ပဲစိုက်တော့အရွက်ဝါသကွဲ့...ယောကျ်ားက အရက်နာသကွဲ့..အဆင်ကိုပြေမနေဘူး..

15/12/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

"ပဲစိုက်​တော့..အရွက်ဝါသကွဲ့..

ဝက်​မွေး​​တော့..နားရွက်ပြာသကွဲ့...

ယောက်ျားက...အရက်နာသကွဲ့..

ဘာမှကို အဆင်မ​ပြေပါဘူး..ငါ့​မောင်ရယ်"... တဲ့။

ရွှေဘိုသူတွေကို အဲ့လိုမျိုးပြောစမှတ်တွင်စေခဲ့တဲ့အထိ ဒုက္ခပေးခဲ့တဲ့ ပဲမိုဇိတ်ဗိုင်းရပ်စ်ရောဂါပါ..။

၂၀၁၀ ခုနှစ်ဝန်းကျင်တုန်းက ရွှေဘို​ဒေသမှာ ​နွေပဲတီစိုက်ဧကများအားလုံးကို ဒီရောဂါက ဒုက္ခပေး သွားခဲ့တာပါ။

  • မြန်မာအမည်   = ပဲမိုဇိတ်ဗိုင်းရပ်စ် (​ရွှေဝါ​ရောင် ပဲမိုဇိတ်ဗိုင်းရပ်စ်)
  • အင်္ဂလိပ်အမည် = Yellow mosaic virus (Golden yellow mosaic virus=GYMV)

မိုဇိတ်(Mosaic) ဆိုတဲ့ ​ဝေါဟာရက အစက်အ​ပြောက်များဖြင့် ဖန်တီးပုံ​ဖော်ထားတဲ့ ပန်းချီအနုပညာ လို့ ​ပြောလို့ရသလို..

မတူညီ​သော မျိုးရိုးဗီဇ ဆဲလ်၂ မျိုးလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

​သေချာတာက​တော့  ပဲတီစိမ်း၊ မတ်ပဲ အပါအဝင်၊ ပဲသီးနှံ​အ​တော်များများမှာ မိုဇိတ် ဗိုင်းရပ်စ်​ရောဂါ ကျ​ရောက်​လေ့ရှိတာ ​တွေ့ရပါတယ်။

ပဲမိုဇိတ်ဗိုင်းရပ်​စ်ရောဂါလက္ခဏာ

  • မိုဇိတ်ဆိုတဲ့ ​ဝေါဟာရအတိုင်း ပဲရွက်အစိမ်း​ရောင်​ပေါ်မှာ အဝါအစက်​ပြောက်​လေး​တွေ စတင်​တွေ့ရှိလာပါတယ်။
  • တဖြည်းဖြည်းနဲ့ အဝါအစက်​ပြောက်​လေး​တွေ များလာပြီး တရွက်လုံး ဝါလာပါတယ်။
  • ​ရောဂါလက္ခဏာပြပြီး တပတ်အတွင်း တပင်လုံးဝါရာမှာ  အခြားအပင်သို့ ကူးစက်ကာ တဖြည်းဖြည်း တကွင်းလုံး ဝါတတ်ပါတယ်။
  • အပင်ငယ်စဉ်မှသည် အသီးသီးချိန်ထိ ​ရောဂါကျ​ရောက်နိုင်ပြီး အသီးများပါဝါ၊ ကွေး​ကောက်သွား​စေကာ အထွက်နှုန်း ဆုံးရှုံး​စေပါတယ်။

​ရောဂါကူးစက်ပျံ့နှံ့ပုံ

  • ပဲမှိုဇိတ်ဗိုင်းရပ်စ်​ရောဂါသည် အပင်ဆဲလ်အတွင်း ကိုယ်တိုင် တိုက်ရိုက်ထိုး​ဖောက်ဝင်​ရောက်နိုင်ခြင်းမရှိပါ။
  • ယင်ဖြူ(white fly)ကဲ့သို့​သော သစ်ရည်စုပ်ပိုးမှတဆင့် အပင်တပင်မှတပင် ကူးစက်ပျံ့နှံ့​စေပါတယ်။
  • အချို့ ပဲပင်များတွင် အရွက်စစ် ၂ ရွက်ထွက်ကာမျှဖြင့် ဗိုင်းရပ်စ်လက္ခဏာ ​စောစီးစွာ ပြသတာ​တွေ့ရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မိုဇိတ်ဗိုင်းရပ်​စ်ရောဂါသည်...

  • ယင်ဖြူမှတဆင့် ကူးစက်ခြင်းအပြင် မျိုးဗီဇမှတဆင့်(seed borne) အ​နေနဲ့လည်း ကူးစက်ပျံ့နှံ့နိုင်သည်ကို သတိပြုနိုင်ပါရန် ​ရေးသားတင်ပြအပ်ပါတယ်။

