အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၃၄) ပေါင်းသိပ္ပံပညာ

25/07/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခန်း (၁၉) ပေါင်းသိပ္ပံပညာ

Chapter (19) Weed Science

  • ပေါင်းပင်ကြောင့် အထွက်ကျစေနိုင်သည်။ ရောဂါပိုးမွှားများ ခိုအောင်းရာနေရာဖြစ်စေနိုင်သည်။ သီးနှံအရည်အသွေးညံ့ဖျင်းစေနိုင်ပြီး ရောင်းချရာတွင် ဈေးနှိမ်ခံရနိုင်သည်။
  • ဝါပင်သည် အသုံးဝင်သောအပင်ဖြစ်သော်လည်း နှမ်းခင်းထဲတွင် ပေါက်နေပါကမူ ပေါင်းသာဖြစ်သည်။
  • ပေါင်းပင်များကို လက်တွေ့ကာကွယ်နှိမ်နင်းရန်မှာ သူတို့ဘယ်လိုမျိုးပွားပြန့်ပွားသလဲဆိုသည့်အကြောင်းကို ကောင်းကောင်းသိရန် လိုပေမည်။

ထိုထိုအကြောင်းများကြောင့်.....

ပေါင်းနှင့်ပေါင်းနှိမ်နှင်းရေး (Weed and Weed Control) သည် တောင်သူလယ်သမားဦးကြီးများအတွက် အရေးတကြီးလိုအပ်သော ပညာရပ်ဖြစ်ပေသည်။

ပေါင်းဆိုသည်မှာ မလိုလားအပ်သောနေရာတွင် အချိန်အခါမဟုတ် ပေါက်ရောက်နေသော အပင်ဖြစ်သည် (A plant growing where it is not desired, or a plant out of place)။ ဥပမာ- ဝါသည်လိုလားအပ်သောအပင်တစ်မျိုးဖြစ်သော်လည်း ပြောင်းစိုက်ခင်းတွင်လည်းကောင်း၊ နှမ်းစိုက်ခင်းတွင်လည်းကောင်း လူကမစိုက်ဘဲ ပေါက်ရောက်နေပါက ဝါပင်သည် မလိုလားအပ်သော အပင်ဖြစ်၍ ပေါင်းပင်ဟု ယူဆရပေမည်။  ​တောင်သူလယ်သမားများအတွက်  အသုံးမတည့်သော်လည်း  ကျွဲနွားစာ (Forage Crop)၊ သဘာ၀​မြေသြဇာ (Manure)  ပြုလုပ်ပေးနိုင်ပါက လယ်ယာမြေများအတွက် အကျိုးရှိနိုင်ပါသည်။

လယ်ဖြစ်စေ၊ ယာဖြစ်စေ မိရိုးဖလာအရ လူအင်အားဖြင့် ပေါင်းထိုး၊ မြေတောင်မြှောက်၊ သမန်းနှိုး စသည်တို့ လုပ်ဆောင်လာရာကနေ လုပ်အားခကြီးမားလာမှု၊ လူနှင့်ပေါင်းနှိမ်နှင်းရာတွင် လူအငှားခက်ခဲလာမှု၊ လုပ်သားရှားပါးလာမှုတို့ကြောင့် ဓာတုဗေဒပေါင်းသတ်ဆေးများ (Chemical Herbicides of Weedicides) သုံးစွဲလာကြရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်အတူ စားသုံးသူ ပြည်သူလူထု၊ လယ်ယာအနီးရှိ ချောင်း၊ မြောင်းများအတွင်း ဓာတ်ကြွင်းပစ္စည်းများ စီးဆင်းရာမှ ငါး၊ ပုဇွန်၊ တိရစ္ဆာန်များ သေဆုံးကုန်ကာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာမှုများ (Environmental Pollution) ကအစ ဖြစ်လာပါသည်။

