တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

15/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဥပဒေဆိုတာတိုင်းက တရားမျှတမှန်ကန်နေပါသလား။ တချို့ဥပဒေတွေက လက်တွေ့မြေပြင်မှာ ပြည်သူတွေကို ဒုက္ခရောက်နေစေသည်ဆိုလျှင်အချိန်အခါနှင့်အညီ ပြုပြင်ပြောင်းလဲဖို့ လိုသည် မဟုတ်ပါလား။ 

တချို့သူတွေက ခက်ခဲအောင်လုပ်ထားတာတွေကို ပိုးစိုးပက်စက်နှစ်သက်ကြသည်။ အများသူငှာ ခက်ခဲလေလေ လုပ်စားလို့ကောင်းလေလေ ‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ ဆိုသည့် ပယောဂလူတန်း စားတွေကိုး။ 

ဆိုတော့ ဒီတစ်ပတ်ပထမဆုံးပြောချင်သည်က ဒေါက်တာသက်ခိုင်ရေးသည့် ‘ကျွဲ၊ နွားတွေက အရေးကြီးကုန်စည်လား’ ဆိုသည့် ဆောင်းပါးအကြောင်းဖြစ်သည်။ ခိုင်းကျွဲ၊ ခိုင်းနွားများ လျော့ပါးသွားခြင်းမရှိစေရန်အတွက် အရေးကြီးကုန်စည်ဥပဒေဖြင့် ကျွဲနွားသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင်ထား သည်။ ဒီဥပဒေက ‘မူရင်းရည်ရွယ်ချက်အပေါ် ထိရောက်မှုရှိရဲ့လား၊ လက်ရှိအခြေအနေနှင့် သင့်လျော်မှု ရှိပါရဲ့လား’ဟု ဆောင်းပါးရှင်က မေးခွန်းထုတ်ထားသည်။ 

မိမိ၏ ကျွဲ၊ နွားများကို တစ်ရွာမှတစ်ရွာသို့ သယ်ဆောင်မောင်းနှင်မိရုံဖြင့် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းခံရမှုများရှိခဲ့သည်ဟုဆိုသည်။ ဆိုတော့ တချို့အရာတွေက တကယ်လုပ်လို့မရဘူးလား ဆိုတော့လည်း မဟုတ်။ လုပ်ချင်ရင် လာထားပေါ့။ သပ်သပ်ကြီး ဖန်တီးပေးထားသလိုဖြစ်နေသည်။

ယခုခေတ်လယ်ယာလုပ်ငန်းခွင်မှာက တချို့နေရာ အနည်းငယ်လောက်ကလွဲလို့ ကျွဲ၊ နွား မရှိလည်း ဖြစ်သည့်ခေတ်သို့ ရောက်နေပါပြီ။ အတော်များများလည်း မသုံးကြတော့ပါ။ တစ်ဖက်တွင်လည်း ကျွဲ၊ နွားများသည် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားမြင့်မားသည့် ထုတ်ကုန်များဖြစ်သည်ကို သတိပြုသင့်ပါသည်။ ကျွဲ၊ နွားများ တင်ပို့ခွင့် ပြုလိုက်သည့်ကာလတွေတုန်းက နိုင်ငံခြားဝင်ငွေ သိသိ သာသာ တိုးလာကြောင်း ဆောင်းပါးထဲတွင် နှိုင်းယှဉ်ဖော်ပြထားသည်။ 

ယခုလို ကျွဲနွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားခြင်းကြောင့် မြေပြင်တွင် ဖြစ်ပေါ် နေသည့်အခက်အခဲများစွာရှိနေကြောင်းလည်း ဖော်ပြထားသည်။ နောက်ဆုံးအနေဖြင့် ဆောင်းပါးရှင် က စဉ်းစားစရာအဖြေများကို ဖော်ပြထားပြီး ထိုထဲမှတစ်ပိုဒ်ကို မူရင်းအတိုင်း ဖော်ပြပေး လိုက်ပါ ရစေ။ 

