၂၀၂၂ အတွင်း ငါးစက္ကန့်တိုင်း ဘောလုံးကွင်းတစ်ကွင်းနီးပါး သစ်တောများ ဆုံးရှုံးခဲ့

12/07/2023 15:21 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာမြေကြီးဟာ ဆွစ်ဇာလန် (သို့မဟုတ်) နယ်သာလန်နိုင်ငံထက် ပိုမိုကြီးမား (စတုရန်းကီလိုမီတာ ၄ သောင်းကျော်) တဲ့ ကာဗွန်စုပ်ယူနိုင်သောမိုးသစ်တောဧရိယာတွေကို ဆုံးရှုံးခဲ့ရတယ်လို့ ဂြိုလ်တုဒေတာ ခွဲခြမ်းစိတ်ဖြာချက်တစ်ခုက ဖော်ပြခဲ့ပါတယ်။

အများစုဟာ ကျွဲနွားမွေးမြူရေးနဲ့ သီးနှံတွေစိုက်ပျိုးထုတ်လုပ်ဖို့အတွက်တွေကြောင့် ပျက်စီးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

World Resources Institute (WRI) ရဲ့အဆိုအရဆို အပူပိုင်းဒေသမှ အရွယ်ရောက်ပြီးသား အပင်တွေဟာ  စက္ကန့်တိုင်းမှာ နေ့ညမပြတ် ခုတ်လှဲခြင်း သို့မဟုတ် မီးရှို့ခြင်းခံနေရခြင်းတွေကြောင့် ငါးစက္ကန့်တိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာနီးပါး ဆုံးရှုံးနေရတာပါ။ ဒါဟာ ယခင် ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အပူပိုင်းဒေသသစ်တောတွေ ဖျက်ဆီးခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း လေထုထဲကို ကာဗွန်ဒိုင် အောက်ဆိုက် မက်ထရစ်တန် ၂.၇ ဘီလီယံ လွှတ်ထုတ်သွားခဲ့ပြီး ၎င်းပမာဏဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရုပ်ကြွင်းလောင်စာထုတ်လွှတ်မှုနဲ့ ညီမျှတယ်လို့ WRI ရဲ့ Global Forest Watch Unit က ဖော်ပြပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ ၄၃ ရာခိုင်နှုန်း၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံတို့မှာ ၁၃ ရာခိုင်နှုန်းနဲ့ ၉ ရာခိုင်နှုန်းခန့်စီ အသီးသီး ဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၂ အတွင်း တစ်ကမ္ဘာလုံးမှာ ပြုန်းတီးခဲ့တဲ့သစ်တော စတုရန်းကီလိုမီတာဟာ ၄၁,၀၀၀ ကျော် (စတုရန်းမိုင် ၁၆,၀၀၀ နီးပါး) ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း မူလသစ်တောများ စတုတ္ထမြောက် အပျက်စီးဆုံးနှစ်လည်း ဖြစ်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်က Glasgow COP26 ထိပ်သီးအစည်းအဝေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်နဲ့ ဆုံးရှုံးလာနေတဲ့ သစ်တောတွေကို ၂၀၃၀ ခုနှစ်မှာ ဆုံးရှုံးမှုရပ်တန့်သွားဖို့နဲ့ နောက်ပြန်ဆုတ်သွားဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။

"ရာစုနှစ် အကူးအပြောင်းကတည်းက ဒီလမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြပေမဲ့ ကမ္ဘာ့အရေးအပါဆုံး သစ်တောဂေဟစနစ်အချို့ဟာ ပျက်စီးယိုယွင်းနေတာကို တွေ့ခဲ့ရပါတယ်" လို့ WRI ရဲ့ Global Forest Watch ဒါရိုက်တာ Mikaela Weisse က  သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

"ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ဖို့နဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းကို ထောက်ပံ့ပေးနိုင်တဲ့ အထိရောက်ဆုံး လက်နက်တွေကို ကျွန်မတို့ လျင်မြန်စွာဆုံးရှုံးနေရပါတယ်" လို့ သူမက ဆိုပါတယ်။

