လူသိနည်းသေးတဲ့ တိရစ္ဆာန်ပဋိဇီဝဆေးယဉ်ပါးမှုအကြောင်း (၁)

Photo - Photo _ Shutter stock

၁။ ပဋိဇီဝဆေးယဉ်ပါးမှု (Anti-Microbial resistance – AMR) ဆိုတာကို အများစု ကြားဖူးပြီးဖြစ်မှာပါ။ ကျွန်တော်တို့ နေမကောင်းဖြစ်တဲ့အခါ ရောဂါဖြစ်ပွားစေတဲ့ အဏုဇီဝပိုးမွှား (ဘက်တီးရီးယား) တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ အဲ့ဒီဘက်တီးရီးယားတွေကို ခုခံချေမှုန်းဖို့အတွက် ပဋိဇီဝဆေးတွေကို သောက်သုံးရပါတယ်။ ဆေးသောက်တဲ့အခါမှာ ဆရာဝန်တွေညွှန်ကြားတဲ့ ပမာဏအတိုင်း၊ အကြိမ်ရေအတိုင်း သောက်သုံးဖို့လိုပါတယ်။ ဆေးပတ်လည်အောင် မသောက်ဖြစ်တဲ့အခါ၊ ကိုယ့်သဘောနဲ့ကိုယ် ပမာဏတိုးသောက်တာမျိုးတွေ လုပ်တဲ့အခါမှာ လူနာတွေအနေနဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတတ်ပါတယ်။ ဒီလို ဆေးယဉ်ပါးမှုက ဘယ်လိုကြောင့်ဖြစ်လဲ ဆိုတာကို အောက်မှာပုံတွေနဲ့အတူ ရှင်းပြထားပါတယ်။

(က) ပိုးမွှားတွေမှာ ဆေးတွေကို ခုခံနိုင်တဲ့စွမ်းရည် ရှိကြတယ်။ 

ရောဂါပိုးမွှားတွေဆိုတာ ကမ္ဘာပေါ်က တခြားသက်ရှိတွေလိုပဲ မိမိမျိုးဆက် မပြုန်းတီးအောင်လို့ အလိုက်အထိုက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ကြပါတယ်။ မိမိကို လာရောက်ချေမှုန်းနေတဲ့ ဆေးဝါးတွေကို ခုခံနိုင်ဖို့အတွက် မိမိရဲ့ဇီဝဗေဒ ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြောင်းလဲတတ်ကြတာက သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒီလိုပြောင်းလဲတာအပြင် သဘာဝအလျောက်ဖြစ်ပွားတတ်တဲ့ မူမမှန်မှု (Mutation) တွေကနေတဆင့်လည်း ဆေးဝါးတွေကို ခံနိုင်ရည်ရှိတဲ့ပိုးမွှားတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်က ချက်ချင်းလက်ငင်း ဖြစ်လာတာမဟုတ်ပဲနဲ့ မိမိရဲ့ ရောဂါပိုးအုပ်စုထဲက တစ်ကောင်စ နှစ်ကောင်စ စတင်ပြီးပြောင်းလဲတာဖြစ်ပါတယ်။

(ခ) ပဋိဇီဝဆေးတွေက ဆေးကိုခံနိုင်ရည်ရှိတဲ့ ပိုးမွှားတွေကို တိုးပွားလာစေနိုင်တယ်။

နေမကောင်းဖြစ်လို့ ပဋိဇီဝဆေးမှီဝဲတဲ့အခါမှာ ဆေးတွေက သူတို့အာနိသင်အရ သုတ်သင်နိုင်တဲ့ ပိုးမွှားတွေကို သုတ်သင်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီပိုးမွှားအုပ်စုထဲက ဆေးအာနိသင် သက်ရောက်မှုနည်းတဲ့ ပိုးမွှားအနည်းငယ်ကတော့ သေမသွားပဲ ကျန်ခဲ့ပါတယ်။ အဲ့ဒီ ဆေးမတိုးတဲ့ပိုးမွှားတွေက တဖြည်းဖြည်းချင်း အကောင်အရေအတွက် တိုးပွားလာပြီးတော့ ဆေးအာနိသင်ကို ပိုပိုပြီး ခံနိုင်ရည်ရှိတဲ့ အကောင်တွေအဖြစ် မျိုးပွားလာကြတယ်။ ပဋိဇီဝဆေးတွေက ပုံမှန်အကောင်တွေကို သတ်ပေးလေလေ ဆေးကိုခံနိုင်ရည်ရှိတဲ့ ပိုးမွှားတွေ တိုးပွားဖို့အခွင့်အရေး ပိုများလေဖြစ်ပါတယ်။

