ပေါင်းသိပ္ပံပညာ(၂)

20/03/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (67)  

Weed Science (part – 2) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၇) 

ပေါင်းသိပ္ပံပညာ အမှတ် -၁ ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး အမှတ်စဉ် (၃၄) ၌ စတင်ရေးသားခဲ့ပါသည်။  နိုင်ငံအများစုရှိတက္ကသိုလ်များ၌ ပေါင်းသိပ္ပံပညာကို အထူးပြု ဘာသာရပ် (Major Subject/Specialization) အနေနှင့် ဘွဲ့ကြို၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ သင်တန်းများပါ သင်ကြားသုတေသနပြုလျက်ရှိနေပါသည်။ ပေါင်းသိပ္ပံပညာရပ်ကို လေ့လာရာတွင် ပြဌာန်းစာအုပ် (Text Books) နှင့် ရည်ညွှန်းစာအုပ် (Reference Books) အချို့ကို လေ့လာကြည့်ရအောင်ပါ။ 

 

ပုံ ၁ - ပေါင်းပင်များ

(က) အခြေခံပေါင်းသိပ္ပံပညာ - ရေးသားသူ ရောဘတ်ဇင်ဒယ် (Zimdahl, Robert L. 2007. Fundamentals of Weed Science. 3rd Ed. Academic Press. 689p.) စာအုပ်တွင် ပါဝင်သော အပိုင်းများမှာ..

အခန်း - ၁ မိတ်ဆက် (Introduction) သမိုင်းကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် ပေါင်းပင်၏ အရေးကြီးပုံ

အခန်း - ၂ ပေါင်းပင်များ - အစ (Weeds – The Beginning) ပေါင်းပင်၏အဓိပ္ပာယ်၊ ပေါင်းပင် များ၏ အခြေခံလက္ခဏာများ၊ စိုက်ပျိုးပင်များနှင့်ပြိုင်ဆိုင်မှု၊ ကုန်ကျစရိတ်များ၊ ပေါင်းပင်များကြောင့် လယ်ယာထွက်ကုန်များ အရည်အသွေးနိမ့်ကျသွားမှု၊ 

အခန်း - ၃ ပေါင်းပင်များအား အမျိုးအစားခွဲခြားခြင်း (Weed Classification) ရုက္ခဗေဒစနစ်အတိုင်းခွဲခြားခြင်း (Botanical Classification)၊ ပေါက်ရောက်ပုံအပေါ်မူတည်၍ ခွဲခြားခြင်း၊ အပင်သက်တမ်းအပေါ်မူတည်၍ခွဲခြားခြင်း၊ (ဥပမာ တနှစ်ခံပင် (Annual Weeds)၊ နှစ်နှစ်ခံပင် (Biennial Weeds)၊ နှစ်ရှည်ပင် (Perennial Weeds))

အခန်း - ၄ ရိုးရာဆိုင်ရာပေါင်းပင်များ၏ ရုက္ခဗေဒ  (Ethnobotany of Weeds) ပေါင်းပင်များကို အစားအစာအဖြစ်လည်းကောင်း (Food)၊ တိရစ္ဆာန်ကျွေးရန်လည်းကောင်း (Animal Feed)၊ ဆေးဝါးအဖြစ် အသုံးပြုရန် (Medical Uses)အတွက်လည်းကောင်း၊ အင်းဆက်အပင်ရောဂါထောင်ချောက် (Insect Pests or Plant Disease Trap) အဖြစ်လည်းကောင်း အသုံးချနိုင်ပါသည်။

