ရှားစောင်းလက်ပတ်ကို အစားအသောက်အနေနဲ့ အမျိုးမျိုးလုပ်စားကြရအောင်

16/07/2021 11:30 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ရှားစောင်းလက်ပတ်ကို အလှအပမှာသုံးကြတာကိုအားလုံးသိမှာပါ။ ရှားစောင်းလက်ပတ်ဟာ အသားရည်ကို ချောမွေ့စေတယ်၊ ပိုးသတ်နိုင်တဲ့အစွမ်းနဲ့ ရောင်ရမ်းနာကျင်မှု​လျှော့ချနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေတယ်။ အနာရွတ်ဟောင်းတွေ ချောမွေ့လာပြီး မှေးမှိန်စေတယ်။ အကြောပြတ်ရာတွေကို သက်သာစေတယ်။ နေလောင်ဒဏ်နဲ့ မီးလောင်ဒဏ်ရာတွေကိုသက်သာစေတာကြောင့် အတွင်းသားဂျယ်ကို တော်တော်များများက သဘာဝအတိုင်းအနေနဲ့ရော အလှကုန်တွေမှာပါ ထည့်သွင်းသုံးလာကြပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံမှာ စားသုံးမှုနည်းတဲ့ ရှားစောင်းလက်ပတ်ကို ဘယ်လိုပြုလုပ်စားသုံးကြမလဲဆိုတာ ပြောပြပေးမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်

    ရှားစောင်းအရွက်တွေကို လိုသလောက်ဖြတ်ပြီး ရေစင်အောင်ဆေးကာ ဘေးဆူးနှစ်ဖက်ကိုလှီးထုတ်ပြီး အခွံအစိမ်းရောင်တစ်ဖက်ကို ဓားနဲ့ခွာချကာ အတွင်းသားဂျယ်အဖြူရောင်ကို ဇွန်းနှင့်ခြစ်ချပါ။ ရလာသောအနှစ်များကို ကြိတ်စက်(blender) တွင်ထည့်မွှေပါ။ ပြီးနောက် နှစ်ဇွန်း၊ သုံးဇွန်းစာခန့်ကို သံပုရာရည်တွင်လည်းကောင်း၊ မုန်လာဥနီဖျော်ရည်တွင်လည်းကောင်း၊ ပန်းသီးဖျော်ရည်တွင်လည်းကောင်း၊ နဂါးမောက်ဖျော်ရည်တွင်လည်းကောင်း ရောနှောကာ သုံးဆောင်နိုင်ပါသည်။ ကျန်သောအနှစ်များကို​ ရေခဲသေတ္တာအအေးခန်းတွင်သိမ်းကာ လိုမှထုတ်သုံးနိုင်ပါသည်။ ဖျော်ရည်ထဲတွင် ထပ်ဆောင်း၍ ရေခဲတုံးများအပြင် ရှားစောင်းလက်ပတ်အတွင်းသားအတုံးလေးများပါ အပေါ်ဆုံးမှထည့်ကာ အလှဆင်နိုင်ပါသည်။ ကြိတ်စက်မရှိပါက ရှားစောင်းဂျယ်ကိုသာ ရေဆေးပြီး အတုံးလိုက်တုံးကာ မိမိသောက်မည့်ဖျော်ရည်တွင် ထည့်နိုင်ပါသည်။ ရှားစောင်းဖျော်ရည်သည် ကိုလက်စထရောများကျစေခြင်း၊ အပူကိုငြိမ်းစေခြင်းစသော အစွမ်းရှိပါသည်။

ရှားစောင်းလက်ပတ်သုတ်

    ရှားစောင်းအရွက် လိုသလောက်ကိုဖြတ်ကာ ရေဆေးပြီး ဘေးဆူးသင်ပါ။ အခွံစိမ်းများမကြိုက်ပါက သင်ပါ။ ပြီးနောက် ပါးပါးလေးများဖြစ်အောင်လှီးပါ။ ရေကို အစေးအဝါများစင်အောင်ဆေးပါ။ ထို့နောက် ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက် သို့မဟုတ် ပုစွန်အိုးကင်းတိုက်၊ မြေပဲဆံအနည်းငယ်၊ ဆား၊ ဟင်းချိုမှုန့်၊ သံပုရာသီး၊ ကြက်သွန်ဖြူဆီချက်နှင့် ဆလပ်ရွက်ကြိုက်ပါကအနည်းငယ်တို့ထည့်ကာ သုတ်ပြီးဆေးဖက်ဝင်ရှားစောင်းလက်ပတ်သုပ်ဓာတ်စာ တစ်ခွက်ကိုစားနိုင်ပါပြီ။