‘ ကျွဲ၊ နွား များသည် သဘာဝသယံဇာတ မဟုတ်ပါ။ စနစ်တကျ ပြန်လည်ထုတ်လုပ်ယူ၍ရသည့် ထုတ်ကုန်များသာ ဖြစ်ပါသည်။ ထိုအချက်ကို မမေ့သင့်ပါ။ ကျွဲ၊ နွားများကို ပြည်ပသို့ တင်ပို့ ရောင်းချခြင်းကို သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲရောင်းချခြင်းအဖြစ် ရှုမြင်နေမည့်အစား၊ မိမိတို့နိုင်ငံက ထုတ်လုပ်သည့် ထုတ်ကုန်တစ်မျိုးအဖြစ်သာ ရှုမြင်သင့်ပါသည်’ တဲ့။

ဆောင်းပါးကို နှစ်ပိုင်းခွဲဖော်ပြထားပါသည်။ အပြည့်အစုံကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။

ကျွဲ၊ နွားတွေက အရေးကြီးကုန်စည်လား(၁)

https://bit.ly/3QHY4ey

ကျွဲ၊ နွားတွေက အရေးကြီးကုန်စည်လား(၂)

https://bit.ly/3XccR3B

နိုင်ငံတကာသတင်းများထဲမှ သတင်းတစ်ပုဒ်ကတော့ တချို့အတွက်အကောင်း၊ တချို့အတွက် အဆိုးဖြစ်နိုင်ပါသည်။ ‘ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်ရုပ်သိမ်းဖို့ အိန္ဒိယစဉ်းစားနေ’ ဆိုသည့်သတင်းဖြစ်သည်။ 

ပြည်တွင်းဆန်ဈေးပြန်တည်ငြိမ်လာတာ၊ အရန်ဆန်လုံလောက်လာတာတွေကြောင့် ပြည်ပဆန်တင်ပို့မှု အပေါ် ကန့်သတ်ထားချက်တွေအပေါ် ဖြေလျှော့မှုတွေ ပြန်လုပ်ပေးဖို့ အိန္ဒိယနိုင်ငံက စဉ်းစား လာတာဖြစ်သည်။ 

ဒီတော့ ဘာဖြစ်သွားမလဲဆိုရင်တော့...

 ‘အိန္ဒိယပို့ကုန်ကန့်သတ်ချက်တွေ ဖြေလျှော့မှုတစ်စုံတစ်ရာ ရှိလာခဲ့ရင် အာရှတစ်ဝန်းက ဆန်ဈေးတွေ အားပျော့လာနိုင်ခြေရှိပါတယ်’ ဟု သတင်းထဲတွင် ဆိုထားသည်။

ဆိုတော့ ပြည်ပပို့ကုန်ဆန်ဈေးနှုန်းများအပေါ် သက်ရောက်မှုများရှိလာနိုင်ပါသည်။ သတင်းအပြည့်အစုံ ကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

https://bit.ly/3XOU1Q7

သို့သော် လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်သုံးသပ်ချက်တွင်တော့ ‘လက်ရှိနယ်စပ်ပို့ကုန်စခန်းတွေပြန်ဖွင့်လာလို့ ပြည်တွင်းဆန်ဈေးတွေ ပိုမြင့်တက်လာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းကြောင်း’ ဖော်ပြထားပါသည်။

ဒီတစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက မိမိစိတ်ကိုထိရှစေသည့်အကြောင်းများထဲမှာ နောက် ဆုံးအနေဖြင့် ပြောပြချင်တာက ဆရာဦးဝင်းနိုင်ရေးထားသည့် ‘ အယ်နီညို လာနီညာနှင့် မြောက် ကမ္ဘာခြမ်းက အစွန်းရောက်များ’ ဆိုသော မိုးလေဝသနှင့်ဆိုင်သည့် ဗဟုသုတ ဆောင်းပါးလေး ဖြစ်သည်။