အခန်း - ၅ ပေါင်းပင်များမျိုးပွားခြင်းနှင့်ပျံ့နှံ့ပုံ (Weed Reproduction and Dispersal) မျိုးစေ့ အရွယ်အစားပေါ်မူတည်မှု၊ ပေါင်းမျိုးစေ့များအလွန်သေးငယ်၍ မြက်မျိုးရင်းဝင် (Grass Family – Gramineae/Poaceae) ဖြစ်ကာ မျိုးစေ့မှ မျိုးပွားခြင်း(Seeds) ကြောင့်လည်းကောင်း၊ အပင်ပိုင်း မျိုးပွားခြင်း (Vegetative Propagation) ကြောင့်လည်းကောင်း၊ ပေါင်းမျိုးစေ့များ ပျံ့ပွားလွယ်ပါသည်။ ပေါင်းမျိုးစေ့များ ပျံ့နှံ့ရာတွင် လူ၊ တိရစ္ဆာန်များနှင့်ကပ်ပါသွား၍လည်းကောင်း၊ လေ၊ ရေ တို့ဖြင့်လည်းကောင်း၊ လယ်ယာသုံးကိရိယာ ထွန်၊ ထယ်များကြောင့်လည်းကောင်း ပျံ့ပွားကြပါသည်၊  ပေါင်းမျိုးစေ့များ အညေှာက်ပေါက်ရာတွင် အလင်းရောင်၊ အောက်ဆီဂျင်၊ အပူချိန် အစရှိသည်တို့ကလွှမ်းမိုးပုံ စသည်တို့ပါဝင်ပါသည်။

အခန်း - ၆ ပေါင်းပင်များ၏ဂေဟဗေဒ (Weed Ecology) လူသားတို့လွမ်းမိုးမှုကြောင့် ပေါင်းပင်များနှင့် ပတ်ဝန်းကျင်ဆက်စပ်မှု ၊ သီးနှံပင်နှင့် ပေါင်းပင်အပြန်အလှန်ဆက်စပ်မှု၊ ရာသီဥတုကြောင့်၊ မြေဆီလွှာအနေအထားကြောင့် ပေါင်းပင်များပေါက်ပွားမှုကိုလေ့လာခြင်း၊ ပေါင်းအမျိုးအစားများအုပ်စုလိုက် ပျံ့နှံ့ပေါက်ပွားမှုများကို လေ့လာခြင်း၊ သီးနှံပင်နှင့် ပေါင်းပင်တို့အချင်းချင်း အလင်း ရောင် (Light)၊ ရေ (Water) နှင့် အာဟာရဓာတ် (Nutrients) တို့ အပြိုင်အဆိုင် လုယူစားသုံးကြခြင်းများကိုလေ့လာရပါမည်။

အခန်း - ၇ ထိုးဖောက်ပြန့်ပွားနှောင့်ယှက်သောပေါင်းပင်များ (Invasive Weeds) ဘာကြောင့်ဖြစ်နေရတာလဲ၊ ဥပမာ - ဗေဒါ၊ ထိုအပင်များကို စီမံကွပ်ကဲမှု

အခန်း - ၈ ပေါင်းပင်နှင့်သီးနှံပင်ဓာတ်မတည့်မှု (Allelopathy) တချို့သီးနှံပင်နှင့်ပေါင်းပင်များမှာ အပင်မှထုတ်လုပ်သော ဓာတ်မတည့်မှုကြောင့် သီးနှံပင် မျိုးပြုတ်၊ ပေါင်းပင် သေကြေသွားသည်အထိ ဖြစ်နိုင်ပါသည်၊

ပုံ ၂ -  အပင်အချင်းချင်းဓာတ်မတည့်မှု (Allelopathy)

အခန်း - ၉ အပင်အချင်းချင်းပြိုင်ဆိုင်မှု၏အရေးပါမှု (Significance of Plant Competition)

