ကုန်ဈေးနှုန်းတွေထပ်တက်နိုင်လားနှင့် တစ်ပတ်အတွင်းသတင်းဆောင်းပါးများ သုံးသပ်ချက်

23/04/2023 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

‘ဆန်ဈေးတက်တာပဲ အပြစ်မြင်ကြတယ်။ ဆန်စက်တွေက EPC နဲ့ လည်နေတာ ထင်နေတာလား’ ဆိုသည့် ပို့စ်လေးတစ်ခုကို ဆန်ရောင်းဝယ်ရေးဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက တင်ထားတာတွေ့မိသည်။ လက်ရှိဖြစ်နေပုံက ဘယ်လိုတွေရိုက်ခတ်နေလဲဆိုတာ ပြသလိုက်သည့် နမူနာတစ်ခု။

ဆင့်ကဲရိုက်ခတ်မှု (Domino effect) ဆိုတာကို လူအများစုက ချက်ချင်းကြီးသတိမပြုမိကြ။ ခုတလော မီးတွေ မီးတွေ ပျက်တာများဆိုတာ။ နယ်ဒေသတချို့ဆို ၃ ရက်လောက်မှတစ်ခါ နာရီပိုင်းသာ မီးလာ တော့သည်ဆိုသည့်အဖြစ်ထိရှိလာသည်။ မီးပျက်တော့ အဲကွန်းတွေဖွင့်မရကြတော့။ ဆိုတော့ ပူကြသည်။ ချက်ရေး ပြုတ်ရေးအခက်အခဲတွေ့လာသည်။ ရေအခက်အခဲတွေ ကြုံကုန်သည်။ ဆိုတော့ တရုတ်ထုတ် ဆိုလာ တွေ၊ ဘက်ထရီတွေ၊ မီနီပန်ကာလေးတွေ၊ မီနီအဲကွန်းလေးတွေ ရောင်းကောင်းလိုက်သည့်ဖြစ်ခြင်း။

ဒါက အပေါ်ယံသိသာသည့်အဖြစ်အပျက်တချို့။ နောက်ကွယ်တွင်တော့ ဒီ့ထက်အများကြီးပိုသည့် သက်ရောက် မှုတွေ ရှိလာနိုင်သည်။ အထူးသဖြင့် ကုန်ဈေးနှုန်းတွေ တက်ပြီးသည်ထက်ကို ပိုမြင့်တက်သွားနိုင်သည်။ ဆိုတော့ အပေါ်ဆုံးမှာ ပြောခဲ့တာလေးကို ပြန်ပြောရတော့မည်။ ဆန်စက်တွေက EPC နဲ့ မလည်ရတော့ လောင်စာဆီနှင့် လည်ရတော့မည်။ လောင်စာဆီဈေးကလည်း ခေါင်ခိုက်။ ဆိုတော့ ဒီတစ်ချက်နဲ့တင် ဆန်ဈေးက အပြောင်းအလဲ အများကြီးဖြစ်သွားနိုင်သည်။ ရှေ့ဆက်လည်း ပိုပြီး ဖြစ်နိုင်သေးသည်။ လောင်စာဆီဈေးတက်သည်နှင့် ထွန်ယက် ခ၊ ရိတ်သိမ်းခြွေလှေ့ခများလည်း ဈေးတက်သည်။ ဆိုတော့ ထုတ်လုပ်စရိတ်တက်၍ စပါးဈေးလည်း လိုက်တက် ဦးမည်။ ဒီတော့ ဘာဖြစ်မလဲဆိုတော့ နောက်ဆုံးသက်ရောက်မည်က ဆန်ကိုမှီခိုစားသုံးနေရသူများထံသို့သာ...။

သင်္ကြန်ကာလအပြီး ဆန်ဈေးများမြင့်တက်လာမှုနှင့်ပတ်သက်သည့် သတင်းအကြောင်းနှင့်ဆက်စပ်ပြောလို၍ အထက်ပါအကြောင်းများကို ပြောခြင်းဖြစ်ပါသည်။ 

သတင်းအပြည့်အစုံကိုတော့ အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3LoBXc7

လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့  ဈေးကွက်သုံးသပ်ချက်မှာတော့ ‘ ပိတ်ရက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပါပိတ်လို့ ဆန်အဝင်နည်း အဝယ်သွက်ပြီး ဈေးတက်လာတာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုကြောင်း၊ လက်ရှိ ပြည်တွင်းဆန်တွေကတော့ ဒေသတွင်းဝယ်ယူမှု များတဲ့အပြင် နယ်စပ်တင်ပို့မှုကလည်း ရှိနေတာဖြစ်လို့ လတ်တလော ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ကုန်သည်အချို့က သုံးသပ်ကြောင်း၊ မကြာခင် စပါးအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာရင်တော့ ဈေးအေးနိုင်တယ်လို့အချို့က ခန့်မှန်းကြကြောင်း’  စသဖြင့် ဖော်ပြထားသည်။ 

