တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (မတ်လ၊ ၂၀၁၉)

04/03/2019 13:06 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်လတွင် နွေစပါး၊ မိုးကြိုနှမ်းလျင်၊ မိုးကြိုချည်မျှင်ရှည်ဝါနှင့် ကြံသီးနှံတို့နှင့် ပတ်သက်၍ အသိပေးနှိုးဆော်လိုပါသည်။

နွေစပါးသီးနှံ

   ဒေသတစ်နေရာနှင့်တစ်နေရာ စိုက်ချိန်မတူညီလေတော့ နွေစပါးမစိုက်ပျိုးရသေးသည့် ဒေသ များရှိနေသေးကြောင်း သိရသည်။ ကျွန်တော် နှစ်စဉ် မိတ်ဆွေလယ်သမားကြီးများကို ပြောဖူးတာ သတိရသည်။

“သက်လျင်မျိုးကိုအသုံးပြုပါ၊ စိုက်မဲ့ဒေသရေမြေနဲ့ကိုက်ညီတဲ့မျိုးဖြစ်ရမယ်၊ ဖုံးတုံးလုံးတုံး အချိန်နဲ့ အနှံထွက်ပန်းပွင့်ချိန်တို့မှာ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် အထက်ရှိတဲ့ ကာလနဲ့ မတိုက်ဆိုင်စေအောင် စိုက်ချိန်ကို ရွေးချယ်စိုက်ပျိုးပါ” 

စပါးမစိုက်မီလယ်မြေတွင် နွားချေးမြေဆွေး ထည့်ပေးသင့်သည်။ တစ်ဧကလျှင် ၁ တန်မှ ၃ တန်နှုန်း ထောက်ခံလိုသည်။ ထို့ပြင် ပုလဲ၊ တီစူပါ၊ ပိုတက် စသည့် ဓာတ်မြေသြဇာများကို စနစ်တကျ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအလိုက် ထောက်ခံထားသည့်နှုန်းထားအတိုင်း ထည့်ပေးရန်လိုပါသည်။

နိုက်ထရိုဂျင်မြေသြဇာက အရေးကြီးသည်။ ပုလဲဓာတ်မြေသြဇာတွင် နိုက်ထရိုဂျင်အာဟာရ ဓာတ်ပါသည်။ သိထားသမျှ ကျွေးပေးသင့်သည့်အချိန်များကို ဖေါ်ပြရလျှင် တိုက်ရိုက်မျိုးစေ့ချ စပါးခင်းများတွင် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂ရ ရက်တွင် ကျွေးပေးဖို့လိုသည်။ အပင်ပွားအားကောင်း စေဖို့ ဖြစ်သည်။ ထို့ပြင် မှို့ကပ်ချိန်ဖြစ်သော သက်လျင်မျိုးများဆိုလျှင် မျိုးစေ့ချပြီး ၃၃ ရက်မှ ၃ရ ရက်၊ သက်လတ်မျိုးဆိုလျှင် မျိုးစေ့ချပြီး ရက် ၄၀ မှ ၄၄ ရက်တို့တွင် နိုက်ထရိုဂျင်မြေသြဇာကို ထပ်မံကျွေးပေးဖို့လိုသည်ဟု သိရပါသည်။

ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးကလည်း အရေးကြီးသည်။ ယခုအခါ အများစုမှာ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက် ပျိုးကြတာဖြစ်လို့ ပိုပြီး ပေါင်းမြက်အတွက် အားသာသလိုဖြစ်နေသည်။ စပါးပင်နှင့် ပေါင်းပင် အတူယှဉ်ပြိုင်ပေါက်ခွင့်ရနေလို့ဖြစ်ပါသည်။

 ပျိုးထောင်ကောက်စိုက်စနစ်တွင် အက်စ်အာရ်အိုင်နည်းစနစ်ဖြစ်ပါက ပေါင်းမြက်ကို အထူး သတိထားရမည်။ ပျိုးသက်နုနု တစ်ပင်ချင်း တမန်းပြင်မှာ တစ်ပင်နှင့် တစ်ပင်ခတ်ကြဲကြဲ စိုက်သည့် စနစ်ဖြစ်လို့ ပေါင်းမြက်ပင်တွေပေါက်လာဖို့ အခွင့်အရေးပိုများလို့ဖြစ်ပါသည်။

“စပါးပင်သက်တမ်းရဲ့ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင်များ စပါးခင်းအတွင်း ရှိမနေအောင် ဆောင်ရွက်ပါ”