ဒီလိုဓာတ်ငွေ့ထုတ်လွှတ်မှု ထက်ဝက်တိုးလာခဲ့ပေမဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနဲ့ မြေဆီ လွှာတို့ကတော့ ၁၉၆၀ ခုနှစ်မှစပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ညစ်ညမ်းမှုရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို တသမတ်တည်း စုပ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လူဦးရေ ၁.၆ ဘီလီယံလောက်ထိရှိတဲ့ ဌာနတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ထက်ဝက်နီးပါးဟာ ၎င်းတို့ရဲ့ စားနပ်ရိက္ခာနဲ့ အသက်မွေးဝမ်းကျောင်းအတွက် သစ်တောသယံဇာတများအပေါ်မှာ တိုက်ရိုက်မှီခိုနေရတာ ဖြစ်ပါတယ်။

ဘရာဇီးနဲ့ တန်ချိန် ၉၀ ဘီလီယံ

လေးနှစ်ကြာအုပ်ချုပ်ခဲ့တဲ့ လက်ယာစွန်းသမ္မတ Jair Bolsonaro ရဲ့ စည်းမျဉ်းတွေကြောင့် ဘရာဇီးနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုဟာ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်နဲ့ ၂၀၂၁ ခုနှစ် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးလာခဲ့တာဖြစ်ပါတယ်။

Bolsonaro ရဲ့ အုပ်ချုပ်မှုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများအတွက် စိတ်ပျက်စရာကောင်းပြီး  တရား မဝင်သစ်တောပြုန်းတီးမှုကို မျက်ကွယ်ပြုထားပါတယ်။ အဖိုးတန်သစ်တောများကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း သက်သေပြထားနိုင်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမှုမှာလည်း အားနည်းခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အစပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတ Luiz Inacio Lula da Silva ကတော့ ဘရာဇီးအမေဇုန်သစ် တောမှာ သစ်တောပြုန်းတီးမှုတွေ  ၂၀၃၀ ခုနှစ်မှာ အဆုံးသတ်မယ်လို့ ကတိပြုခဲ့ပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒါကိုအကောင်အထည်ဖော်ရေးမှာ စိန်ခေါ်မှုပေါင်းများစွာ ကြုံရလိမ့်မယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ သစ်တောပြုန်းတီးမှုဟာ တောင်အမေရိကသာမက ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး အမေဇုန်မြစ်ဝှမ်းရဲ့ အပူပိုင်းသစ်တောတွေကနေ မြက်ခင်းလွင်ပြင်တွေအဖြစ် အရှိန်အဟုန်နဲ့ ကူးပြောင်းသွားမှာကို သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

ကမ္ဘာတစ်ဝန်း အရင်းအမြစ်အားလုံးကနေ နှစ်စဉ်ထုတ်လွှတ်နေတာရဲ့  နှစ်ဆထိရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၉၀ ဘီလီယံခန့်ထိကို အမေဇုန်မြစ်ဝှမ်းရဲ့ သစ်တောတွေက သိုလှောင်ထားနိုင်တာပါ။

"သစ်တောဆုံးရှုံးမှုကို ရပ်တန့်ပြောင်းလဲလိုက်နိုင်ရေးဟာ ယနေ့ ကျွန်တော်တို့ကုန်ကျစရိတ်သုံးစွဲနေရာတွေ ကို လျှော့ချဖို့ အကောင်းဆုံးတစ်ခုဖြစ်လာလိမ့်မယ်” လို့ WRI ရဲ့ သစ်တောရေးရာ အကြီးတန်းအဖွဲ့ဝင် Frances Seymour က ပြောကြားခဲ့ပါတယ်။

