တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

25/12/2022 14:48 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ထိုင်းကတော့ ခြေလှမ်းတွေ သွက်နေသည်။ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားခဲ့သော လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ မလေးရှား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဂိတ်အားလုံးကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော် စီးပွားရေး မြှင့်တင်သွားဖို့တဲ့။ တဆက်တည်း လယ်ယာ ထွက်ကုန် အထူးသဖြင့် ထိုင်းဆန်တွေကို ကုန်စည်ပြပွဲတွေလုပ်ပြီး အရောင်းမြှင့်တင်သွားဖို့လည်း လုပ်မည်။ ဆိုတော့ ထိုင်းတောင်သူတွေအတွက် အကျိုးအမြတ်ပိုလာနိုင်သည့်လမ်းကြောင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကပင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကနေ ထိုင်းက ဘတ် ၁ ထရီလျံလောက် အကျိုးအမြတ်ရခဲ့သည်ဟုဆိုသည်။ ၁ ထရီလျံဆိုတာက ဘယ်လောက်လဲဆိုတော့ ၁ နောက်မှာ သုည ၁၂ လုံးထိ ရှိသည်။ ဆိုတော့ ဘယ်လောက်အကျိုးအမြတ်ရှိမလဲ တွေးကြည့်ကြပါကုန်။ မြန်မာကျပ်ငွေ နဲ့တွက်မယ်ဆိုရင်တော့ အဲ့ဒီ ၁ နောက်က သုည ၁၂ လုံးနဲ့ကိုမှ ၈၀ ကျော်လေးနဲ့ မြှောက်ကြည့်ပေါ့။

ဆိုတော့ သူတို့ကတော့ ထောင်တက်နေသည့်စီးပွားရေးကို ပိုထောင်ဖို့ ကြံနေသည်။ မိမိတို့နိုင်ငံ ကတော့ ထောင်ချင်းထောင် ချို (ဂျို)တွေပဲ ထောင်နေမည်ထင်သည်။ ထားပါတော့။ ထိုင်းလယ်သမား တွေအတွက်ပဲ မုဒိတာပွားပါသည်။ ဒီသတင်းအပြည့်အစုံကို သိချင်ရင်တော့ အောက်ပါလင့်ကနေ ဝင်ဖတ်နိုင်ပါသည်။

https://bit.ly/3WmgB1T

ဒီတစ်ပတ်စိတ်ဝင်စားမိသည်ထဲ အငြိမ်းစားပါမောက္ခဆရာမကြီး ဒေါ်မြမြ ရေးသည့် အေအမ်အက်ဖ် မှိုရဲ့အစွမ်းတွေအကြောင်း ပါလာပြန်သည်။ မိမိ အရင်အပတ်တွေ ရင်ကိုထိရှစေသည့် သတင်း ဆောင်းပါးများ အကြောင်းတွေတုန်းက ပြောခဲ့ဖူးသလို ဒီ အေအမ်အက်ဖ်မှိုက မြေပြင်ရာတွင်လည်း အသုံးဝင်သည်။ အပင်အာဟာရအဖြစ်လည်း အသုံးဝင်သည်။ ရောဂါကာကွယ်ရေးအတွက်လည်း အသုံးဝင်သည်။ စိတ်ဝင်စားစရာကောင်းသည့်မှိုဖြစ်သည်။ ယခု ကြောက်စရာအကောင်းဆုံး လူ့ရောဂါတွေထဲက တစ်ခုဖြစ်သည့် ကင်ဆာရောဂါအတွက်ပါ သွယ်ဝိုက်အကျိုးပြုသည်ဆိုတော့ ပိုစိတ်ဝင်စားမိသွားပြန်သည်။