ပေါင်းပင်တို့သည် သီးနှံပင်၏မြေနေရာလုယူမှု (Crop Weed Competition) ကြောင့် စိုက်ပျိုးပင်များအရေအတွက် ဦးရေနည်းပါးပြီး အထွက်လျော့၊ ဆုံးရှုံးမည် (Yield Losses) ဖြစ်သည်။ အချို့ပေါင်းပင်များသည် လျင်မြန်စွာကြီးထွားခြင်းကြောင့် စိုက်ပင်၊ သီးနှံများအား မကြာမီဖုံးအုပ်၍ (Canopy) စိုက်ပင်များအတွက် လိုအပ်သောအလင်းရောင် (Light and Solar Radiation) ကို များစွာမရရှိနိုင်တော့ပါ။ စိုက်ပင်များကြားထဲတွင် လေဝင်လေထွက်မလွယ်ကူသဖြင့် စိုက်ပင်များ အားပျော့ကာ နွယ်တက်ခြင်း (သို့မဟုတ်) သေကြေပျက်စီးခြင်း ဖြစ်ကြရသည်။ ထို့ကြောင့် အထွက်လျော့နည်းစေပါသည်။

မြေမှဩဇာဓာတ်နှင့် ရေများကို ပေါင်းပင်များက စုပ်ယူစားသုံးခြင်းဖြင့် သီးနှံပင်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတော့ဘဲ အထွက်နည်းပါးပြီး သီးနှံမျိုးပင် ဆုံးပါးရလေသည်။ အချို့ပေါင်းပင်တို့သည် အစာရေစာနှင့် ဩဇာဓာတ်များကို မြေကြီးမှမယူဘဲ စိုက်ပင်၏ ပင်စည်ပေါ်တွင် တွယ်ကပ်၍လည်းကောင်း၊ အမြစ်တွင်တွယ်၍လည်းကောင်း စားသောက်ကြသဖြင့် (Antagonism) စိုက်ပင်သည် တဖြည်းဖြည်း အားအင်ချည့်နဲ့ကာ အထွက်လျော့သည်သာမကဘဲ သေကြေနိုင်သည်။ (ဥပမာ- ပြောင်းပင်၏အမြစ်ကပ်ပါးပင်ဖြစ်သောပွင့်ဖြူပင်-Parasite) အချို့ပေါင်းပင်တို့သည် လူနှင့်ကျွဲနွားများအား ယားယံစေတတ်ခြင်း၊ အသီးကိုစားမိပါက အဆိပ်အတောက်ဖြစ်၍ သေစေတတ်ခြင်းများ ဖြစ်တတ်လေသည်။ ဥပမာ ခွေးလှေးယားပင်၊ ပဒိုင်းပင် အစရှိသည်တို့ဖြစ်သည်။

သီးနှံပင်များအား ဖျက်ဆီးတတ်သော ရောဂါပိုး (Plant Pathogens) နှင့် အင်းဆက်ပိုး (Insect Pests) တို့သည် သီးနှံပင်မရှိစဉ်တွင် ပေါင်းပင်တို့ကို စားသောက်ခြင်းဖြင့်သော်လည်းကောင်း၊ ရောဂါနှင့် အင်းဆက်ပိုးတို့ကို စိုက်ခင်းအတွင်း၌ လည်းကောင်း၊ ပေါင်းပင်တို့အကြား ဖုံးကွယ်ထားခြင်းဖြင့်လည်းကောင်း သီးနှံအပင်များ ရောဂါကျရောက်မှုနှင့် အင်းဆက်ပိုး ဖျက်ဆီးမှုကို အားပေးလေသည်။ အချို့ပေါင်းပင် အသီးအနှံများသည် သီးပင်နှင့် တစ်ချိန်တည်း ရင့်မှည့်ကြသဖြင့် သီးနှံရိတ်သိမ်းသည့်အခါတွင် ထိုပေါင်းပင်အစေ့များ ပါဝင် ရောနှောခြင်းကြောင့် ထိုသီးနှံမျိုးကို နောင်နှစ် စိုက်လျှင် ပေါင်းမြက်များလည်း ရောထွေးပေါက်လာသည်။ ရောင်းရာတွင်လည်း ဈေးနှိမ်ခံရသည် (Poor Quality)။ 