အခန်း - ၁၀ ပေါင်းပင်များကိုကာကွယ်နှိမ်နှင်းခြင်းနှင့် စီမံခန့်ခွဲမှုနည်းအမျိုးမျိုး (Methods of Weed Management and Control) ပေါင်းပင်များမလာရောက်နိုင်စေရန် ကြိုတင်ကာကွယ်ခြင်း (Prevention of Weeds)၊ လက် (သို့) ထွန်ထယ်ကိရိယာများဖြင့်ကာကွယ်နှိမ်နင်းခြင်း (Mechanical Control) လက်ပေါင်းလိုက်ခြင်း၊ လက်နှင့်ဆွဲနုတ်ပစ်ခြင်း၊ နွားဆွဲ (သို့) ထွန်စက် (Tractor) ဆွဲ ထွန်၊ ထယ် ကိရိယာများဖြင့် နှိမ်နှင်းခြင်း၊ ရေသွင်းမြေမြှုပ်ပစ်၍နှိမ်နှင်းခြင်း၊ ရေထုတ်ပစ်၍နှိမ်နှင်းခြင်း တို့ရှိပါသည်။ မီးရှို့၍နှိမ်နှင်းခြင်း၊ နေပူထဲတွင် အခြောက်ခံခြင်း စသည်တို့ ဖြစ်ပါသည်။ တချို့နေရာများတွင် ပေါင်းပင်များကို စုထပ်ထား၊ မြေငွေ့ထိန်း (Mulching) ပြုလုပ်ခြင်းဖြင့်လည်း အောက်ကအပင်များ ဆွေးမြေ့သေသွားကာ သဘာဝမြေဩဇာ ဖြစ်သွားစေနိုင်ပါသည်။ စိုက်ပျိုးနည်းစနစ်ဖြင့်ပေါင်းနှိမ်နင်းနည်း (Cultural Weed Control) တွင် သီးနှံပင်နှင့် ပေါင်းပင် အပြိုင်ကြီးထွားစေခြင်း (Crop Competition)၊ သီးနှံပင်များ၏စိုက်ချိန်နှင့် အပင်ဦးရေစုစုပေါင်း အမျိုးမျိုးတို့ကို စီမံခန့်ခွဲ၍ ပေါင်းနှိမ်နှင်းခြင်း (Planting Date and Plant Population)၊ သီးနှံအမျိုးမျိုး  သီးလှည့်စနစ် (Crop Rotation) စိုက်ပျိုးခြင်း၊ သီးနှံပင်များအတွက် အာဟာရဓာတ်ကျွေးကာ ပေါင်းနှိမ်နှင်းခြင်းကို ပြုလုပ်နိုင်ပါသည်။ 

(က-၁၁) ဇီဝနည်းဖြင့်ပေါင်းနှိမ်နှင်းခြင်း (Biological Weed Control)

(က-၁၂) ဓာတုနည်းဖြင့်ပေါင်းနှိမ်နှင်းခြင်း မိတ်ဆက် (Introduction to Chemical Weed Control)

(က-၁၃) ပေါင်းသတ်ဆေးများ၏စွမ်းရည်နှင့် အသုံးပြုမှု (Properties and uses of Herbicides) 

(က-၁၄) ပေါင်းသတ်ဆေးနှင့် သီးနှံအပင်တို့တွေ့ထိမှု သဘောတရားများ (Herbicides and Plants) 

(က-၁၅) ပေါင်းသတ်ဆေးနှင့်မြေကြီးတို့ထိတွေ့ ဓာတ်ပြုမှု (Herbicides and Soil Reaction)

(က-၁၆) ပေါင်းသတ်ဆေးဖေါ်မြူလာများ (Herbicide Formulation)

(က-၁၇) ပေါင်းသတ်ဆေးကြောင့်ပတ်ဝန်းကျင်ထိခိုက်စေမှုများ (Herbicides and the Environment)  

(က-၁၈) ဓာတုပေါင်းသတ်ဆေးများ၏တရားဝင်မှုနှင့်မှတ်ပုံတင်မှုဆိုင်ရာကိစ္စများ (Pesticides, Herbicides Legislation and Registration)

(က-၁၉) ပေါင်းပင်များစီမံခန့်ခွဲမှုနည်းစနစ်သစ်များ (New Weed management Systems)

(က-၂၀) ပေါင်းသိပ္ပံပညာ၏ အနာဂါတ် ခရီး (Weed Science – the Future)

စသည်ဖြင့်စုံလင်လှပါသည်။ 

(ခ) သောမတ်စ်မိုနာကိုနှင့်အဖွဲ့တို့၏ ပေါင်းသိပ္ပံပညာ၏ သဘောတရားနှင့် လက်တွေ့နည်းစနစ်များ (Monaco, Thomas J.; Weller, S.C. and Ashton, F.M. 2002. Weed Science: Principles and Practices. 4th Ed. John Wiley and Sons. 671p. ) စာအုပ်တွင်