ရှားစောင်းလက်ပတ်ပင်တွင် အေအမ်အက်ဖ်မှို ထိုးသွင်းလိုက်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်စေတတ် သောမှိုကို ဟန့်တားနိုင်တဲ့အစွမ်းရှိတဲ့ ဂျယ်လီရဲ့ ပြင်းအားရာခိုင်နှုန်းကို မြင့်တက်စေသော တွေ့ရှိချက် အကြောင်းဖြစ်သည်။ ထို့ပြင် ယင်းဂျယ်လီသည် အပင်များတွင် ရောဂါဖြစ်စေတတ်သော မှိုမျိုးစု ၅ မျိုး၏ ကြီးထွားမှုကို ကောင်းစွာဟန့်တားနိုင်သည့်အစွမ်းရှိနေပြန်သည်။ စိတ်ဝင်စားစရာတွေ့ရှိချက်တွေကို ဆရာမကြီးက ဂရပ်လေးတွေ၊ ပုံလေးတွေနှင့် နှိုင်းယှဉ်ပြထားခြင်း ဖြစ်သည်။

ကျွန်တော်ပြောခဲ့ဖူးသလိုပင် ဒီမှိုက အော်ဂဲနစ်လုပ်ငန်းရှင်များ၊ တောင်သူများ၊ စီးပွားရေးအတွက် အသုံးချလိုသူများအတွက် စိတ်ဝင်စားသင့်သည့် Topic တစ်ခုဖြစ်သည်ဟုသာ ထပ်ညွှန်းလိုပါသည်။ ဒီတစ်ပတ်အပိုင်း (၃၁) ကိုတော့ အောက်ပါလင့်တွင်ဖတ်နိုင်ပါသည်။ 

https://bit.ly/3YP8TPK

Green Way တွင် ဖော်ပြပေးပြီးသား ကျန်အပိုင်းအားလုံးကို ဖတ်ချင်သူများအနေနှင့်တော့ Green Way App ထဲရှိ ‘စိုက်ပျိုးရေးကဏ္ဍကြီး အောက်ထဲက ‘အပင်အာဟာရ’ ကဏ္ဍအောက်တွင် ဝင်ဖတ်နိုင်ပါသည်။

နောက်ဆုံးအနေနှင့် မိမိ စိတ်အဝင်စားဆုံးဖြစ်ခဲ့ပြီး တစ်ခုခုကို ကွက်ကွက်ကွင်းကွင်းကြီး ပြေးပြေးမြင် မိသည့် နိုင်ငံတကာသတင်းတစ်ပုဒ်အကြောင်း ပြောလိုပါသည်။ 

ဆောင်းပါးရှင် ကိုဝေယံဟိန်း(B.Ag) ရေးသားထားသည့် ‘မွေးမြူရေးသမားများကို အတိဒုက္ခရောက်စေ တဲ့ ယူဂန္ဓာနွားခိုးဂိုဏ်းများ’ ဆိုသည့်သတင်း။ 

မွေးမြူရေးကိုမှီခိုနေရတဲ့ ခြောက်သယောင်းလွင်ပြင် ကာရာမိုဂျာဒေသက လယ်သမားတွေရဲ့  မွေးမြူရေးတိရစ္ဆာန်တွေကို ယူဂန္ဓာနွားခိုးဂိုဏ်းတွေက လုယက်ခိုးယူ၊ စိုက်ခင်းတွေထဲ မနေရဲအောင် မောင်းထုတ်လုပ်တာတွေကြောင့် လယ်သမားတွေငတ်ပြတ်သေကုန်တာ ၂၀၁၉ နောက်ပိုင်းမှာတင် ဦးရေ ၂၄၀၀ ကျော်ရှိလာပြီဟုဆိုသည်။

ခိုးချက်ကကြမ်းသည်။ ကာဘုံခရိုင်မှာ နွားခြံ ၃၄ ခြံရှိတဲ့နေရာမှာ ၃၂ ခြံပြောင်သွားသည်။ ဒီလို နွားသူခိုး တွေထကြွသောင်းကျန်းလာတဲ့အကြောင်းတွေက ‘ ကင်ညာနယ်စပ်ကနေ လက်နက်တွေ စိမ့်ဝင်လာတဲ့ အချက်၊ ကိုဗစ်လော့ဒေါင်းနဲ့ ခွာနာလျှာနာ ကူးစက်မှုကြောင့် နွားတွေ တရားဝင်တင်ပို့မရတာက တစ်ချက်ဆိုပြီး ဖြစ်သည်။ 