အကယ်၍ ပေါင်းများကို ကနဦးက မနှိမ်နင်းဘဲ ၎င်းသီးနှံမျိုးကို ပြန်လည်စိုက်လျှင် မျိုးနှင့် ရောထွေး၍ ပေါင်းပင်များပေါက်လာမည်ကို အထက်က ပြောခဲ့ပြီးဖြစ်သည်။ ထိုအခါ ပေါင်းနှိမ်နင်းရလျှင် စရိတ်စက ကုန်ကျမည်။ ပေါင်းမျိုးမရောက်အောင် ရွေး၍ရိတ်သိမ်းလျှင်ဖြစ်စေ၊ ရောပြီးသားမျိုးကို ရွေးထုတ်ရလျှင်ဖြစ်စေ စရိတ်ပိုမိုကုန်ကျပေမည်။ ပေါင်းများသည် ရေစီးရေလာ မြောင်းများကို ပိတ်ဆို့ ခြင်းဖြင့် ရေသွားရေလာခက်ခဲပြီး ရေဝပ်ခြင်း၊ ရေတိုက်စားခြင်း၊ ရေလိုသောနေရာတွင် မရနိုင်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။ မြေယာကို ရောင်းချလိုပါကလည်း ပေါင်းများထူထပ်လျှင် ထိုမြေတန်ဖိုး လျော့မည်မှာ အမှန်ပင်ဖြစ်သည်။

ပေါင်းပင်သည် စိုက်ပင်များအား အနှောင့်အယှက် များစွာဖြစ်စေသည်။ အမျိုးလည်း စုံလှသဖြင့် နည်းမျိုးစုံဖြင့်နှိမ်နင်းရပေမည်။

စိုက်ခင်းတွင်သာမကဘဲ တာလမ်း၊ မီးရထားသံလမ်း၊ တံတားများ၊ အဆောက်အဦများ ရေကြောင်းများတွင်လည်း (Transportation Problem) ဒုက္ခပေးလေသည်။ ဖျက်ဆီးပိတ်ဆို့ကြသဖြင့် ပေါင်းနှိမ်နင်းမှုကို အထူးဂရုမူရမည်။ အမှန်မှာ ထွန်ယက်ခြင်း (Cultivation) ၏ ရည်မှန်းချက်ထဲတွင် ပေါင်းနှိမ်နင်းခြင်းသည်မူလပင်ဖြစ်သောကြောင့် စိုက်ပျိုးကုန်ကျစရိတ်ကို ပြန်လည်ဆန်းစစ်ကြည့်ပါလျှင် သုံးပုံတစ်ပုံမှ တစ်ဝက်နီးနီးမှာ ပေါင်းနှိမ်နင်းရေးအတွက် ကုန်ကျသည်။ နောက်ပိုင်း ပေါင်းထိုးလုပ်သားရှားပါးလာသဖြင့် ပေါင်းသတ်ဆေးများစွာ သုံးစွဲရင်း ပတ်ဝန်းကျင် ညစ်ညမ်းလာနိုင်ပါသည်။ 

ပေါင်းပင်များကို သက်တမ်းအလိုက် ခွဲခြားထားခြင်းဖြင့် ၎င်းတို့ဘေးဥပါဒ်ပေးတတ်သော လက္ခဏာများကို လေ့လာပြီး နှိမ်နင်းနိုင်သည့် ပေါင်းပင်တို့ကို သက်တမ်းအလိုက် (၃) မျိုးခွဲနိုင်သည်။ ၎င်းတို့မှာ-

၁။ တစ်နှစ်ခံပင်များ (Annual Plants)

၂။ နှစ်နှစ်ခံပင်များ (Biennial Plants)

၃။ နှစ်ရှည်ခံပင်များ (Perennial Plants) ဖြစ်ကြသည်။

၁။ တစ်နှစ်ခံပင်များ

တစ်နှစ်ခံအပင်တို့မှာ တစ်နှစ်အတွင်းသို့မဟုတ် တစ်ရာသီအတွင်းအပွင့်ပွင့်၍ အသီးသီးပြီးနောက် သေကြေပျက်စီးသွားသည်။ ၎င်းတို့ကို နှစ်စဉ်ဆက်လက်၍ အသီးအပွင့်များ မျိုးစေ့အဖြစ် မရောက်မီ ဖျက်ဆီးပစ်ခြင်းဖြင့် မျိုးဆက်မပြန့်ပွားအောင် အလွယ်တကူ ကာကွယ်နိုင်သည်။ အခြားတစ်နည်းမှာ ပေါင်းမျိုးစေ့များ မြေထဲတွင်ရှိစဉ်တွင် ထွန်ထယ်ပေးခြင်းဖြင့် လျင်မြန်စွာ ပေါက်လွယ်လာသည်။ ထိုပေါက်လာသော ပေါင်းပင်များကို ချေမှုန်းဖျက်ဆီးခြင်းဖြင့် မျိုးဆက်ကိုပြတ်စေမည်ဖြစ်သည်။

