တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

08/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အာဏာကိုဆုပ်ကိုင်ထားသူတစ်ဦးအနေဖြင့် မူဝါဒအမှားတစ်ချက်နှင့်ပင် တစ်နိုင်ငံလုံးကို ဒုက္ခတွင်းထဲ ပို့ပစ်လိုက်နိုင်ကြောင်း သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပါစကာက လက်တွေ့ပြသခဲ့သည်။ 

ရာစုနှစ်များစွာတိုင်အောင် ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့တဲ့ သီရိလင်္ကာနိုင်ငံ နိုင်ငံတကာအကြွေးတွေ မဆပ်နိုင်တော့ဘဲ ဒေဝါလီခံသွားရသည်။ သူများပေးစာကမ်းစာ စောင့်စားနေကြရပြီ။

Financial Times သတင်းစာ၏ ဆောင်းပါးကို ကိုဝေယံဟိန်း(B.Ag) ဘာသာပြန်ထားသည့် ‘စိုက်ပျိုးရေးကဏ္ဍအတွက် သီရိလင်္ကာပေးတဲ့သင်ခန်းစာ’ ဆောင်းပါးထဲတွင် အထက်ပါအကြောင်း များပါဝင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်သောကြာနေ့က Green Way တွင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

မည်သည့် နောက်ခံ ကုစားအစီအစဉ်မျိုးမှမရှိပါဘဲ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲ‌ရေးအတွက် ဆိုကာ ဓာတ်မြေဩဇာတင်သွင်းခွင့်တွေကို ပိတ်ပင်ပစ်လိုက်ပြီး အော်ဂဲနစ်နိုင်ငံအဖြစ်ပြောင်းလဲပစ်ဖို့ ဇွတ်လုပ်ခြင်းရဲ့အကျိုးဆက်က ရာဂျာပါစကာကိုယ်တိုင် နိုင်ငံကနေ ထွက်ပြေးရသည်အထိ ဖြစ်စေခဲ့သည်။

 အများစုကတော့ ဒီဖြတ်ကတတ်ဆန်း ထုတ်ပြန်လိုက်တဲ့ မူဝါဒဟာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင် ပြောင်းလဲ‌ရေးလုပ်ဖို့ ဆိုတာထက် နိုင်ငံခြားငွေလက်ကျန် ကျဆင်းနေတာကို ကာကွယ်ဖို့ ကြိုး ပမ်းချက်သာ ဖြစ်တယ်လို့ ရှုမြင်ကြကြောင်း Financial Times က ဆိုထားသည်။

ဒီထင်ရာစိုင်းမူဝါဒဟာ သီရိလင်္ကာနိုင်ငံကို ဘယ်လိုအခြေအနေမျိုးထိ ဆွဲချပစ်လိုက်သလဲ၊ နိုင်ငံသူ၊ နိုင်ငံသားတွေကော ဘယ်လောက်အထိ ဒုက္ခတွေကြုံသွားရသလဲ၊ နောက်ဆက်တွဲ ဘယ်လိုကုစား နေရလဲ ဆိုတာတွေ အပြည့်အစုံသိချင်လို့ မူရင်းသတင်းကို ဖတ်ချင်သည်ဆိုရင်တော့ အောက်ပါ လင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3Go92RO

‘ဘယ်သူသေသေ ငတေမာ’ ပြီးရောဆိုသည့် ကိုယ်ကျိုးတစ်ဖို့တည်းအတွက်ချည်းကြည့်သည့် ဆွေမျိုး ကောင်းစားရေး အတ္တသမားဘယ်လိုလူမျိုးကိုမဆို မိမိ ရွံမုန်းပါသည်။ လက်တစ်ဆုပ်စာ လူတန်းစားကလွဲ၍ အများစုလည်း ထိုကဲ့သို့သာ သဘောထားမျိုးရှိမည်ဟု ယုံကြည်ပါသည်။