နောက်တစ်ချက်ကျန်သေးသည်။ အဲ့ဒါကကျ ရဲနဲ့ စစ်တပ်က နွားပျောက်တွေကို ပြန်ရှာမပေးတော့ လူငယ်တွေဟာ ဥပဒေကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေတဲ့အချက်တဲ့။ ဆိုးလိုက်တာ။ အာဏာပိုင်တချို့ဟာ နွားခိုးဂိုဏ်းတွေဆီက လာဘ်လာဘရယူနေသလားဆိုပြီးလည်း ဒေသခံတွေ သိချင်နေကြသည်တဲ့ ။ပေါင်းခိုးတဲ့ထဲ သူတို့တောင် ပါနေမလားဆိုပြီး သံသယဝင်ကြပုံရပါသည်။ နီးသာနီးရင်တော့... အို...ယူဂန္ဓာပြည်သူတွေကလည်း။ ‘မထင်သင့်တာတွေ သိပ်ထင်ကြတာပဲ’ ဟု မိမိပြောလိုက်ချင်သည်။

နောက်တစ်ပိုဒ်ကိုတော့ သတင်းထဲကအတိုင်း ဖော်ပြပေးပါရစေ။

‘ မှောင်ခိုလက်နက်တွေ ရှာဖွေဖို့လို့ဆိုကာ စစ်တပ်က တွေ့ကရာလူငယ် ထောင်ပေါင်းများစွာကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ဖမ်းဆီးစစ်ဆေးခဲ့တာတွေလည်း ရှိပါတယ်။ စစ်တပ်က လက်နက်ဖျက်သိမ်းစစ်ဆင်ရေးတွေအတွင်း ဂိုဏ်းသား ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း တပ်ပြောခွင့်ရတစ်ယောက်က မတ်လထဲမှာ ပြောပါတယ်။ ကုလသမဂ္ဂနဲ့ ယူဂန္ဓာအစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင်ကိုယ်တိုင်က စစ်သားတွေဟာ တရားဥပဒေမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ စစ်တပ်လက်က လွတ်မြောက်လာသူတွေကလည်း သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်စစ်ဆေးခံရကြောင်း ထွက်ဆိုဝန်ခံကြပါတယ်’

‘အော်...ယူဂန္ဓာ အတော်အခြေအနေဆိုးနေသည်ပဲ’ ဟု မိမိ ရေရွတ်မိသည်။

ဒီစကားကို ဘောလုံးနည်းပြကြီး မော်ရင်ဟိုကြားလျှင်တော့ ‘ အခြေအနေဆိုးနေသည်မှာ ယူဂန္ဓာ မဟုတ်... ဟုအစချီကာ ဆက်ကာဆက်ကာ ပွားနေဦးတော့မလားမသိ။

သတင်းအပြည့်အစုံကိုတော့ အောက်ပါလင့်တွင် ဖတ်ရှုခံစားကြည့်ကြပါ။

https://bit.ly/3BWaw3Z

ကဲ... ဒီလောက်နှင့်ပဲ ဒီတစ်ပတ်ကို နိဂုံးချုပ်ပါရစေ။ ဒို့ဦးလေးရဲ့ ပဲတီစိမ်း၊ မတ်ပဲ ရောဂါများ အကြောင်းတွေလည်း ဖတ်ချင်စရာကောင်းပါသည်။ ဒေါက်တာသက်ခိုင်၏ ယင်ကောင်နက်မွေးမြူရေး အကြောင်းတွေလည်း စိတ်ဝင်စားစရာကောင်းပါသည်။ တခြားသူများလည်း ကိုယ့်အကြိုက်နှင့်ကိုယ် ရှိကြဦးမှာပါ။

ဒီနေ့ ခရစ္စမတ်နေ့မှာ ခရစ်ယာန်ဘာသာဝင်အပေါင်းနဲ့အတူ တောင်သူလယ်သမားအပေါင်း၊ ပြည်သူ အပေါင်း ဒုက္ခဆင်းရဲများမှ ကင်းဝေးပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်