၂။ နှစ်နှစ်ခံပင်များ

နှစ်နှစ်ခံပင်ဆိုသည်မှာ အပင်သည်ပထမနှစ်တွင် ပင်စည်နှင့် အရွက်တို့သာလျှင် ဖြစ်ထွန်း၍ ဒုတိယနှစ်တွင် အပွင့်များပွင့်လာကာ မျိုးစေ့များဖြစ်ထွန်းပြီး သေကြေကြလေသည်။ ၎င်းအပင်များမှာ မြန်မာပြည်တွင် ပေါင်းပင်အဖြစ် များစွာအရေးပါအရာရောက်မှုမရှိချေ။ သို့သော် ထိုအပင်များကို တစ်နှစ်ခံအပင်များကဲ့သို့ပင် ကာကွယ်နှိမ်နင်းနိုင်သည်။

၃။ နှစ်ရှည်ခံအပင်များ

နှစ်ရှည်ခံအပင်ဆိုသည်မှာ နှစ်နှစ်ထက်ကျော်လွန်ပြီး အပင်အဖြစ် အသက်ဆက်လက်ရှင်နေသောအပင်များကို ခေါ်ဆိုသည်။ ၎င်းအပင်များသည် အလွန်အသက်ပြင်းသော ပေါင်းပင်များဖြစ်သဖြင့်၊ နှိမ်နင်း၊ ကာကွယ်ရန်လည်း အခြားအမျိုးအစားများထက် များစွာခက်ခဲလေသည်။ ဤအပင်များ၏ အထက်ပိုင်းကို ခြေမှုန်းဖြတ်တောက်သော်လည်း (Eradication) အောက်ပိုင်းမှ ပြန်လည်ပြီး အကိုင်းအခက်များ ထွက်လာနိုင်သည်။ မြေအောက်ရှိ ၎င်း၏အမြစ်ဆုံ မြစ်ပွားများပါမကျန် လိုက်လံနှုတ်ပစ်မှသာလျှင် ဤပေါင်းပင်သေကြေပေမည်။ အကယ်၍ နုတ်ယူမပစ်ဘဲ အပိုင်းပိုင်းအစစ ဖြတ်တောက်ပါမူ ထိုအပိုင်းတိုင်းမှ တစ်ပင်စီ ပွားများလာနိုင်သဖြင့် ၎င်းတို့ကို ပိုမိုပွားများ သန်စွမ်းစေရန် ပြုလုပ်သကဲ့သို့ ရှိစေပေမည်။

ပေါင်းပင်များ၏ဇီဝဗေဒနှင့်ဂေဟဗေဒ (Weed Biology and Ecology) ကိုသေချာစွာလေ့လာပြီး ပေါင်းပင်မျိုးများပြန့်ပွားနည်း (Dissemination of Weeds) ကို ပထမဦးစွာသိရှိရန်လိုအပ်ပေသည်။ ၎င်းတို့ပြန့်ပွားပုံကို သိရှိမှသာလျှင် လက်တွေ့အားဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပေမည်။ 

ပေါင်းပင်များ၏အကြမ်းခံနိုင်သောသဘောတရားမှာ - 

(က) ပတ်ဝန်းကျင်မျိုးစုံတွင်အညှောက်ပေါက်နိုင်သည် (Adaptation to wide range of Environmental condition)

(ခ) ပေါင်းမျိုးစေ့သည်နှစ်ကြာမြင့်စွာရှိသော်လည်း အချိန်မရွေးရှင်သန်နိုင်သည် (Great Longevity of seeds)

(ဂ) မျိုးစေ့များ ဆက်တိုက်ထုတ်ပေးနိုင်သည် (Very high seed output)

(ဃ) အလွန်မြန်ဆန်သော ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု (Rapid Vegetative Growth) ရှိသည်။