(ဂ) ပိုးမွှားတွေအချင်းချင်း ဆေးယဉ်ပါးမှုကို မျှဝေနိုင်ကြတယ်။

ပိုးမွှားတစ်မျိုးအနေနဲ့ ဆေးဝါးတွေကို ခံနိုင်ရည်ရှိလာပြီဆိုရင် အဲ့ဒီ ဖွဲ့စည်းတည်ဆောက်ပုံ ဗီဇ (Genes) တွေကို မိမိရဲ့ နောက်မျိုးဆက်တွေကိုဖြစ်ဖြစ်၊ တခြားပိုးမွှားတစ်မျိုးမျိုးကိုဖြစ်ဖြစ် ဆင့်ကဲမျှဝေနိုင်စွမ်းရှိပါတယ်။ ဒီလိုနဲ့ ဆေးဝါးယဉ်ပါးမှုက ပိုမိုအားကောင်းလာနိုင်ပါတယ်။

(ဃ) ဆေးဝါးတွေကို မဆင်မခြင်သုံးစွဲခြင်းက ဆေးယဉ်ပါးမှုကို အရှိန်မြန်စေတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ သုံးချက်အတိုင်း ပဋိဇီဝဆေးတွေကို အံတုလာနိုင်ဖို့အတွက် ပိုးမွှားတွေအနေနဲ့ နှစ်သန်းပေါင်းများစွာ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဆေးဝါးတွေကို လိုအပ်တဲ့ပမာဏထက် ပိုသုံးတာတွေ၊ အနာနဲ့ဆေးမတည့်ပဲ မှားယွင်းစွာ သုံးတာတွေက ရောဂါပိုးမွှားတွေအနေနဲ့ ဆေးယဉ်ပါးလာစေဖို့ ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။ ဒီလိုနဲ့ တစ်ချိန်မှာ တုတ်ပြီး၊ ဓားပြီးဆိုသလိုမျိုးပဲ ပိုးမွှားတွေအနေနဲ့ ဆေးပြီးတဲ့ အခြေအနေဖြစ်လာနိုင်ပြီးတော့ လက်ရှိသုံးစွဲနေတဲ့ ပဋိဇီဝဆေးတွေ မတိုးတော့ပဲ ဟိုးအရင်ခေတ်ကလို ရောဂါဖြစ်တာနဲ့ အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်များလာမှာပါ။

၂။ ဆေးယဉ်ပါးမှုက လူတွေမှာပဲဖြစ်တာ မဟုတ်ပါဘူး။

ဖျားတယ်၊ နာတယ်၊ ရောဂါပိုးဝင်တယ်ဆိုတာ လူတွေမှာတင် ဖြစ်တာမဟုတ်ပဲနဲ့ သတ္တဝါအားလုံးမှာ ဖြစ်နိုင်ပါတယ်။ တခြားသတ္တဝါတွေမှာ ကိစ္စမရှိပေမယ့် ကျွန်တော်တို့အနီးနားက တိရစ္ဆာန်တွေ၊ အထူးသဖြင့် မွေးမြူရေးတိရစ္ဆာန်တွေမှာ ပိုပြီးတော့ အရေးကြီးပါတယ်။

လူတွေကို ကူးစက်နိုင်တဲ့ ပိုးမွှား (ဘက်တီးရီးယား) တွေက တိရစ္ဆာန်တွေကိုလည်း ကူးစက်နိုင်၊ ရောဂါဖြစ်စေနိုင်ပါတယ်။ လူသိများတဲ့ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး စတဲ့ ရောဂါပိုးတွေတင် မဟုတ်ပဲနဲ့ မွေးမြူရေးတိရစ္ဆာန်တွေဟာ အခြားရောဂါပိုးအမျိုးမျိုးကြောင့် ဖျားနာတတ်ကြပါတယ်။ အဲ့ဒီလို ဖျားနာတဲ့အခါ မွေးမြူရေးသမားတွေအနေနဲ့ အသားတိုးနှုန်းလျော့မှာ စိုးတဲ့အတွက် အဲ့ဒီအကောင်တွေကို ဆေးတွေတိုက်ကျွေးရပါတယ်။

တိရစ္ဆာန်တွေနဲ့ လူတွေမှာ ဖြစ်ပေါ်တတ်တဲ့ ဆေးယဉ်ပါးမှုက အခြေခံအားဖြင့် အတူတူပဲဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာ ဆိုးတာတစ်ခုကတော့ ကျန်းမာရေးကို လူတွေလောက် ဂရုစိုက်မခံရတာပါပဲ။ မွေးဖြူရေးသမားတွေအနေနဲ့လည်း ဆေးတိုက်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ဆေးဝါးမှန်မှန်၊ ပမာဏမှန်မှန်၊ အချိန်မှန်မှန်တိုက်ကျွေးဖို့ ခက်ခဲပါတယ်။ အဲ့ဒီအတွက် အပေါ်မှာ ပြောခဲ့တဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဟာ တိရစ္ဆာန်တွေမှာလည်း ဖြစ်ပေါ်လာတယ်။ ဒီရောဂါပိုးတွေဟာ လေထဲ၊ ရေထဲကနေတဆင့် လူတွေဆီကို ကူးစက်ပျံ့နှံ့လာပြီး ဆေးယဉ်ပါးမှုက ပိုမိုကြောက်ဖို့ ကောင်းလာပါတယ်။