အယ်နီညို၊ လာနီညာဆိုသည့် နာမည်များမှာ အကောင်းတွေကို မဖြစ်စေတတ်ကြောင်း ယခုနောက်ပိုင်း မိမိတို့ရင်းနှီးပြီးသားဖြစ်ပါသည်။ သို့သော် ဒီလိုရာသီဥတုမျိုးဖြစ်စေမည်ဆိုသည်ကို ဘယ်လိုသတ်မှတ် ကြတာလဲ၊ ဒါတွေဖြစ်ရင် ဘယ်လိုတွေဖြစ်စေတာလဲဆိုတာကိုတော့ သိသူနည်းကြပါလိမ့်မည်။

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းက အီကွေတာတစ်လျှောက်မှာဖြစ်ပေါ်လာတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်(Sea Surface Temperature - SST)က ကမ္ဘာကြီးပူခြင်း အေးခြင်းတွေနှင့်တိုက်ရိုက်သက် ဆိုင်နေသည်ဆိုသည့်အချက်ကပင် တော်တော်စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဆရာကတော့ ဆောင်းပါးထဲတွင် ပြည့်ပြည့်စုံစုံရှင်းပြထားပါသည်။

မိမိတို့နိုင်ငံတည်ရှိရာ မြောက်ကမ္ဘာခြမ်းမှာ ရာသီဥတုအစွန်းရောက်စေခြင်းဖြစ်စဉ်များတွင်တော့ Indian Ocean Dipole(IOD)လို့ ခေါ်သည့် ဖြစ်စဉ်လည်း ထပ်တိုးပါဝင်နေသေးသည်။ 

ဆိုတော့ ဒီဆောင်းပါးလေးကို ညွှန်းဖြစ်သည်ကတော့ ဗဟုသုတရစရာအနေဖြင့်သက်သက်သာဖြစ် ပါသည်။ လူတွေရဲ့ပယောဂကြောင့် ရာသီဥတုဖောက်ပြန်မှုတွေကို ဆိုးဆိုးရွားရွားခံရသည့်အထဲ မိမိတို့ နိုင်ငံလည်း မနည်းမနော ပါဝင်ခဲ့ပြီးဖြစ်ပါသည်။ ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3INWvty

ပြီးခဲ့သည့်တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲတွင် မိမိအကြိုက်ဆောင်းပါးများ အတော်လေး ပါဝင်ခဲ့သည်။ 

‘တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်၍ ပဲတီစိမ်းဈေးပြန်မြင့်၊ စပါးဈေးပိုကောင်းလာနိုင်ဟု ကုန် သည်များခန့်မှန်း’ ဆိုသည့်သတင်း၊ ‘ကြက်သွန်နီအဝင်များပြီး ဈေးဆက်တိုက်ကျ၊ ပြည်ပအဝယ်ကြောင့် ငရုတ်ဈေးများ မြင့်တက်’ ဆိုသည့် ဈေးကွက်သတင်းများကလည်း တောင်သူများအတွက် အတိုင်း အတာတစ်ခုထိ စဉ်းစားအဖြေထုတ်စရာများရနိုင်မည်ဟု မျှော်လင့်မိပါသည်။ ထိုသတင်းများကိုတော့ အစိမ်းရောင်လမ်း (Green Way app) ထဲရှိ သတင်းကဏ္ဍအောက်တွင် ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါသည်။ 

ဒီတစ်ပတ်အတွက်တော့ ဒီလောက်နှင့်ပဲ နိဂုံးချုပ်ပါရစေ။ တောင်သူမယ်မောင်အပေါင်းနှင့် ပြည်သူ ပြည်သားအပေါင်း လူ့ပယောဂ၊ သဘာဝပယောဂများကြောင့် ဖြစ်သော ဒုက္ခဆင်းရဲများ ကင်းဝေး ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်