ကပ္ပလီပင်လယ်ပြင်မှ လေပွေလှိုင်းကြောင့် မိုးရွာနိုင်ချေရှိသည့် ဒေသများ

22/11/2022 19:51 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နိုဝင်ဘာ ၂၄ ရက်စလို့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်လာမယ့် လေပွေလှိုင်းကြောင့် ဒေသအချို့မှာ မိုးရွာနိုင်ပြီး ကမ်းရိုးတန်းနဲ့နီးတဲ့ဒေသတွေမှာတော့ နေရာကွက်မိုးကြီးတာတွေရှိမယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက် တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ စဖြစ်ခဲ့တဲ့ INVEST 97 W ဟာ ယခင်က မြန်မာနိုင်ငံဘက်ကို ဖြတ်ဝင်ပြီး သက်ရောက်မှုကြီးမယ်လို့ နိုင်ငံတကာမိုးလေဝသဌာနတွေက ခန့်မှန်းခဲ့ပေမယ့် နောက်ဆုံးအခြေအနေ တွေအရမှာတော့ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးချိန်မှာ အားပျော့ပျက်ပြယ်သွားနိုင်တဲ့ အခြေအနေ ပြန်ဖြစ်သွားလို့ သက်ရောက်မှုတော့ အားနည်းသွားပြီလို့ သိရပါတယ်။

ဒါပေမဲ့ အဲ့ဒီကနေ ဖြစ်လာမယ့် လေပွေလှိုင်းအကျန်နဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်လာမယ့် လေပွေလှိုင်း အရှိန်တွေကြောင့် ဒေသအချို့မှာ မိုးရွာနိုင်ချေကတော့ အရင်အခြေအနေအတိုင်း ဆက်ရှိနိုင်သေးတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘယ်ဒေသတွေမှာ မိုးတွေရွာနိုင်သလဲ၊ ဘယ်ဒေသတွေ မိုးများနိုင်လို့ သတိ ထားသင့်လဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါ တယ်။ 

ကပ္ပလီပင်လယ်ပြင်က လေပွေလှိုင်းက ဘယ်တော့လောက်ဖြစ်လာမှာလဲ?

“ ဖြစ်တာတော့ဖြစ်လာမှာ။ သူက ၂၄ ရက် ဆိုရင်ကို မြိတ်နဲ့ကော့သောင်းနဲ့ ကြားထဲလောက် ဘုတ်ပြင်းမြို့ရဲ့ အနောက်ဘက် မိုင် ၁၁၀ လောက် ပင်လယ်ပြင်မှာ လေပွေလှိုင်းကြီးက ရောက်လာပြီ။ ဗဟိုဖိအား ၁၀၀၉ နဲ့ စဖြစ်တယ်။ လေတိုက်နှုန်းကတော့ မများဘူး။ ဖြစ်မှာကတော့ ကျိန်းသေပြီ။ ပြီးရင် ၂၅ ရက်နေ့ကျရင် သူက အနောက်မြောက်ဘက်ကို ဆက်ရွေ့တယ်။ ပြီးတော့ ၂၅ ရက်နေ့ ညပိုင်း လောက်ဆို ကိုကိုးကျွန်းရဲ့အရှေ့တောင် ဘက် မိုင် ၁၇၀ ကို ရောက်ပြီ။ အဲ့ဒီအချိန်ကတည်းကစပြီး ဧရာ ဝတီနဲ့ မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်ခုလုံး အဲ့ဒီဟာတွေမှာ မိုးစပြီးတော့ ရွာမယ်။ ကရင်ပြည်နယ်၊မွန်ပြည်နယ်တွေထဲတော့ နေရာကွက်မိုးကြီးတာတွေ ဖြစ်နိုင်တယ်” 