သူများချည်းပဲအကျိုးရှိပြီး ကိုယ့်အတွက်တော့ အကျိုးမရှိသည့်အလုပ်မျိုးဆိုလျှင်လည်း ရေရှည် ရပ်တည်ဖို့ ခဲယဉ်းပါလိမ့်မည်။ ဆိုတော့ ကိုယ်လည်းအကျိုးရှိ အများလည်းအကျိုးရှိ အလုပ်မျိုး စီးပွားရေးမျိုးကို လုပ်ကိုင်နေသူများကိုတော့ ကြိုဆိုပါသည်။ ဒီအတွက် ဒီတစ်ပတ်အတွင်း Green Way မှာဖော်ပြခဲ့သည့် ဂျပန်လူငယ်လေးတိုမို အကြောင်းကို စိတ်ဝင်စားမိသည်။

သူက အသက် ၃၀ ဝန်းကျင်သာ ရှိသေးပြီး အတော်ငယ်ပါသေးသည်။ ဂျပန်တွင်ဘွဲ့ရပြီး အမေရိကား မှာ လည်းပညာသင်ခဲ့သူဖြစ်သည်။ သူ့အသက် ၁၈ နှစ်လောက်မှာ ထိုင်းမြန်မာနယ်စပ်က စစ်ဘေး ရှောင် ကရင်လူမျိုးတွေနှင့်တွေ့ပြီး မြန်မာနိုင်ငံအပေါ် ကူညီချင်စိတ်တွေ ဖြစ်ခဲ့သည်။ ဒီ့နောက် ၂၀၁၇ သူ့အသက် ၂၅ လောက်ကစလို့ မြန်မာနိုင်ငံမှာ Borderless Myanmar အနေဖြင့် လူမှုအကျိုးပြု စီးပွားရေးကို စတင်လုပ်ကိုင်ခဲ့သည်။

စိတ်ဝင်စားမိသည်က သူ့အတွေးအခေါ်ပိုင်းနှင့်စသည်။ နိုင်ငံတကာ NGO များနှင့်ပူးပေါင်းပြီး အကူ အညီပေးမှုတွေလုပ်လို့ရသည်။ သို့သော် ဒါက Donor (အလှူရှင်) အပေါ် မူတည်သည်။ အလှူငွေကုန် သွားရင် ဘာမှဆက်လုပ်မရတော့။ ဆိုတော့ သူက တောင်သူတွေကို အကျိုးရှိစေသည့်အရာများလည်း ကူညီပြီးဖြစ်သလို စီးပွားရေးအကျိုးအမြတ်ရှိခြင်းဖြင့် ရေရှည်ရပ်တည်နိုင်မည့်လမ်းလည်းဖြစ်သည့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း(Social Business) ကို ရွေးချယ်ခဲ့သည်။ 

အဓိကက တောင်သူတွေအတွက် လိုအပ်နေသည့် သတင်းအချက်အလက်၊ နည်းပညာ၊ ချေးငွေ၊ ဈေးသက်သာသည့် သွင်းအားစု စသည်တို့ကို တစ်နေရာတည်းတွင် အားလုံးရနိုင်မည့် One Stop Service ဆိုင်များ တည်ထောင်လိုခြင်းဖြစ်သည်။ သူ့လုပ်ဆောင်ချက်များအတိုင်းအတာတစ်ခုထိ အောင်မြင်သည်ဟုဆိုရပါမည်။ Borderless Japan ၏ကူညီမှုများဖြင့် လက်ရှိတွင် ရှမ်းပြည်တောင် ပိုင်း၌ One Stop Service ဆိုင် ၆ ဆိုင် ရှိနေပြီ။ မြန်မာလူငယ်အများစု ဂျပန်သွားအလုပ်လုပ်နေချိန် ဂျပန်လူငယ်တစ်ဦးကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်ရင်း အကျိုးပြုလိုနေခြင်းဖြစ်သည်။

အင်တာဗျူးမှာ သူပြောပုံတွေအရလုပ်နိုင်မည်ဆိုလျှင်တော့ သူ့ရည်ရွယ်ချက်တွေက တောင်သူ တွေအတွက် အကျိုးရှိလာနိုင်မည်ဟု မျှော်လင့်မိသည်။ သူ့ရည်ရွယ်ချက်တွေကတော့ အတော် လေးကြီးသည်။ သူ ဘာတွေ ပြောထားသလဲသိချင်ရင်တော့ အောက်ပါလင့်များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ အင်တာဗျူးက အပိုင်း (၃) ထိ ရှိသွားပါပြီ။ ဆက်လက်ဖော်ပြစရာများတော့ တော်တော်များများ ကျန်ပါသေးသည်။

မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြု ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၁)

https://bit.ly/3k2NLoX

မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြု ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၂)

https://bit.ly/3iu0514

မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြု ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၃)

https://bit.ly/3VVkee4

ဒီတစ်ပတ်အတွက် နောက်ဆုံးအနေနှင့် မတ်ပဲဈေးတွေကျနေပြီး ပဲစင်းငုံတွေ ဈေးတက်နေရသည့် အကြောင်းအရင်း သတင်းအကြောင်းကို ပြောလိုပါသည်။

သိကြသည့်အတိုင်း ဒီပဲတွေကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည့်အတွက် အတက် အကျတွေက အိန္ဒိယဈေးကွက်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သို့သော် ပြောစရာရှိသည့် တစ်ချက်ကတော့ ဒီအချိန် က ဆောင်းစိုက်မတ်ပဲအသစ်တချို့ ပေါ်နေချိန်၊ ပေါ်တော့မည့် အချိန် ဖြစ်နေခြင်းဖြစ်သည်။

ဆိုတော့ တောင်သူတွေအတွက်တော့ သူတို့သီးနှံပေါ်ချိန်တွေမှာ ဈေးကျချိန် မျိုးဖြစ်နေသည်က အစဉ်အလာလိုဖြစ်နေခြင်းကြောင့် ကုန်သည်တွေက ဈေးကစားနေတာလား ဆိုသည့်အမြင်မျိုးဆီသာ အမြဲတွန်းပို့နေပြန်သည်။ 

လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ သုံးသပ်ချက်အရတော့ ဒီလို မျိုး မတ်ပဲဈေးကျ၊ ပဲစင်းငုံဈေးတက်နေရခြင်းတွင် အကြောင်းတစ်ခုထက်မက ရှိနေသည်။ ပြီးခဲ့သည့် အပတ်အတွင်း အိန္ဒိယနိုင်ငံအနေနဲ့ ပဲတွေဝယ်ယူဖို့ သက်တမ်းကို လာမဲ့ ၂၀၂၄ ခုနှစ်ထိ တိုးမြှင့်လိုက် ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်သည်။ ဆိုတော့ အလျင်စလိုမဝယ်တော့ဘဲ အဝယ်အေးသည်။ ဒီကြားထဲ အိန္ဒိယဆောင်းမတ်ပဲကလည်း အထွက်တိုးလိုက်တော့ ဈေးတွေပါကျသွားစေခြင်းဖြစ်သည်။ စိတ်မကောင်းစရာကတော့ မတ်ပဲအသစ်တွေဈေးကွက်ထဲဝင်နေလို့ ဈေးကထပ်ကျနိုင်ချေရှိသည်ဟု ကုန်သည်တွေက ခန့်မှန်းနေခြင်းပင်။ သွင်းအားစုတွေက လုံးဝနီးပါးဈေးမကျဘဲ ကိုယ့်ထွက်ကုန်ကသာ ဈေးကျသည်ဆိုပါက တောင်သူတွေ ခက်ခဲဦးမည်ပင်။

ပဲစင်းငုံနီကတော့ မတ်ပဲနှင့်ဆန့်ကျင်ဘက်။ အိန္ဒိယမှာအထွက်လျော့သလို ဈေးကွက်ထဲလည်း ပစ္စည်း နည်းနေလို့ ဈေးကဆက်ပင်တက်ဦးမည့်အလားအလာရှိသည်ဟုဆိုသည်။ လှောင်ထားနိုင်သူများ လှောင်ထားသင့်သည့်အနေအထားမျိုး ဖြစ်သည်ဟု ဆိုပါသည်။

သတင်းအပြည့်အစုံကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3ilLO6C

ဒီတစ်ပတ်အတွက်တော့ ဒီလောက်နှင့်ပဲ အဆုံးသတ်ပါဦးမည်။ တောင်သူမယ်မောင်အပေါင်းနှင့် ပြည်သူပြည်သားအပေါင်း ကိုယ်ကျိုးရှာအတ္တသမားများနှင့်ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်