သို့သော် မိမိအနေနှင့်တော့ နောက်ထပ်အကြောင်းရင်းတစ်ခုပါ ထပ်ပေါင်းချင်သည်။ ဆိုခဲ့ပါ ဆန်ရောင်းဝယ်ရေးပေ့ချ်က တင်ထားသည့် လျှပ်စစ်မီးပြဿနာ ပို့စ်အတိုင်းပင်။ ဆန်တင်ပဲလားဆိုတော့မဟုတ်။ လျှပ်စစ်မီးအပေါ်တွင်သာ မှီခိုလုပ်ကိုင်နေရသည့် စက်မှုထုတ်ကုန်အားလုံးနှင့် စားသောက်ကုန်အများစုလည်း ဈေးတက်လာခြင်းမျိုး ကြုံရနိုင်ပါသည်။ ရင်ခုန်စွာဖြင့်သာ စောင့်ကြည့်ကြပါတော့။ 

နောက်ထပ်ပြောလိုလာသည်က ငါးသလောက်ဥပြဿနာ။ သူဌေးစာလို့ပင်ပြောရတော့မလားမသိ။ ဈေးများ ထဲတွင် ငါးသလောက်ဥက တစ်ဆယ်သား တစ်သောင်းအထက်၊ ပိဿာဈေးဆိုပါက သိန်းချီနေပြီ။ ဆိုတော့ ငါးသလောက်ဥဆိုပြီး မခွဲတတ်သူများကို လိမ်ရောင်းသည့်ပြဿနာ၊ ဥထဲတွင် အလေးချိန်စီးစေသည့် ပစ္စည်းများ ထိုးထည့်ကာ ဂျင်းထည့်သည့်ပြဿနာများပင်ဖြစ်လာသည်။

ဒီလိုမျိုး ငါးဥဈေး ကောင်းလွန်းလာမှုက ငါးသလောက်များကို မျိုးသုဉ်းနိုင်မှုဆီထိပင် တွန်းပို့နေသည်။ ဖြစ်နိုင် ချေလည်းများသည်။ မိမိငယ်စဉ်က ပင်လယ်နှင့်နီးသည့်နေရာဒေသတွင် ကြီးပြင်းလာသည်ဖြစ်၍ ဒီငါးသလောက်ဥက မဆန်း။ မကြာမကြာကို စားရဖူးသည်။ ခုတော့ ရှားပါးဈေးကောင်းလာချက်က အနားကပ်ဖို့ပင်မလွယ်တော့။ 

ငါးသလောက်က တစ်ကမ္ဘာလုံးမှာမှ ၁၁ နိုင်ငံသာ ရနိုင်သည်ဟု ဆိုသည်။ အများဆုံးရနိုင်သည်ကတော့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ။ ယခင်ကတည်းက ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှုရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းထိ သူ့ဆီက ထွက်နေသည်။ သူတို့ကလည်း သူတို့ထွက်ကုန်ကို အလေးထားသမှ အမျိုးသားငါးအဖြစ်ပင် သတ်မှတ်ထားသည်တဲ့။ ဒုတိယ ထွက်ရှိမှုအများဆုံးကတော့ အိန္ဒိယနိုင်ငံ (၂၅ ရာခိုင်နှုန်း) ဖြစ်ပြီး တတိယကတော့ မိမိတို့ မြန်မာနိုင်ငံ (၃ ရာခိုင်နှုန်း) ပါ။ 

ခုကျတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထုတ်လုပ်နိုင်စွမ်းက ၂၁ ရာခိုင်နှုန်းထိ တိုးလာပြီး ၈၆ ရာခိုင်နှုန်းထိ ဖြစ်သွားပြီ။ ဘာလို့တက်သွားသလဲဆိုသည့်အဓိကအချက်ကတော့ ဥကပ်ငါးသလောက်ဖမ်းဆီးခြင်းကို ဥပဒေနှင့် ထိန်းလိုက် ခြင်းကြောင့် အဓိကဖြစ်သည်။ ဥကပ်ချိန်ကို ငါးမဖမ်းရရာသီသတ်မှတ်လိုက်ခြင်းပင်။ ဘယ်လောက် ကောင်းကျိုး ရှိသွားလဲဆိုတာတော့ ကမ္ဘာ့ထုတ်လုပ်မှုရဲ့  ၂၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံရဲ့ပုံမှန်ထုတ်လုပ်မှုနှုန်းရဲ့ ခုနစ်ဆထိ မြင့်တက်ထုတ်လုပ်သွားနိုင်ခြင်း။ ဆိုတော့ ဒီအချက်ဟာ တကယ်ကို သတိပြုစရာပါ။