အချို့ပေါင်းမျိုးစေ့၏ အင်္ဂါအစိတ်အပိုင်းသည် အတောင်ကဲ့သို့လည်းကောင်း၊ အမျိုးမျိုးကွဲပြားစွာ ရှိလေသည်။ ထိုသို့သော မျိုးစေ့များသည် အပင်မှ ကြွေကျသောအခါ လေအဟုန်ပြင်းထန်ခဲ့ပါလျှင် မြေပေါ်သို့မကျရောက်မီ လေနှင့်အတူအဝေးသို့ ရောက်ပြီးမှ မြေပေါ်သို့ကျသည်။ ဥပမာ ပိတောက်၊ ဒန့်သလွန်၊ အင်၊ ကညင်၊ ကြောင်လျှာ၊ မရွေး၊ လက်ပံ အစရှိသည်တို့ဖြစ်သည်။

အချို့ အသီး၊ အစေ့တို့အတွင်း၌ လေခိုအောင်းနိုင်သောကြောင့် အလေးချိန်ပေါ့၍ ရေပေါ်တွင် လွယ်ကူစွာ ပေါ်ကြသည်။ အချို့လည်း သာမန်အားဖြင့် ရေတွင် နစ်မြုပ်မည်ဖြစ်သော်လည်း အကိုင်းခြောက်၊ အညှာခြောက်များနှင့်တွဲလျက် ရေထဲတွင် မနစ်မြုပ်ဘဲ ရေစီးရာသို့ ပါသွားလေသည်။ ဤကဲ့သို့ ပေါင်းမျိုးပြန့်ပွားခြင်းမှာ ဆည်ရေသောက်လယ်ယာမြေများတွင်အလွန်ပင်ဆိုးရွားသည်။ ဆည်မြောင်းထိပ်မှ လယ်တွင်လည်းကောင်း၊ မြောင်းဘေးတွင်လည်းကောင်း မလိုလားအပ်သော ပေါင်းပင်များ ပေါက်ရောက်နေပါက ရေစီးအောက်တွင်ရှိသည့် လယ်ယာမြေတွင် ထိုပေါင်းပင်များ ပြည့်ညပ်နေသည်မှ အဆင့်ဆင့်ပေါင်းထူသော လယ်ယာမြေတပြင်ကြီး ဖြစ်သွားနိုင်သည်။ ဥပမာ မြက်သီးများနှင့် ဗောက်ခွေး အစရှိသည်တို့ဖြစ်သည်။

ကျေးငှက်တိရစ္ဆာန်နှင့် လူတို့သည် မိမိစားသုံးရန် သီးနှံကိုယူဆောင်ရာတွင် ခြေထောက်နှင့် အမွေးတို့တွင် ကပ်ငြိသောအခါတွင်လည်းကောင်း ပါလာသော ပေါင်းစေ့များ ကျရောက်၍ ထိုအစေ့များသည် မြေတွင် အစိုဓာတ်နှင့် တွေ့သောအခါ အပင်ပေါက်လာတော့သည်။ ဥပမာ သဖန်း၊ ညောင်၊ ကပ်စေးနဲနှင့် မြက်စေ့ စသည်တို့ဖြစ်သည်။ အချို့ပေါင်းပင် အသီးအတွင်းရှိ အစေ့တို့သည် အသီးများ အလွန်ခြောက်သွေ့သောအခါ ရုတ်တရက် ချက်ချင်းအက်ကွဲသဖြင့် အတန်ငယ်ဝေးစွာ လွင့်စင်သွားကြသည်။ ဥပမာ ဒန်းသီး၊ ပဲမျိုးအသီးများ ဖြစ်သည်။ 

တစ်ရပ်မှ တစ်ရပ်သို့ လှေ၊ လှည်း၊ မြင်း၊ မီးရထား၊ လေယာဉ် စသည်တို့ဖြင့် သွားလာရာ၌ ပေါင်းစေ့များ ကပ်၍ပါခြင်းနှင့် ကူးသန်းရောင်းဝယ်သော ကုန်များတွင် တွယ်ကပ်ပါခြင်း သီးနှံကုန်များကို ဖိတ်ကျခြင်း စသည်တို့ဖြင့်လည်း ပေါင်းစေ့များ ပြန့်ပွားနိုင်သည်။

မိုးဦးကျသည်နှင့်တစ်ပြိုင်နက် ထွန်ထယ်များဖြင့် မြေကို ထိုးဆွပေးလျှင် ပေါင်းမျိုးစေ့များကို အပင်ပေါက်လာစေသည်။ ထိုပေါက်လာသောအပင်များကို ထပ်မံထွန်မွှေပေးခြင်းဖြင့် ဖျက်ဆီးပစ်ရမည်။ သီးနှံရိတ်သိမ်းပြီးလျှင်ပြီးချင်း ထယ်ကို အခါအားလျော်စွာ ကြိမ်ဖန်များစွာ ထိုးပေးခြင်းဖြင့် ပေါင်းကို နှိမ်နင်းနိုင်သည်။