အခန်း - ၁ သဘောတရားများမိတ်ဆက် (Principles) ပေါင်းသိပ္ပံပညာအကြောင်း (Introduction to Weed Science)၊ ပေါင်းဇီဝဗေဒနှင့် ဂေဟဗေဒ (Weed Biology and Ecology) ၊ ပေါင်းစည်းစနစ်ဖြင့် ပေါင်းနှိမ်နှင်းနည်းများ (Integrated Weed Management)၊ ပေါင်းသတ်ဆေးမှတ်ပုံတင်မှုနှင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု (Herbicides Legislation and The Environmental Impact) စသည်တို့ပါဝင်ပါသည်။ 

အခန်း - ၂ ပေါင်းသတ်ဆေးများအကြောင်း (Herbicides) ပေါင်းသတ်ဆေးများ၏ဓာတုဗေဒနှင့် အမျိုးအစားခွဲခြားခြင်း (Chemistry and Classification of Herbicides)၊ ပေါင်းပင်များ၏ အလင်းရောင်ဖွဲ့တည်မှုစနစ်ကို ပိတ်ပင်ခြင်း (Photosystem Inhibitors)၊ ပေါင်းပင် ရောင်ခြယ် ပစ္စည်းများ ပိတ်ပင်မှု (Pigments Inhibitors)၊ ပေါင်းပင်များ၏ဆဲလ်ကြီးထွားမှုကို နှောင့်ယှက်ခြင်း (Cell Growth Disrupter)၊ ဆဲလ်လူလို့စ်ဇီဝဖြစ်စဉ်ကို ဟန့်တားခြင်း (Cellulose Biosynthesis Inhibitors)၊ ကြီးထွားမှုကိုလှုံ့ဆော်ပေးသောပေါင်းသတ်ဆေးများ (Growth Regulators Herbicides)၊ သီးနှံနှင့်ပေါင်းပင်များ ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှု (Herbicides Resistance in Crops and Weeds) စသည်တို့ပါဝင်ပါသည်။ 

 အခန်း - ၃ သီးနှံပင်များနှင့်အခြားအပင်များ၌ ပေါင်းနှိမ်နှင်းမှု လက်တွေ့ကျင့်သုံးနည်းစနစ်များ (Weed Control Practices in Crops and Other Plants) နှံစားသီးနှံများနှင့်သေးငယ်သော အနှံစေ့များ  (Cereal Crops and Small Grains)၊ မျိုးစေ့သေးသော ပဲမျိုးရင်းဝင်အပင်များ (Small Seeded Legumes)၊ ဟင်းသီးဟင်းရွက်အပင်များ (Vegetable Plants)၊ သစ်သီးဝလံနှင့် အစေ့အဆန်ပါသောအပင်များ (Fruits and Nut Crops)၊ မြက်ခင်းများ၊ အလှစိုက်အပင်များ (Lawn, Turfs and Ornamentals)၊ စားကျက်နှင့်လွှတ်ကျောင်းမြေများ (Pasture and Range Lands)၊ ခြုံပုတ်ထူသော မြေနှင့် မလိုလားအပ်သောသစ်ပင်ကြီးများ (Brush and Undesirable Trees Control) ရေနေ ပေါင်းပင်များ (Aquatic Weed Control)၊ စက်မှုဆိုင်ရာ သဘာဝပေါက်ပင်များ စီမံခြင်း (Industrial Vegetation Management)၊ ပေါင်းသတ်ဆေးလောင်မှု စစ်ဆေးခြင်း (Diagnosis of herbicide Injury)၊ အနာဂတ်ကာလ ပေါင်းသိပ္ပံပညာ၏ အခန်းကဏ္ဍ (Weed Science in the Future) စသည်တို့ပါဝင်ပါသည်။ 

(ဂ) ရေယို, ဗွီစက် ၏ ပေါင်းသိပ္ပံပညာ၏ အခြေခံ သဘောတရားများ (Rao, V.S.  2002. Principles of Weed Science. CRC Press. 2nd Ed. 566p. ) စာအုပ်တွင်တော့..