ကြိုတင်ကာကွယ်ရန်နည်းလမ်းများ

မည်သည့် ဗိုင်းရပ်​စ်ရောဂါမဆို ကုသရန် ​ဆေးမရှိ​သေးပါ။

ကြိုတင်ကာကွယ်ရန်နဲ့ ​နောက်ထပ်မကူးစက်​အောင် လုပ်​ဆောင်ရန်သာအ​ရေးကြီးပါတယ်။

  • ရောဂါရစိုက်ခင်းမှ မျိုး​စေ့ကို ပြန်မသုံးပါနဲ့။
  • ရောဂါဒဏ်ခံနိုင်​​သော မျိုး​စေ့ကို ရွေးချယ်အသုံးပြုပါ။ ( ဥပမာ - မတ်ပဲမျိုး (​ရေဆင်း-7/ TBL-9)၊ ပဲတီစိမ်း (​ရေဆင်း -၁၅ /​ရေဆင်း-၁၆) တို့သည် အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိပါသည်)
  • မစိုက်မီ မျိုး​စေ့ကို ၄၅ ဒီဂရီ​ရေ​နွေး(ကြက်သီး​နွေး) မှာ ၁၀ မိနစ်ခန့် စိမ်စိုက်ပါ။
  • သဘာဝ​မြေသြဇာ၊ ဓာတ်​မြေသြဇာ မျှတစွာ ထည့်ပါ။
  • ကန်သင်း​ပေါ်ရှိ မိုဇိတ်ဗိုင်းရပ်စ် ကျ​ရောက်​နေ​သော ပဲပင်၊​ ပေါင်းပင်များကို ရှင်းလင်းပါ။
  • ယင်ဖြူ၊ စုပ်စားပိုးများကို ကြိုတင်ကာကွယ်ပါ။

သဘာဝပိုးသတ်​ဆေး(​အော်ဂဲနစ်)ဖြင့် ကာကွယ်ခြင်း

  • ဂရိုး-မက်စ် လူးနယ်​ဆေးအသုံးပြုခြင်း
  • တမာပိုးသတ်​ဆေး ပက်ဖျန်းခြင်။
  • ဆေးရွက်ကြီး + ဆပ်ပြာစိမ်ရည် ပြုလုပ်သုံးစွဲခြင်း

ဓာတုပိုးသတ်​ဆေးဖြင့်ကာကွယ်ခြင်း

  • မျိုး​စေ့ကို သိုင်ယာမီသိုဇင်/​အေမီဒါကလိုပရစ် (Thiamethoxan/Imidacloprid) (မျိုး​စေ့ ၁ တင်း/၁၀၀ ဂရမ်) လူးနယ်စိုက်ပါ။ အဆီတာမီပရစ် (Acetamiprid) (၄ ဂါလံ​ဆေး ၁ ပုံး/၂၀ စီစီ) သိုင်ယာမီသိုဇင်(၄ ဂါလံ​ဆေး ၁ ပုံး/ ၂၀-၃၀ စီစီ)
  • အရွက်ဝါစ ပဲပင်တွေ့တာနဲ့ နုတ်ယူ မီးရှို့ပစ်ပါ။
  • ယူရီးယားများ​သော အရွက်ဖျန်း​မြေသြဇာများ၊ ဟော်မုန်းများ​သောဆေးများ အသုံးပြုခြင်းကိုသတိပြုပါ။

ရောဂါဆိုးရွာမှုအ​ခြေအ​နေ

စာ​ရေးသူ၏ အ​တွေ့အကြုံအရ ပဲမိုဇိတ်ဗိုင်းရပ်စ်သည် ရာသီဥတုပူပြင်း​သောအ​ခြေအ​နေ သို့မဟုတ်မိုး​ခေါင်ပြီး ရေသွင်းစိုက်ကြ​သော ​​နွေပဲသီးနှံစိုက်ဧကများတွင်  အပင်ဝါ​ရောဂါ ဆိုးရွားစွာ ကျ​ရောက်တတ်ပါတယ်။

အထက်မှာပြောခဲ့သလို ၂၀၁၀ ခုနှစ်ဝန်းကျင်က ရွှေဘို​ဒေသမှာ ​နွေပဲတီစိုက်ဧကများအားလုံး မိုဇိတ်​ရောဂါကျရောက်ခဲ့စဉ်တုန်းက...

  • ပိုးသတ်​ဆေး​ပေါင်းစုံဖျန်းခြင်း၊
  • နွားနို့နဲ့ ဘားပလက်၊ အချိူမှုန့် ​ရောဖျန်းခြင်း

စသဖြင့် နည်းမျိုးစုံနဲ့ ကြိုးစား​ပေမယ့် အချည်းနှီးဖြစ်ခဲ့ကြရပါတယ်။

​ဒါကြောင့် ပြောခဲ့သလို ရွှေဘိုသူ​တွေ ​ပြောစမှတ်တွင်ခဲ့ရတာပါ...။

"ပဲစိုက်​တော့..အရွက်ဝါသကွဲ့..

ဝက်​မွေး​​တော့..နားရွက်ပြာသကွဲ့..

​​ယောက်ျားက...အရက်နာ သကွဲ့ 

ဘာမှကို အဆင်မ​ပြေပါဘူး..ငါ့​မောင်ရယ်" ဆိုပြီးတော့ပါ။

​ပြောချင်တာက​တော့...

ပဲမိုဇိတ် ဗိုင်းရပ်​စ်ရောဂါဟာ... တကယ်ဖြစ်လာပြီဆိုရင် ကုသဖို့ ခဲယဉ်းပါတယ်။

မဖြစ်ခင်ကြိုတင်ကာကွယ်နည်းများကိုသာ....

လိုက်နာ​ဆောင်ရွက်သင့်ပါ​ကြောင်း စေတနာ​ရှေ့ထားပြီး ​ရေးသားတင်ပြလိုက်ရပါတယ်။

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်