ထယ်ထိုး၍ ကျန်သေးသောပေါင်းများကို လက်ဖြင့်နုတ်ယူခြင်း (Hand or Manual Weeding) ဖြင့်ပေါင်းပင်တို့၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သည်။  အတန်းလိုက်စိုက်သောအခင်းများတွင် ကြားလိုက်ကိရိယာများကို အသုံးပြုခြင်း (Intercultivation) ဖြင့် အတန်းကြားတွင် ပေါက်သော ပေါင်းများကို နှိမ်နင်းနိုင်သည်။

သီးနှံများ အလှည့်ကျစိုက်ပျိုးခြင်း (Crop Rotation) ဖြင့် ပေါင်းကိုနှိမ်နင်းနိုင်သည်။ ဥပမာ ပြောင်းခင်းတွင်သာ ပေါက်လေ့ရှိသော ပွင့်ဖြူပင်နှိမ်နင်းရန်မှာ ထိုအခင်းတွင် မြေပဲစိုက်လျှင် ထိုပွင့်ဖြူမျိုးစေ့ ပေါက်သော်လည်း အမြစ်တွယ်ကပ်ခွင့်မရှိတော့သဖြင့် ကောင်းစွာ မကြီးထွားနိုင်တော့ဘဲ နောက်ဆုံးသေကြေသွားသည်။ ပေါင်းပင်အချို့ကို ရေသွင်း၍ (Irrigation) စိုက်ခင်းကို လွှမ်းမိုးထားခြင်းဖြင့် ပေါင်းပင်များ သေကြေနိုင်သည်။ ပထမသော် အောက်ရွက်များဝါလာပေမည်။ ထို့နောက်တဖြည်းဖြည်း တစ်ပင်လုံးဝါပြီး အပင်ရိလာကာ သေကြေသွားတော့သည်။ ဤနည်းဖြင့် မြက်ပင်မျိုးများတော့မသေနိုင်ပါ။

နိုင်ငံခြားတွင် လေဖြင့်မှုတ်သော မီးလုံးကြီးများ (Flame Guns) ဖြင့် ပေါင်းပင်များကို သတ်ကြသည်။ ဤကဲ့သို့ ကိရိယာဖြင့် ပေါင်းပင်ကာကွယ်ခြင်းသည် ငွေကုန်ကြေးကျများသော်လည်း မျက်မြင်ကိုယ်တွေ့နွမ်းပြီး လောင်ကျွမ်းသွားသဖြင့် အလွန်ထိရောက်သောနည်းဖြစ်သည်။ 

ပေါင်းသတ်ဆေးများကို အသုံးပြုခြင်းဖြင့် ပေါင်းကိုနှိမ်နင်းနိုင်သည်။ အချို့ ပေါင်းသတ်ဆေးသည် ပေါင်းပင်များကို ရွေး၍ (Selective Weed Herbicides) သတ်နိုင်သည်။ အချို့မှာ အပင်တိုင်း (Non-Selective Weed Herbicides) ကို သေစေသည်။ အချို့ဆေးသည် လူနှင့် ကျွဲ၊ နွားများကိုပါ အဆိပ်ဖြစ်စေသဖြင့် အသုံးပြုရာ၌ လေ့လာစုံစမ်းပြီး ဆင်ခြင်၍ အသုံးပြုသင့်သည်။ ဤနည်းဖြင့် တိုးတက်သော နိုင်ငံများတွင် ပေါင်းကို နှိမ်နင်းကြ၏။

နမူနာအဖြစ် ပေါင်းသတ်ဆေးများမှာ

၁။ ဆာဖြူရစ်အက်ဆစ် (Sulphuric acid)

၂။ တူး၊ ဖိုး၊ ဒီ (2,4-D) 2,4 dichloro phenoxy Acetic acid.

၃။ တူး၊ ဖိုး၊ ဖိုက်၊ တီ (2,4,5-T) 2,4,5 Trichloro phenoxy Acetic acid.

