ရွှေဖရုံအထွက်တိုးစေဖို့ ဒေါင်းနီးရောဂါကာကွယ်စို့

08/09/2020 15:00 PM တွင် ဘုန်းဟိန်းနိုင် ဘုန်းဟိန်းနိုင် မှ ရေးသား

    ရွှေဖရုံစိုက်ပျိူးသော တောင်သူဦးကြီးများခင်ဗျာ။ ရွှေဖရုံအခင်းမှာ ဒေါင်းနီးမှိုရောဂါကျရောက်ပါက ဆိုးရွားစွာ ဝင်ငွေထိခိုက်နိုင်သည့်အတွက် လေ့လာထားသော ရွှေဖရုံဒေါင်းနီးမှိုအကြောင်း တင်ပြလိုက်ရပါသည်။

    ရွှေဖရုံသည် သင့်တင့်မျှတသော ရာသီဥတုတွင် ကောင်းစွာဖွံဖြိုးသည်။ မိုးအုံ့ခြင်းနှင့် စိုထိုင်းစများခြင်းတို့သည် ရွှေဖရုံအား ပိုမွှားရောဂါများ ကျရောက်စေရန် အားပေးသည်။ များသောအားဖြင့် ရွှေဖရုံကို နွေရာသီနဲ့ မိုးရာသီများတွင် စိုက်ပျိုးကြပြီး ဈေးကွက် ကောင်းကောင်းရရှိနိုင်သော သီးနှံလည်းဖြစ်သည်။

ရောဂါဖြစ်စေသောသက်ရှိနှင့် တိုက်ခိုက်ဖျက်ဆီးပျံ့နှံ့ပုံ

    ရွှေဖရုံဒေါင်းနီးမှိုရောဂါဖြစ်စေသော သက်ရှိ၏သိပ္ပံအမည်မှာ Pseudopernospora cubensis ဖြစ်ပြီး ရှင်သန်လတ်ဆတ်နေသော အရွက်အစိတ်အပိုင်းများတွင်သာ ဖျက်စီးတိုက်ခိုက် ရှင်သန်နိုင်ပါသည်။ ပတ်ဝန်းကျင်အခြေအနေပေးသောအချိန် ဥပမာ-မိုးအုံ၍ စိုထိုင်းစများသောအချိန်တွင် ရောဂါကျရောက်ရန် အခွင့်အရေးပိုများပါသည်။ ဒေါင်းနီးမှိုရောဂါကျရောက်ပါက ရွှေဖရုံရွက်များကြွေခြင်း၊ အသီးမအောင်ခြင်း၊ အပင်ပုခြင်းများနှင့် ဈေးကွက်မဝင်ခြင်းဖြစ်စေနိုင်ပါသည်။

    ရွှေဖရုံရွက်၏ အောက်ဖက်မျက်နှာပြင်ရှိ မီးခိုးရောင် မှိုမျှင်အစုအဝေးများသည် ပတ်ဝန်းကျင်အခြေအနေပေးသောအချိန်တွင် မျိုးဝတ်မှုံများ ထုတ်လုပ်ကာ ပျံ့နှံ့ဖျက်ဆီးတတ်ပါသည်။ ထိုမျိုးဝတ်မှုံများသည် ရေ၊ လေနှင့် အခြားသောအကူအညီများဖြင့် ပျံ့နှံနိုင်သော်လည်း လေအားဖြင့် အများအပြားပျံ့နှံ့ပြီး ရွှေဖရုံတစ်ခင်းလုံးကို တိုက်ခိုက်ဖျက်စီးနိုင်ပါသည်။

ရောဂါလက္ခဏာ

    အခင်းတွင် ရောဂါကျရောက်စပြုသည့်အချိန်အား သိရှိစေရန်မှာ အခင်းကို ဝင်ရောက်စစ်ဆေးမှု အမြဲပြုလုပ်ရန်လိုအပ်သည်။ ကျရောက်စချိန်တွင် ကြီးရင့်သော ရွှေဖရုံရွက်များပေါ်တွင် ဝါဖျော့ဖျော့ အစက်ကလေးများ ဖြစ်ပေါ်လာသည်။ သို့သော် ရွှေဖရုံဒေါင်းနီးရောဂါ၏ပုံစံသည် အခြားသော ဘူး၊ ဖရဲ၊ သခွားမွှေး တို့၏အရွက်များ ပေါ်တွင်ပြသော ရောဂါလက္ခဏာနှင့်ကွဲပြားသည်။ ဘူး၊ ဖရဲ၊ သခွားမွှေး တို့၏အရွက်များပေါ် တွင်ပြသော ရောဂါလက္ခဏာသည် အဝါရောင်အကွက်အပြောက် (သို့) ထောင့်ပုံစံအကွက်သေး များသည်။ အရွက်၏မျက်နှာပြင်တစ်ခုလုံး ပြန့်ကျဲကာ တစ်ကွက်နှင့်တစ်ကွက် စပ်ဆက်မှုသည် ရွှေဖရုံပင်လောက် မများပေ။ ရွှေဖရုံပင်၏ ဒေါင်းနီးရောဂါလက္ခဏာသည် အရွက်များ၏ ဘေးစွန်းအဖျားများသည် ရောဂါလက္ခဏာ ကြီးရင့်လာသည်နှင့်အမျှ ခြောက်သွေ့တွန့်လိမ်လာကာ အရွက်ဧရိယာများပေါ်ရှိ ဝါဖျော့ရောင်အကွက်များသည် ခြားနားမှုမရှိဘဲ တစ်ပြေးညီဆက်စပ်လျက်ရှိသည်။ အရွက်အား အဝေးမှကြည့်ပါက ဘူး၊ ဖရဲ၊ သခွားမွှေးကဲ့သို့ အစက်အပြောက်များထမနေဘဲ အရွက်၏ဘေးအစွန်းများ အဝါရောင်ပြောင်း၍ တွန့်လိမ်လာပါသည်။