ရှားစောင်းလက်ပတ်ယို

    ရှားစောင်းအရွက်ကြီး ၁၅ ရွက်ခန့်ကိုဖြတ်ကာ ရေဆေးပါ။ ဘေးဆူးများ၊ အခွံစိမ်းများအားလုံးကိုသင်ပါ။ ပြီးနောက် အနှစ်များကို ဇွန်းဖြင့်ခြစ်ထားပါ။ အနှစ်များကို အရင်ကျိုပါ။ ထန်းလျက် ၅ ကျပ်သားခန့်ကိုလည်း ကျိုထားပါ။ ထန်းလျက်ကို မပျစ်မကျဲကျိုပြီးနောက် ဇကာနှင့်စစ်ပါ။ ပြီးလျှင် ရှားစောင်းကျိုသည့်အိုးအတွင်း ထန်းလျက်ကိုရောထည့်ပါ။ နှစ်ခုရောကျိုပြီးနောက် နှမ်းဆီ ၁၅ ကျပ်သားခန့်ကို ရောထည့်ပြီး အဆက်မပြတ်မွှေပါ။ မကျည်းသီး ၅ ကျပ်သားကို ရေပျစ်ပျစ်ဖျော်ထားပြီး အမှိုက်ကင်းအောင်စစ်ထားပါ။ ထို့နောက် ရှားစောင်းကျိုသည့်အထဲ ရောထည့်ပါ။ အဆက်မပြတ်မွှေရင်း ထောပတ်နှင့် ပျားရည် ၅ ကျပ်သားခန့်စီကို ထည့်ပေးရင်း မီးအေးအေးနှင့်ထားရင်း မွှေပေးပါ။ နောက်ဆုံးတွင် စမုံငါးပါးကို လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး ပျစ်လာသည်အထိ စိတ်ရှည်ရှည်ကျိုပေးပါ။ ရှားစောင်းယို ခေါ်  ရှားစောင်းလက်ပတ်ချက်ဆေးသည် အမျိုးသမီးများနှင့်ပတ်သက်သော ရောဂါများကို သက်သာစေသည့်အပြင် စားဝင်အိပ်ပျော်စေသောကြောင့် ညအိပ်မပျော်သော သက်ကြီးရွယ်အိုများနှင့် ထမင်းမစားနိုင်သောလူများအတွက် အဖိုးအခသက်သာသော အားဆေးပင်ဖြစ်ပါသည်။

    သတိပြုစရာအနေနဲ့က အစိမ်းသုပ်စားတာနဲ့ ဖျော်ရည်မှာဆို တတ်နိုင်သမျှ အစေးတွေမပါအောင်လုပ်ရပါမယ်။ ရှားစောင်းကထွက်တဲ့ အစေးအဝါရောင်တွေက ဝမ်းသွားစေတဲ့အပြင် ပမာဏအရမ်းများရင် ကျောက်ကပ်ကိုပါ ပျက်စီးစေလို့ အစေးတွေပြောင်အောင်တော့ ရေဆေးဖို့လိုပါတယ်။

    ထို့ကြောင့် ရှားစောင်းလက်ပတ်ကို စားစရာအဖြစ်ပြုလုပ်ကာ ဓာတ်စာတစ်ခုအနေနှင့် မိမိတို့မိသားစုထမင်းဝိုင်းတွင်ဖြစ်စေ၊ အချိုတည်းစရာ ဖျော်ရည်အဖြစ်ဖြစ်စေ ပြုလုပ်နိုင်ရန် ရေးသားလိုက်ပါတော့သည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်