၄။ အမ်စီပီအေ (MCPA), 4-chloro – 2 methylphenoxy Acetic acid

၅။ အမ်စီပီဘီ (MCPB) 4- (4-chloro-2-methylphenoxy) Butyric acid.

၆။ တီစီအေ (T.C.A) Trichloracetic acid

၇။ အေရီးနား ၈၀ ဒဗလျူပီ

၈။ ဂလိုင်ဖိုဆိတ် (Roundup)

၉။ ဘန်စီနိတ် (Bencinate 53 WP) စသည်တို့ ဖြစ်သည်။

တချို့ပေါင်းသတ်ဆေးများသည် ဟော်မုန်း (Hormone) အမျိုးအစားထဲမှ ဖြစ်သည်။ ဤဆေးအနည်းငယ်ကို ရေဖျော်၍ အပင်အား ဖြန်းပါက မြက်မျိုးမဟုတ်သော အရွက်ပြန့်အပင်တို့သည် ဆဲတမဟုတ်တိုးပွားများလာ၍ နုလာပြီး ဆဲလ်များ ပေါက်ကွဲကာ ရက်အနည်းငယ်အတွင်း သေကြေစေသည်။ ဤဆေးသည် ပေါင်းပင်ကို သေသည်အထိ ကြီးထွားမှုမြန်စေသည်ဆိုက မမှားပေ။ အထက်ဖော်ပြပါဆေးများကို နာမည်အမျိုးမျိုးဖြင့် တိုးတက်သောနိုင်ငံများတွင် ရောင်းချကြသည်။ အချို့ဆေးကို တစ်မျိုးတည်းတွင် နာမည်အမျိုးမျိုးပေးသကဲ့သို့ အချို့လည်း ဆေးနှစ်မျိုး သုံးမျိုး ရော၍ အမည်အမျိုးမျိုးနှင့် ရောင်းချကြသည်။ 

သီးနှံပင်မစိုက်မီ စိုက်ကွက်ကို သင့်တော်သော အပင်အတိုင်း သေစေသည့် ပေါင်းသတ်ဆေး (Non-Selective Weedicides) အမျိုးမျိုးကို ပက်ဖျန်းထားခြင်းဖြင့် အပင်ဟူသမျှကို သေကြေစေသည်။ ဤကဲ့သို့ ပက်ဖျန်းခြင်းကို သီးနှံအကြိုပေါင်းသတ်ခြင်း (Pre-Emergence Spray) ဟုခေါ်သည်။ ထိုဆေးအာနိသင် ပြယ်လောက်သော ၂ ရက်မှ ၇ ရက်ကျော်လွန်သောအခါ (ဆေးအမျိုးအစား၊ နှုန်းထား၊ ရာသီဥတုပေါ်မူတည်သည်) မျိုးစေ့ကို မျိုးစေ့ချကိရိယာဖြင့်စိုက်သည်။ သီးနှံပင်များ အတော်အသင့် ကြီးထွားလာသောအခါ မသေ၍ကျန်ရစ်သော ပေါင်းမြက်တို့လည်း အနည်းငယ်ထလာပြန်လေရာ မြက်မျိုးဖြစ်သော စပါး၊ ပြောင်း၊ ဂျုံ အစရှိသည်တို့စိုက်က သင့်တော်သည့် ရွေးသေစေသော ပေါင်းသတ်ဆေး (Selective Weedicides) ကို သီးနှံပင်အား အထူးမရှောင်ရဘဲ ပက်ဖျန်းပြန်သည်။

အချို့ လေယာဉ်ဖြင့်၊ လူမပါသောယာဉ် (Drone) များဖြင့်ပက်ဖျန်းကြ၏။ အကယ်၍ သီးနှံပင်သည် အရွက်ပြားအပင်မျိုး (Broad Leaf Type) ဖြစ်က အထက်ဖော်ပြပါ ဆေးမျိုးကိုပင် သီးနှံပင်အတန်းကြား စိုက်ပင်ကို မထိစေနိုင်သော အကာအကွယ် များဖြင့် ပက်ဖျန်းရပြန်သည်။ ဤကဲ့သို့ ပက်ဖျန်းခြင်းကို သီးနှံပင်ပေါက်ပြီး ပေါင်းသတ်ခြင်း (Post Emergence Spray) ဟုခေါ်သည်။ များသောအားဖြင့် ဤနှစ်ကြိမ်ပက်ဖျန်းခြင်းဖြင့် လုံလောက်ပြီဖြစ်၍ ထပ်မံပက်ဖျန်းရန် မလိုတော့ချေ။