 အခန်း - ၁ မိတ်ဆက်  (Introduction) ပေါင်းပင်ကြောင့်ထိခိုက်နစ်နာရမှုများ (Harmful Effects caused by Weeds) အထွက်လျော့နည်း၊ မြေတန်ဖိုးကျ၊ သီးနှံပင်ကိုရွေးချယ်စိုက်လာရ၊ သီးနှံအရည်အသွေးကျဆင်း၊ တောင်သူလယ်သမားများ အလုပ်ရှုပ်၊ အချိန်ကုန်၊ ကုန်ကျစရိတ်များ၊ ပိုးမွှားရောဂါများ သီးနှံပင်အပေါ်ပိုမိုကျရောက်မှု စသည်တို့ ဆုံးရှုံးမှုများစွာဖြစ်နိုင်ပါသည်။ ရေနေပေါင်းပင်များကြောင့် သီးနှံစိုက်ခင်းများ ရေသွင်း၊ ရေထုတ် နှောင့်နှေးသွားစေပါသည်။ 

အခန်း - ၂ ပေါင်းပင်ဇီဝဗေဒနှင့်ဂေဟဗေဒ (Weed Biology and Ecology) ပေါင်းပင်များပျံ့နှံ့မှု မြေနေရာအနေအထားအလိုက်၊ ရာသီဥတုပြောင်းလဲမှုအလိုက် လေ့လာခြင်း၊ ပေါင်းပင်များကို အုပ်စု အလိုက်အမျိုးအစားခွဲခြားခြင်း ပေါင်းပင်၏ မျိုးစေ့ဘဝမှ အပင်ကြီး အပွင့်၊ အသီး နောက် အစေ့ဖြစ်သည့် သက်ရှိဘဝစက်ဝန်း (Life Cycle) အလိုက် တနှစ်ခံပေါင်းပင် (Annual Weeds)၊ နှစ်နှစ်ခံပေါင်းပင် (Biennial Weeds)၊ နှစ်ရှည်ပေါင်းပင်များ (Perennial Weeds)၊ ပေါင်းပင်များ အပင်ပိုင်းမှ မျိုးပွားများခြင်း (Weed Propagation)၊ ပေါင်းပင်များအလိုက် ဇီဝမျိုးကွဲ ကွာခြားမှု (Biodiversity of Weeds)၊ ဗီဇကွဲပြားမှု (Genetic Diversity)၊ ဆိုမာဗီဇမျိုးကွဲမှု (Somatic Diversity)၊ အပင်တည်နေရာအလိုက် ကွဲပြားမှု (Habitat Diversity)၊ အပင်သက်တမ်းအလိုက်ကွဲပြားမှု (Age-State Diversity)၊ ပေါင်းပင်များမှ ကပ်ပါးပြုမှု (Weed Parasitism)၊ ဓာတ်မတည့်မှုများ (Allelopathy)၊ ပေါင်းပင်များ တစ်နေရာတည်းတွင် ရာသီဥတုကြောင့် (Climatic)၊ မြေဆီလွှာကြောင့် (Edaphic)၊ ဇီဝသက်ရှိများကြောင့် (Biotic)  စွဲမြဲနေမှု (Persistence of Weeds)၊  ပေါင်းပင်များရှင်သန်ကြီးထွားစေမှု အကြောင်းအရာများ (Survival Mechanisms of Weeds ) ပေါင်းမျိုးစေ့များ လေ၊ ရေ၊ လူတိရစ္ဆာန်များကြောင့် ပျံ့ပွားနိုင်မှုများ (Weed Seeds Dissemination)၊ ပေါင်းစေ့အညှောက်ပေါက်မှု (Germination)၊ အစေ့ငုတ်ချိန် (Seed Dormancy)၊ 

အခန်း - ၃ ရိုးရာအလိုက်၊ ပတ်ဝန်းကျင်ဆိုင်ရာဇီဝကမ္မဗေဒအလိုက်နှင့် အခြားနည်းများဖြင့် ပေါင်းကို နှိမ်နှင်းနည်းများ (Traditional, Eco-physiological and other Approaches in Weed Management)

(ဂ-၄) ဓာတုဗေဒနည်းဖြင့်ပေါင်းနှိမ်နှင်းခြင်းမိတ်ဆက် (Introduction to Chemical Weed Management)