ကွန်ဂို

အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာလည်း မူလသစ်တောတွေရဲ့ ဆုံးရှုံးမှုနှုန်း ဟာ မြင့်မားနေပြီး ၂၀၂၂ ခုနှစ်မှာ ဟက်တာသန်းဝက်ကျော် ပျက်စီးခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ 

ဘရာဇီးနိုင်ငံနဲ့ မတူတာကတော့  အဓိကဖြစ်တဲ့ အကြောင်းအရင်းတွေက အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ခြင်း၊ အသေးစား မီးသွေးထုတ်လုပ်ရေးလုပ်ငန်းအတွက် သစ်ခုတ်ခြင်းနဲ့ မီးရှို့ခြင်းတို့ကြောင့်ဖြစ်ပြီး ဒါဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ပြသနေတာလည်း ဖြစ်ပါတယ်။

လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လျှပ်စစ်မီး မရရှိကြသေးပါဘူး။

၂၀၂၁ ခုနှစ်မှာ DRC ကနေ လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်လာ ဘီလီယံဝက် (သန်း ၅၀၀) သဘောတူညီချက်အရ သစ်တောတွေ ပျက်စီးလာတာကို ကာကွယ်ဖို့  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ပိုင်ခွင့်တွေကို မကြာသေးမီက လေလံတင်ရောင်းချခဲ့ပါတယ်။

သစ်ထုတ်လုပ်မှု လုပ်ပိုင်ခွင့်အသစ်တွေကိုလည်း ယာယီဆိုင်းငံ့ထားဖို့ရာ အစိုးရက ညွှန်ကြားထားပါတယ်။

ဘိုလီးဗီးယား

ဘိုလီးဗီးယားနိုင်ငံဟာလည်း ၂၀၂၂ ခုနှစ်အတွင်း မူရင်းသစ်တောတွေဆုံးရှုံးမှုမှာ တတိယမြောက် အကြီးဆုံး (စတုရန်းကီလိုမီတာ ၄၀၀၀ နီးပါး) နိုင်ငံဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သစ်တောပြုန်းတီးမှု နှုန်းဟာ ၃၂ ရာခိုင်နှုန်း တိုးလာခဲ့တာ ဖြစ်ပါတယ်။

"ဆုံးရှုံးမှုအများစုဟာ နိုင်ငံအတွင်းရှိ မူရင်းသစ်တောတွေကို ထိန်းသိမ်းထားရာနယ်မြေအတွင်းမှာတင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်" လို့ Global Forest Watch အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆုံးရှုံးရတဲ့အကြောင်းရင်းတွေထဲမှာတော့ ကိုကိုးထုတ်လုပ်မှု၊ ရွှေတူးဖော်မှုနဲ့ တောမီးလောင်ခြင်းတို့ဟာ အဓိကဖြစ်ပါတယ်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့အပူပိုင်းသစ်တောတွေ ဆုံးရှုံးမှု ၅ ရာခိုင်နှုန်းကျော် (စတုရန်းကီလိုမီတာ ၂၃၀၀) သာရှိခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ၄ ဆကျော် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

ယမန်နှစ်က ကမ္ဘာတစ်ဝန်း အပူပိုင်းသစ်တောများဆုံးရှုံးမှု ထိပ်တန်း ၁၀ နိုင်ငံထဲမှာ နောက်ထပ်နိုင်ငံတွေအဖြစ် ပီရူး (၃.၉)၊ ကိုလံဘီယာ (၃.၁)၊ လာအို (၂.၃)၊ ကင်မရွန်း (၁.၉)၊ ပါပူဝါနယူးဂီနီ (၁.၈) နဲ့ မလေးရှား (၁.၇) ရာခိုင်နှုန်းတို့ ပါဝင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကျန် ကမ္ဘာ့နိုင်ငံတွေရဲ့ သစ်တောစုစုပေါင်းဆုံးရှုံးမှုမှာတော့ ၁၅ ရာခိုင်နှုန်းအောက်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဇင်ထူးနိုင် 

Ref: https://phys.org/news/2023-06-football-pitch-tropical-forest-lost.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်