်နေသေးတာပေါ့နော်” 

မေး။  ။ခန့်မှန်းမိုဒယ်တွေက ၈၊ ၉ လောက်ဆို တထပ်တည်းကျသွားနိုင်ပြီလား?

“ ကျသွားနိုင်တယ်၊ တစ်ထပ်တည်းကျသွားနိုင်တယ်။ ဧရာဝတီဘက်ကတော့ ကြားချတွက်ရင်တောင် ပါနေဦးမှာပဲ။ ဆိုတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အဲ့ဒီသုံးခုကတော့ မလွတ်ဘူး။ ဘယ်မိုဒယ်နဲ့တွက်တွက် ဒီတိုင်းသုံးတိုင်းကတော့ မလွတ်နိုင်ဘူး”  

မေး။  ။ဆရာ့အနေနဲ့ သီးသန့်ပြောချင်တာ၊ သတိပေးချင်တာများရှိလား?

“အဓိကကတော့ဗျာ။ ပင်လယ်ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တို့ဘာတို့ဆိုရင် လှိုင်းက ပေ ၂၀ လောက်ထိ မြင့်သွားနိုင်တယ်။ ဒါက ရခိုင်ကမ်းလွန် ကမ်းနီး၊ နောက်ပြီးတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းလွန်၊ ကမ်းနီး။ အဲ့ဒီ ရေလုပ်ငန်းလုပ်ကွက်တွေ၊ နောက် ရေနံတူးတဲ့နေရာတွေ အဲ့ဒီနေရာတွေမှာ ပေ ၂၀ လောက်ထိ ဖြစ်နိုင်တယ်။ လက်ရှိအနေအထားအရဆိုရင် ECMWF ရဲ့ ခန့်မှန်းချက်အရတော့ မုန်တိုင်းက အားပျော့သွားတယ်။ တစ်နာရီ မိုင် ၉၀ လောက်ထိ ကျသွားတယ်။ GFS ရဲ့ မုန်တိုင်း ပြင်းအားအရဆိုရင်တော့ အားမလျော့ဘူး။ ၁၀၅ မိုင်လောက်ဖြစ်နေတယ်။ အဲ့ဒီတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့၊ ငပလီ၊ စစ်တွေ၊ ဂွ အဲ့ဒီပင်လယ်ကမ်းခြေရှိတဲ့ နေရာတွေမှာတော့ GFS လမ်းကြောင်းအတိုင်းသာဆို အကုန်စိုးရိမ်စရာချည်းပဲ” 

“ အရေးကြီးတာတော့ ၈ ရက်နေ့နောက်ပိုင်းဆို ၂ ရက်၊ ၃ ရက်လောက်ပဲ အချိန်ရတော့မယ်။ အဲ့တော့ လူတွေအတွက်ဆို ဧရာဝတီတိုင်းဆိုရင်လည်း မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ လူတွေကို ကယ်ဆယ်ရေး လုပ်ဖို့။ အဲ့ဒါတွေ ဘယ်လို လုပ်ကြမလဲဆိုတာတော့ ကျွန်တော်တို့ စိုးရိမ်တယ်။ ဘယ်လိုလူတွေက ဦးဆောင်ပြီး ဘယ်လိုယာဉ်တွေနဲ့ ဘယ်လိုကယ်ထုတ်မလဲဆိုတာ။ ဧရာဝတီတိုင်းထဲမှာဆို ရွာတွေကော၊ မြို့တွေကော နည်းတာမှ မဟုတ်တာ။ ရန်ကုန်တိုင်းလည်း အဲ့လိုပဲ။ ECMWF လမ်းကြောင်း အတိုင်းသွားမယ်ဆို ရန်ကုန်တို့၊ သန်လျင်တို့၊ ခရမ်းတို့၊ သုံးခွတို့ဘက်ကနေပြီး တော်တော်များများ ဘယ်လိုဖြစ်မလဲ မပြောတတ်သေးဘူး။ အဲ့ဒါတွေလည်း ကယ်ထုတ်ဖို့ စဉ်းစားထားရမှာပဲ။ အဲ့ဒီနေရာတွေဆို Shelter (မုန်တိုင်း ဒဏ်ခံအဆောက်အဦ) တွေတောင် ရှိမှာမဟုတ်ဘူး” 

Photos Crd_U Win Naing

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်