မြန်မာနိုင်ငံမှာလည်း ငါးသလောက်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဥပဒေများတော့ ရှိသည်။ သို့သော် ဥကပ် ငါးသလောက်ဖမ်းဆီးမှုကိုတော့ တားမြစ်ထားခြင်းမရှိဟုဆိုသည်။ တားမြစ်ထားရင်တောင် နည်းလမ်းပေါင်းစုံနဲ့ ရအောင်လုပ်တတ်သူတွေနဲ့ဆိုတော့။ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ နဂိုကတည်းက ကမ္ဘာ့ထုတ်လုပ်မှုရဲ့  ၃ ရာခိုင်နှုန်းသာရှိသည့်မြန်မာနိုင်ငံတွင် ငါးသလောက် အလွန့်အလွန်ရှားပါးသွားခြင်းမျိုးကြုံရနိုင်ပါသည်။ ဆိုတော့ ဘာတွေလုပ်သင့်လဲဆိုတာကိုတော့ အောက်ပါလင့်ကိုနှိပ်ပြီး ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုပါသည်။

https://bit.ly/3AkCGV8

ပြီးခဲ့သည့်တစ်ပတ်အတွင်း Green Way တွင် ဖော်ပြခဲ့သည်ထဲက တောင်သူတွေအတွက်သာမက စိုက်ပျိုးရေး နယ်ပယ်က မည်သူအတွက်မဆို သိထားသင့်သည့်ဆောင်းပါးတစ်ပုဒ်ကို နောက်ဆုံးအနေနှင့် ညွှန်းပေး ချင်ပါသည်။ 

ဆောင်းပါးရှင် နွယ်အေး၏ ‘ယူရီးယားဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ’ ဆောင်းပါးများ ဖြစ်သည်။ ယူရီးယားဆိုတာက အပင်တွေအတွက် မရှိမဖြစ်လိုအပ်သည့်အာဟာရဓာတ်တစ်မျိုးဖြစ်သော နိုက်ထရိုဂျင်ပါဝင်သည့် မြေဩဇာဆိုခြင်းကို အားလုံးလည်းသိကြပြီးဖြစ်မည်ထင်သည်။

သို့သော် ဒီယူရီးယားကို ဘယ်လိုပုံစံနှင့်ထုတ်လုပ်သလဲ၊ မြေတွေထဲမှာ ဘယ်လိုပုံစံနဲ့ တည်ရှိနိုင်တာလဲ၊ အပင်တွေကကော ဘယ်လိုပုံစံနဲ့ အသုံးချစားသုံးကြသလဲ၊ အကျိုးရှိရှိသုံးမယ်ဆိုရင် ဆောင်ရန် ရှောင်ရန် လိုတာ တွေက ဘာတွေလဲဆိုခြင်းမျိုးကိုတော့ သိပြီးသူများရှိသလို မသိသေးသူများလည်း ရှိနေဦးမည်ဟု ယူဆမိ၍ ဗဟုသုတအနေနှင့် သိထားသင့်ကြောင်းကို ညွှန်းပေးလိုခြင်းဖြစ်ပါသည်။ အပိုင်း (၂) ပိုင်းရှိပါသည်။ သိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ယူရီးယားဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၁)

https://bit.ly/3VfalJT

ယူရီးယားဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂) 

https://bit.ly/41QaANl

ပြီခဲ့သည့်တစ်ပတ်အတွင်း မိမိတို့ Green Way_အစိမ်းရောင်လမ်းအနေဖြင့် အက်ပလီကေးရှင်းသုံးစွဲသူ ၃ သိန်းကျော်၊ ဖေ့ဘွတ်ပေ့ချ်ဖော်လိုဝါ ၄ သိန်းကျော်ဆိုသည့် မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့ပါသည်။ ယင်းအတွက် သက်ဆိုင်ရာ သက်ဆိုင်ရာ ကူညီအားပေးသူအပေါင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ယခုဆောင်းပါးတွင်လည်း မိမိအနေနှင့် ကျေးဇူးတင်ကြောင်း ထပ်ပြောလိုပါသည်။

ယခုနှစ်တွင် အချို့နေရာများ၌ အပူချိန်စံချိန်တင်မြင့်တက်မှုများလည်း ကြုံနေကြရသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်မှုကြောင့် အိုးအိမ်များပျက်စီးခဲ့သလို လူ သေဆုံးမှုများလည်း ရှိခဲ့သည်ကိုလည်း စိတ်မကောင်းဖွယ်ကြားရသည်။ ထို့ကြောင့် လူတိုင်း၊ လူတိုင်း အပြင် ထွက်ပါက အပူချိန်ကို ကာကွယ်နိုင်သည့်အကွယ်အကာများသုံးကြဖို့နှင့် မိုးသီးဒဏ်၊ လေဒဏ်များ ကြုံရ ပါကလည်း အတတ်နိုင်ဆုံး အမြန်ဆုံးအန္တရာယ်ကင်းစေနိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါသည်။

တောင်သူ ဦးကြီးဒေါ်ကြီးအပေါင်းနှင့် ပြည်သူပြည်သားများအပေါင်း ဘေးအန္တရာယ်များကင်းရှင်းပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်