လူတွေဆီကို အဲ့ဒီ ဆေးယဉ်ပါးပိုးမွှားတွေ ရောက်လာနိုင်တဲ့ တခြားတစ်နည်းကတောh အစားအသောက်ကနေတဆင့် ဖြစ်ပါတယ်။ အသားတွေကို ကိုင်တွယ်ရာမှာပဲဖြစ်ဖြစ်၊ ထုပ်ပိုးရောင်းချတာပဲဖြစ်ဖြစ်၊ ချက်ပြုတ်တာမှာပဲဖြစ်ဖြစ် ပိုးမွှားတွေအနေနဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ဝင်ရောက်လာနိုင်ပါတယ်။ အမေရိကန်နိုင်ငံက ၂၀၁၃ ခုနှစ်မှာလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာဆိုရင် လူတွေဆီမှာဖြစ်ပွားတဲ့ ဆေးယဉ်ပါးပိုးမွှားတွေရဲ့ ၂၀% က တိရစ္ဆာန်တွေနဲ့ အစားအသောက်တွေကတဆင့် ကူးစက်တယ်လို့ ဆိုပါတယ်။

၃။ မြန်မာနိုင်ငံမှာရော ဘယ်လိုအခြေအနေရှိသလဲ?

မြန်မာနိုင်ငံအနေနဲ့ကတော့ မကြာသေးခင်ကပဲ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့က နေပြည်တော်မှာ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ စံရွှေဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ဒေါက်တာရဲမြ၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာနေဝင်း၊ ဆေးပညာရပ်ဆိုင်ရာအကြံ ပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန် အပါအဝင် တာဝန်ရှိသူများ၊ ပညာရှင်များ (၇၀) ဦးခန့်တက်ရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးတိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်း (Global Action Plan-AMR) ကို ရေးဆွဲထားပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာစီမံကိန်း (National Action Plan-AMR) ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ၂၀၁၆ ခုနှစ်ကထုတ်ဝေခဲ့သော ပဋိဇီဝဆေးယဉ်ပါးမှုနှင့် စပ်လျဉ်းသော အခြေအနေအရပ်ရပ် ဆန်းစစ်မှု (Situation Analysis on AMR in SEAR-2016) အစီရင်ခံစာနှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ဆုံးဖြတ်ချက်များ (WHA Resolution) ကိုလည်းသေချာစွာလေ့လာ၍ မိမိနိုင်ငံအခြေအနေနှင့် သင့်လျော်ကိုက်ညီသော အချက်များအား လိုက်နာကျင့်သုံးသင့်ကြောင်း၊ ယခုကော်မတီအနေဖြင့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းရေးဌာန၊ (National Coordination Centre) နှင့် နည်းပညာရပ်ဆိုင်ရာလုပ်ငန်း အဖွဲ့ (Technical working group) (၅) ဖွဲ့တို့ကို ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၊ ပြည်တွင်းပြည်ပမှ ပညာရှင်အဖွဲ့အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဆေးတက္ကသိုလ်များနှင့် သူနာပြုသင်တန်းကျောင်းများတွင်လည်း ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ သင်ခန်းစာများ ကို သင်ကြားပေးရန် စသဖြင့်ဆွေးနွေးခဲ့ကြပါတယ်။

၄။ နိုင်ငံတကာအခြေအနေ

နိုင်ငံတကာမှာတော့ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂမှာဆိုရင် မွေးမြူရေးတိရစ္ဆာန်တွေ အသားတိုးစေဖို့ရည်ရွယ်ချက်နဲ့ ဆေးဝါးတိုက်ကျွေးတာတွေကို ၂၀၀၆ ခုနှစ်က စတင်ပြီး ဥပဒေအရ တားမြစ်ထားပါတယ်။ ဒါ့အပြင် လူတွေသောက်သုံးတဲ့ ပဋိဇီဝဆေးတွေကို တိရစ္ဆာန်အစာတွေထဲမှာ မကျွေးမွေးနိုင်အောင် ယခင်ကပင် တားမြစ်ထားပြီးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင်လည်း ၂၀၁၄ ခုနှစ်က National Strategy for Combating Antibiotic-Resistant Bacteria (အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးမဟာဗျူဟာ) ကို အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ပဋိဇီဝဆေးယဉ်ပါးမှုနှင့်စပ်လျဉ်းသော အခြေအနေအရပ်ရပ်ဆန်းစစ်မှု (Situation Analysis on AMR in SEAR-2016) အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဆိုပါ အစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ တီမောနိုင်ငံတို့ပါဝင်ပြီး အမျိုးသားအဆင့် စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေ၊ ပြည်သူများအပေါ် ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ ပဋိဇီဝဆေးဝါးများကို ကောင်းမွန်မှန်ကန်စွာ အသုံးချမှု စသည်တို့အပေါ်မူတည်ပြီးတော့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ 

မွေးမြူရေးဆိုင်ရာသတင်းအချက်များ Facebook page မှ ကူးယူဖော်ပြပါသည်။ 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောပင်စိုက် မိလိုက်ဘပါ"