ပေါင်းသိပ္ပံပညာ၏အခြေခံသဘောတရားများကို စနစ်တကျ သင်ယူမည်ဆိုပါက -

  • (က) ပေါင်းပင်၏ အဓိပ္ပာယ်ဖော်ဆိုချက် (Definition of Weeds)
  • (ခ) ပေါင်းပင်၏ဇီဝဗေဒနှင့်ဂေဟဗေဒ (Weed Biology and Weed Ecology)
  • (ဂ) ပေါင်းပင်များ၏ဖျက်ဆီးမှု လက္ခဏာအသွင်အပြင်များ (Characteristics of Weeds)
  • (ဃ) ပေါင်းပင်များကို အမျိုးအစားခွဲခြားခြင်း (Weed Classification)
  • (င) ပေါင်းပင်များမျိုးပွားပျံ့နှံ့ခြင်း (Weed Reproduction and Dispersal) စသည့် ပေါင်းပင်၏ အခြေခံသဘောတရားများကို သင်ယူရပြီး ပေါင်းနှိမ်နင်းရေး (Weed Control) 
  • (စ) ပြင်ပလုပ်အား၊ ကိုယ်တိုင်နှိမ်နှင်းခြင်း (Physical or Mechanical Methods) ဥပမာ - လူကိုယ်တိုင်လိုက်၍ပေါင်းနှိမ်ခြင်း (Hand Weeding)၊ ပေါက်ပြားငန်းပြားဖြင့်နှိမ်နှင်းခြင်း (Hand Hoeing)၊ စက်တံစဉ်များဖြင့်ရိတ်ဖြတ်ခြင်း (Mowing/Cutting)၊ အခြောက်ခံမီးရှိ့ပစ်ခြင်း (Burning/Flaming)၊ မြေဖုံးပစ္စည်းများဖြင့် ဖုံး၍နှိမ်နှင်းခြင်း (Mulching) - ခေတ်မီနိုင်ငံများတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စိုက်ပျိုးရာ၌ ပလတ်စတစ်စများဖုံးကာ အပင်ကိုသာ ကြီးထွားစေသောနည်းစနစ်ဖြစ်၍ ပေါင်းပင်များတက်မလာတော့ပါ။ 

ပေါင်းသိပ္ပံပညာ (Weed Science) ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျွန်တော်တို့ကျောင်းသားဘဝက ဆရာမကြီး ဒေါ်ကျော့တင် သင်ပေးခဲ့ပြီးနောက်ပိုင်း ပါမောက္ခ ဆရာမကြီး ဒေါက်တာမာမာကြူ ဆက်လက်သင်ကြားပေးခဲ့ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ဆရာကြီးဦးစောလယ်ဝါးသည်လည်း ပေါင်းပညာ အထူးပြုလေ့လာခဲ့ပြီး စာအုပ်များပါ ထုတ်ဝေခဲ့ပါသည်။ ဆရာကြီး၊ ဆရာမကြီးများမှာ အငြိမ်းစားယူသွားကြပြီဖြစ်ရာ လယ်ယာသီးနှံဌာနမှ ဆရာမလေးတယောက် ပေါင်းပညာအထူးပြုဖြင့် ဂျပန်နိုင်ငံတွင် ပါရဂူဘွဲ့ပညာသင်ကြားနေသည် ဟူ၍ ကြားသိရပါသည်။ မည်သို့ပင်ဆိုစေ ဤပညာကို မဟာသိပ္ပံ၊ ပါရဂူဘွဲ့များအထိပါ နိုင်ငံပေါင်းစုံစေလွှတ်ပညာသင်ကြားစေလျှက် သင်ကြားရေး၊ သုတေသနများကို တက္ကသိုလ်၊ သုတေသနဌာနများစွာက ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

မှီငြမ်း - ဒေါက်တာဆလိုင်းထွန်းသန်း (၁၉၆၉) အခြေခံစိုက်ပျိုးရေးသိပ္ပံပသညာ

Monaco, T.J., Weller, S.C. and Ashton, F.M. (2002) Weed Science: Principles and Practices. Fourth Edition, J. Wiley & Sons, US.

ဒေါက်တာမျိုးကြွယ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်