ကာကွယ်ခြင်းနည်းလမ်းများ

    တောင်သူဦးကြီးများအနေဖြင့် ရောဂါကာကွယ်ရာတွင် အပိုင်း ၃ ပိုင်းရှိသည်။ ၎င်းတို့မှာ-

(၁) ကြိုတင်ကာကွယ်ခြင်း

(၂) ကျရောက်နေသည့်အချိန်တွင် ကာကွယ်ခြင်း

(၃) စီးပွားရေးအရ ဆုံးရှုံးမှုများသောအချိန်တွင် ကာကွယ်ခြင်း သို့မဟုတ် ရောဂါကျရောက်မှုများသောအချိန်တွင် ကာကွယ်ခြင်း

(၁) ကြိုတင်ကာကွယ်ခြင်း

(က) ရွှေဖရုံမစိုက်ပျိုးမီ မိမိစိုက်ပျိုးမည့် မြေ၏စိုထိုင်းမှု ခြောက်သွေ့သန့်စင်မှု ရှိစေရန် ပြုပြင်စစ်ဆေးခြင်းနှင့် ရောဂါကင်းလွတ်သောမျိုးစေ့များကို စစ်ဆေးအသုံးပြုခြင်း။

(ခ) စိုက်ပျိုးသည့်အချိန်တွင် ရေသွင်းသည့်စနစ်သည် စနစ်တကျအစက်ချပေးခြင်း၊ တစ်နည်းအားဖြင့် ရေအလေအလွင့်နည်းပါးစေပြီး အခင်း၏ စိုထိုင်းဆဖြစ်ပေါ်မှုအားထိန်းချုပ်ခြင်း

(ဂ) ရွှေဖရုံအခင်းတွင် ပေါက်ရောက်နေသော ပေါင်းမှန်သမျှ ရှင်းလင်းခြင်းနှင့် အပင်များ၏ ပင်ကြားတန်းကြားစိုက်ပျိူးမှု မှန်ကန်စေခြင်း(လေဝင်လေထွက် ကောင်းစေရန်နှင့် အပင်၏ ခြောက်သွေ့မှုထိန်းချုပ်ခြင်း)

(ဃ) တတ််နိုင်သမျှ ရောဂါဒဏ်ခံနိုင်သောမျိုးကို အသုံးပြုခြင်းနှင့် စိုက်ပျိုးချိန်တွင် တိမ်ထူထပ်ခြင်း ၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်ပါက ကော့ပါးဆေးရည်အား အချိုးကျဖျန်းပက်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်ခြင်း။

(၂) ကျရောက်နေသည့်အချိန်တွင်ကာကွယ်ခြင်း

    အခင်းတွင်ရောဂါကျရောက်နေသည်ဆိုပါက ကျရောက်နေသည့်အပင်နှင့် အပင်၏ အစိတ်အပိုင်းမှန်သမျှ ရှင်းလင်းပေးခြင်း။ ထိုအချိန်တွင် ဓာတုဆေးနည်းဖြင့်လည်း နှိမ်နင်းရန်လိုသောကြောင့် အောက်ပါမှိုသတ်ဆေးများကို အညွှန်းပါအတိုင်း အသုံးပြု၍ နှိမ်နင်းနိုင်ပါသည်။

    ကလိုရိုသာနေး(Chlorothalanil)၊ ကော့ပါးဘေ့စ်ကွန်ပေါင်း(Copper-based compounds)၊မန်ကိုဇက် (Mancozeb)၊ ပရိုပါမိုကပ်(Propamocarb)ဆေးများအား ဈေးကွက်တွင်ဝယ်ယူနိုင်ပါသည်။

(၃) စီးပွားရေးအရ ဆုံးရှုံးမှုများသောအချိန်တွင် ကာကွယ်ခြင်း

    တောင်သူဦးကြီးတို့ခင်ဗျာ စီးပွားရေးအရ ထိခိုက်မှုများသောအဆင့် မရောက်ရန်အလွန်အရေးကြီးလှပါသည်။ ယခုအဆင့်မရောက်ရန် အထက်နှစ်ဆင့်အား စနစ်တကျ လုပ်ဆောင်ရန် လိုအပ်သည်။အဆင့် ၃ သို့ ရောက်ခဲ့မည်ဆိုပါက စိုက်ပျိုးလျက်ရှိသော သီးနှံအား ဆုံးရှုံးတော့မည်ဖြစ်ပြီး နောက်ထပ်စိုက်ပျိုးမည့်သီးနှံအား ရောဂါမကူးစက်ပျံ့နှံ့စေရန် မြေကိုထိန်းသိမ်းခြင်းနှင့် အပင်အားသုတ်သင်ရှင်းလင်းရန်သာ ပြုလုပ်နိုင်ပါမည်။

    တောင်သူဦးကြီးများခင်ဗျာ ဓာတုဆေးများကိုအသုံးပြုရာတွင် ၎င်းဆေးများတွင်ပါဝင်သော အညွှန်း၊ ပမာဏ၊ အကြိမ်နှင့် ကာကွယ်တပ်ဆင်ရမည့်ပစ္စည်းများ ပြည့်စုံစွာတပ်ဆင်ပြီးမှ အသုံးပြုစေလိုကြောင်း တင်ပြလိုက်ပါသည်။

Reference:

https://www.maine.gov/dacf/php/gotpests/diseases/factsheets/downy-mildew-purdue.pdf

https://vegetablegrowernews.com/article/managing-downy-mildew-in-pumpkins/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်