“ ၂၅၊ ၂၆ လောက်ကစလို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရယ်၊ ပဲခူးတိုင်းတောင်ပိုင်းရယ်၊ ဧရာဝတီရယ်၊ ရန်ကုန်တိုင်းရယ် အဲ့ဒီနေရာတွေမှာ မိုးစကျမယ်။ ကမ်းရိုးတန်းနဲ့နီးလေ မိုးများလေ၊ ကမ်းရိုးတန်းနဲ့ ဝေးလ မိုးအားနည်းလေဖြစ်မယ်။ ပြီးတော့မှ နောက် ၃ ရက်နဲ့ ၅ ရက်ကြား ပြောမယ်ဆိုရင်တော့ မိုး တော်တော်များမယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်း အကုန်လုံးပါမယ်။ နောက် ကယားပြည်နယ်ပါမယ်။ နောက်ပြီးတော့မှ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ပြီးတော့ အလယ်ပိုင်းဆို နေပြည်တော်ထိ ရောက်တယ်။ မိုးရွာနိုင်တဲ့အခြေအနေက။ ကျွန်တော်တို့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းဆိုရင် မြန်အောင်၊ ပြည်အထိ မိုးရွာမယ့်အနေအထား ရှိနိုင်တယ်။ ရခိုင်ပြည်နယ် ဘက်ဆို တောင်ကုတ်နဲ့သံတွဲ တွေအထိ မိုးရွာနိုင်တဲ့ အနေအထားမျိုး ဖြစ်မယ်” 

လေကောပါလာနိုင်လား?

“ လေတော့ မပါဘူးဗျ။ သူက ပင်လယ်မှာတောင်မှ လေတိုက်နှုန်းက တစ်နာရီ ၂၅၊ ၂၆ မိုင်လောက်ပဲ ရှိမယ်။ လှိုင်းအမြင့်လည်း ၃ ပေ၊ ၄ ပေ လောက်ပဲဖြစ်မယ်။ ဆိုတော့ ရေလုပ်ငန်းအဖွဲ့တွေအတွက် တော့ ကံကောင်းသွားတာပေါ့။ ဘာကြောင့် အဲ့လိုဖြစ်သွားလဲဆိုတော့ ပင်လယ်ပြင်အပူချိန်က ပုံမှန် အားဖြင့် ၃၀ လောက်တက်တယ်ဆိုရင် မုန်တိုင်းဖြစ်မယ့်ဟာကို အားဖြည့်ပေးတဲ့ မုန်တိုင်းအစာတစ်ခု ဖြစ်တယ်။ ပင်လယ်ရေငွေ့ကနေတက်လာတဲ့ တိမ်တိုက်တွေက ဖြည့်ပေးမယ်။ ခုက ၂၅ ရက်နေ့ မွန်း တည့် ၁၂ နာရီလို အချိန်မျိုးမှာတောင်မှ ပင်လယ်ရေမျက်နှာပြင်အပူချိန်က ၂၆ ဒီဂရီ စင်တီဂရိတ်ပဲ ရှိတယ်။ ဆိုတော့ ဒါက မုန်တိုင်းကို အားမပေးတော့ဘူးပေါ့။ အဲ့ဒါကြောင့် အားမကောင်းတော့တာ။

အခုဖြစ်တဲ့ဟာက တောင်တရုတ်ပင်လယ်ကနေ စဖြစ်ခဲ့တဲ့ INVEST 97 W နဲ့ ဆက်စပ်နေလား?

“ တောင်တရုတ်ပင်လယ်ကဟာက JTWC ကလည်း ဆက်ဖြစ်မယ်လို့ မပြောတော့ဘူး။ ဒါပေမဲ့ တောင် တရုတ်ပင်လယ်မှာဖြစ်တဲ့ဟာက ဗီယက်နမ်ကမ်းခြေကို ဝင်တယ်။ ဝင်ပြီးတော့မှ အဲ့ဒီ 97 W ရဲ့ ကျန်တဲ့ လေပွေလှိုင်းက ထိုင်းပင်လယ်ကွေ့ကနေ ဝင်လာတယ်။ ဆိုတော့ ဆက်စပ်နေတယ်လို့လည်း ပြောလို့ ရတယ်” 