(ဂ-၅) ဓာတုပေါင်းသတ်ဆေးအမျိုးအစားခွဲခြားခြင်း (Classification on Herbicides, Bio-Herbicides and Herbicide Safeners)

(ဂ-၆) ပေါင်းသတ်ဆေးများပေါင်းပင်မှစုတ်ယူမှုနှင့်ရွေ့လျှားမှု (Absorption and Translocation of Herbicides)

(ဂ-၇) ပေါင်းသတ်ဆေးစွမ်းရည်များလုပ်ငန်းစဉ် (Mechanisms of Actions of herbicides)

(ဂ-၈) ပေါင်းသတ်ဆေးများ ပေါင်းပင်အတွင်းဓာတုပုံစံပြောင်းသွားခြင်း (Herbicide Transformations in Plants-Weeds)

(ဂ-၉) ပေါင်းသတ်ဆေးများ မြေဆီလွှာအတွင်းနှင့် ပတ်ဝန်းကျင်တွင် ကျန်ရှိနေမှု (Persistence of Herbicides in Soil and Environment)

(ဂ-၁၀) ပေါင်းပင်များမှပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာမှုနှင့် ဗီဇအင်ဂျင်နီယာပညာ (Herbicide Resistance in Plants and genetic Engineering)

(ဂ-၁၁)  ဇီဝနည်းဖြင့်ပေါင်းပင်များကိုစီမံကွပ်ကဲခြင်း (Biological Approaches in Weed Management)

စသည်တို့ဖြစ်ပါသည်။

ပေါင်းပင်များအကြောင်း၊ ၎င်းတို့အားကာကွယ်နှိမ်နှင်းခြင်း၊ ပေါင်းသတ်ဆေးများအကြောင်း လေ့လာရာ၌ ကုန်နိုင်ဖွယ်မရှိပါ။ ကျွန်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံဌာန၌ ဆရာဖြစ်ကာစ အမေရိကန်နိုင်ငံမှ မဟာသိပ္ပံ (လယ်ယာသီးနှံဘာသာ) ဖြင့် ဘွဲ့ရလာသော ဆရာ ဦးစံသိန်းမှ ၁၉၈၂-၁၉၈၃ ကျောင်းဆင်းနှစ်များအား ခေတ်မီပေါင်းသိပ္ပံပညာကို ပေါင်းသတ်ဆေး ဓာတုဗေဒဖော်မြူလာအမျိုးမျိုးနှင့် သင်ကြားပေးပြီး စာမေးပွဲ၌ အမေရိကန်တက္ကသိုလ်များစတိုင် ကြိုက်ရာရွေးမေးခွန်းပုံစံ (Multiple Choices – Question Types) မေးခွန်းအရေအတွက် ၁၀၀-ပုဒ် မေး၍ ထိုခေတ်က ဖယောင်းစက္ကူဖြင့် မေးခွန်းစာရွက်ပေါင်းများစွာထုတ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဖြေခိုင်းသည်ကို သတိရနေပါသည်။

သီးနှံပင်များအတွက် အနည်းဆုံး ပေါင်းရှင်းနေရမည့်ရက် (Critical Periods for Weed Control) များမှာ...

  • (၁) လယ်စပါး - (၃၅-ရက်)
  • (၂) ယာစပါး (၆၀-ရက်)
  • (၃) ပြောင်းဖူး (၃၀-ရက်) 
  • (၄) ဝါ (၃၅-ရက်)
  • (၅) မြေပဲ (၄၅-ရက်)
  • (၆) ကြက်သွန်နီ (၆၀-ရက်)
  • (၇) ကြံ (၉၀-ရက်)  စသည်တို့ဖြစ်ပါသည်။

ထိုရက်များမှ ကျော်သွားပါက ‌ပေါင်းမရှင်းလည်း သီးနှံအထွက် သိသိသာသာ လျော့နည်းမသွားတော့ပါ။ 