 “ ၂၄ ရက်နေ့မနက် ၇ နာရီလောက်မှာ ခုန ဗီယက်နမ်ဘက်ကရွေ့လာတဲ့ လေပွေလှိုင်းက ထိုင်း ပင်လယ်ကွေ့ထဲမှာ ဖြစ်တယ်။ ပြီးတော့မှ မြိတ်နဲ့ ကော့သောင်းကြား ဘုတ်ပြင်းလောက်မှာ လေပွေ လှိုင်းတစ်ခု ထပ်ဖြစ်တယ်ပေါ့။ ဆဲလ်နှစ်ခု ကွဲထွက်သွားတဲ့ သဘောမျိုးပါပဲ။ ပြီးတော့မှ အရှေ့ဘက်က တိုက်တဲ့လေစီးကြောင်းနဲ့ ပေါင်းပြီး အားကောင်းပြီး ဒီဘက်ထဲကို ဝင်လာတာပေါ့” 

ဘယ်ရက်လောက်ထိ မိုးရွာတာတွေ ဖြစ်နိုင်လဲ?

“ ၂၈၊ ၂၉ လောက်ထိ ဖြစ်နိုင်တယ်။ အထက်ဘက်က မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ဘက်တွေထိတော့ ရောက်နိုင်တယ်။ ဒါပေမဲ့ အရင်ခန့်မှန်းထားသလို မိုးကုတ်တို့ သပိတ်ကျင်းတို့ဘက်တော့ မရောက်နိုင် တော့ဘူး။ မုံရွာတို့ဘာတို့လည်း မရောက်နိုင်တော့ဘူး။ ဘယ်ထိရောက်နိုင်လဲဆိုတော့ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဟဲဟိုး၊ တောင်ကြီး၊ နမ့်စမ်တွေလောက်ထိပဲ ရောက်တော့မယ်။ မကွေးတိုင်းလည်း ပါတော့ပါတယ်။ သူလည်း ဆိပ်ဖြူလောက်ထိပဲ ရောက်နိုင်တယ်။ ရခိုင်ပြည်နယ် ဆိုရင်လည်း မိုးတော့မများတော့ဘူး။ ကျောက်ဖြူဘက်ဆိုရင် ၂၈၊ ၂၉ လောက်ကျမှ မိုးပါးပါးကျနိုင်တာလောက်ပဲ ဖြစ်တော့မယ်” 

မိုးအများဆုံးရွာနိုင်တာ ဘယ်ဒေသတွေ ဖြစ်မလဲ?

" အများဆုံးရွာမှာက ရန်ကုန်တိုင်းရယ်၊ ပဲခူးတိုင်းတောင်ပိုင်းရယ်၊ ဧရာဝတီတိုင်းတောင်ပိုင်း ဟင်္သာတက နေ ဟိုးကမ်းရိုးတန်းအထိဆိုတော့ တစ်ခုလုံးလို့တောင် ပြောလို့ရတယ်။ ပဲခူးတိုင်းကတော့ အရှေ့ခြမ်း က ပိုများမယ်။ အနောက်ပိုင်း ပြည်ဘက်ခြမ်းကတော့ နည်းနည်းလျော့မယ်"  

အခု ကပ္ပလီပင်လယ်မျာ ဖြစ်လာမဲ့ လေပွေလှိုင်းဟာ အများဆုံး လေဖိအားနည်းရပ်ဝန်းအဆင့်လောက်အထိသာ ဖြစ်နိုင်ပြီး ဒီလေပွေလှိုင်းပြီးရင်တော့ နိုဝင်ဘာလကုန်အထိ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း ထပ်ဖြစ်နိုင်မဲ အခြေအနေတော့ မတွေ့သေးဘူးလို့လည်း ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်