အမေရိကန်နိုင်ငံတွင် ပေါင်းသိပ္ပံပညာအသင်းအဖွဲ့ (Weed Science Society of America - WSSA) ဖွဲ့စည်းထားပြီး  တက္ကသိုလ်ပေါင်း ၄၃-ကျောင်းက ပေါင်းသိပ္ပံပညာဘွဲ့၊ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ (B.Sc./M.S./Ph.D. in Weed Science) သင်တန်းများ ပေးအပ်ကာ သူတို့နိုင်ငံ၏ စီးပွားရေး အဓိက မဏ္ဍိုင်ဖြစ်သော စိုက်ပျိုး၊ မွေးမြူရေးကို ပေါင်းကြောင့် အဟန့်အတား မဖြစ်စေရန် ပညာရပ်ပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံတွင် သင်ကြား၊ သုတေသနပြု၊ တောင်သူပညာပေးလုပ်နေကြသည်မှာ အားကျဖွယ်ကောင်းလှပါသည်။ 

 

ပုံ ၃ - တက်ဆက်စိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ်

ဥပမာ - တက်ဆက်ပြည်နယ် (Texas State) တစ်ခုတည်းမှပင် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅-ဘီလီယံ ရရှိရာ ပေါင်းကြောင့် ၄၀-၅၀ ရာခိုင်နှုန်းဆုံးရှုံးနိုင်သည်ကို တွက်ချက်ထားသဖြင့် တက်ဆက်စိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ် (Texas Agricultural and mechanical University – Texas A&M) စိုက်ပျိုးရေးနှင့်သက်ရှိသိပ္ပံကောလိပ် (College of Agriculture and Life Sciences) အောက်၌ ပေါင်းသိပ္ပံပညာဌာန (Department of Weed Science) သီးသန့်ရှိပြီး ဘွဲ့ကို၊ ဘွဲ့လွန် သင်ကြားရေး၊ သုတေသန၊ ပြည်နယ်တောင်သူများအတွက် ပညာပေးလုပ်ငန်းများကို ဂရုတစိုက်လုပ်ဆောင်နေပါသည်။

ကင်တပ်ကီပြည်နယ်ရှိ ကင်တပ်ကီတက္ကသိုလ် (The University of Kentucky) အောက် စိုက်ပျိုးမွေးမြူရေး၊ အစားအစာနှင့် ပတ်ဝန်းကျင်ပညာ ကောလိပ် (College of Agriculture, Food and Environment) အောက်တွင် ပေါင်းသိပ္ပံပညာဘွဲ့ကို တိရစ္ဆာန်အစားအစာပင်များအတွက် ပေါင်းစီမံခန့်ခွဲမှု (B.Sc. Weed Management in Forage Crops) ၊ လယ်ယာသီးနှံအပင်များအတွက် ပေါင်းစီမံခန့်ခွဲမှု (B.Sc. Weed Management in Field Crops)၊ လမ်းမကြီးများဘေးယာ ပေါင်းစီမံခန့်ခွဲမှု (B.Sc. Weed Management in Rights-of-Way) စသည်ဖြင့် အထူးပြုဘာသာရပ်များ ပို့ချနေရာ ပြည်တွင်း၊ ပြည်ပ ကျောင်းသားကျောင်းသူများစွာ တက်ရောက် သင်ယူ၊ သုတေသနပြုလျက် ရှိနေပါသည်။ 

ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့မှ အခါအားလျော်စွာ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာရပ် အဝေးမှ သင်ကြားမှု သင်တန်း (Basic Agricultural Science Online Certificate Course) ကို သင်ကြားပေး လျက်ရှိရာ ထိုသင်တန်းအတွင်း၌ ပေါင်းသိပ္ပံပညာမိတ်ဆက်ကို ဆရာမ ဒေါ်အေးအေးမာက သင်ကြားဆွေးနွေးပေးနေပါသည်။ နောင်အခွင့်အခါသင့်ပါက ပေါင်းသိပ္ပံပညာချည်းပဲသီးသန့်နှင့် ပေါင်းသတ်ဆေးများ စနစ်တကျသုံးစွဲနည်း ရက်တိုသင်တန်းများ  (Tailor-made Course or Demand-Driven Training) ကို ပေးအပ်သွားရန်လည်း စီစဉ်လျက်ရှိနေပါသည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်