ဒါက ကျွန်တော်ပြောနေကြစကားဖြစ်ပါသည်။ ပေါင်းမြက်ကင်းစင်အောင် ထွန်ရေးကောင်းစွာ ပြုပြင်ခြင်း၊ ပေါင်းသတ်ဆေးဖျန်းခြင်း၊ လက်ပေါင်းလိုက်ခြင်းစသည်တို့ကို ဘယ်လိုလုပ်ပါလို့ မပြောလိုတော့ပါ။ သင့်တော်ရာနည်းလမ်း၊ ဘက်စုံနည်းလမ်းတို့ကိုသုံးပြီး ပေါင်းမြက်မရှိအောင် လုပ်ဖို့ပဲ လိုပါသည်။

နှမ်းလျင်သီးနှံ 

ရေသွင်းစိုက်မည့်နှမ်းလျင်သီးနှံနှင့်ပါတ်သက်၍ အရေးကြီးသည့်အချက်နှစ်ချက်ကို ကျွန်တော် အမြဲပြောလေ့ရှိပါသည်။

“ရေသွင်းတိုင်း စိုက်ခင်းနေရာအနှံ့ ရေရောက်အောင်ဆောင်ရွက်ပါ။ နှမ်းပင်က မူမှန်အရွက် ၆ ရွက်ထွက်ချိန်(အပင်သက်တမ်းအရပြောရလျှင် အပင်နှစ်ပတ်သားခန့်)တွင် အသန်ဆုံး နှမ်းပင် တစ်ပင်ချန် သားခွဲပါ” 

သားခွဲရမည့်အချိန်သည်အရေးကြီးသည်။ နောက်ကျလျှင်အပင်လှီမည်။ ကြီးထွားသန်စွမ်းမှု နှေးပြီး အသီးနည်းမည်။ တစ်ဧကတွင် ရိတ်သိမ်းအပင်တစ်သိန်းကျန်ရှိအောင် သားခွဲရမှာ ဖြစ်သည်။ ဒါမှအထွက်ကောင်းနိုင်သည်ဟုသိရပါသည်။ 

ချည်မျှင်ရှည်ဝါသီးနှံ

မိုးကြိုချည်မျှင်ရှည်ဝါစိုက်ပျိုးရေး ဆက်လက်အသိပေးလိုသည်။ လယ်မြေတွင် စပါးအပြီးစိုက်ပါက ထယ်ရေးပြုပြင်မှုကို အလေးထားရန်လိုသည်။ စပါးထယ်ရေးထက် အနည်းဆုံးတစ်လက်မပို၍နက်အောင် ထယ်ထိုးသင့်သည်။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေးအောက်ခြေမာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင်အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့် အဆိုပါ မာကြောလွှာကို ခွဲပေးလိုက်သည့်သဘော ဖြစ်ပါသည်။ ထယ်ရေးပြုပြင်ပြီးသည်နှင့် အမြန်စိုက်ပါ။ စိုက်ချိန်နောက်ကျမှု မဖြစ်စေလိုပါ။ မတ်လလယ်အတွင်း  အပြီးစိုက်သင့်ကြောင်းအကြံပြုလိုပါသည်။

ကြံသီးနှံ

ကြံသီးနှံဆိုင်ရာ အသိပေးလိုသည်များလည်းရှိပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလ တို့တွင် စိုက်ပျိုးခြင်းသည် ကြီးထွားချိန်အကြိုက်ရာသီဥတုနှင့် ကြုံတွေ့ရသဖြင့် ကြံအထွက်ကောင်း သည်လို့သိထားသည်။ မဖြစ်အနေဆောင်ရွက်သင့်တာကို ကြံစိုက်တောင်သူများအား အသိပေးဖူး သည်။

“ ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်း မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းပါ၊ ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးနိုင်က ပိုကောင်းပါတယ်။ ကြံပင်သက်တမ်းရက် ၁၂၀ တွင်တော့ တစ်ပါတည်း ပေါင်လုံးပေးပါ”

ကြံပင်သည် အပင်မြင့်သောအမျိုးအစားဖြစ်သော်လည်း ပထမပိုင်းကာလတွင် ပေါင်းမြက်ပင်များ ရှိမနေဖို့ သတိပြုရပါမည်။ လိုအပ်သလို ပေါင်းမြက်နှိမ်နင်းရပါမည်။ ပေါင်းမြက်နှိမ်နင်းခြင်း လုပ်ငန်းအား မျိုးပိုင်းချပြီး ၄ လသားအတွင်း ကင်းစင်အောင်ဆောင်ရွက်ပါလို့ ပြောလိုပါသည်။

ဆင်းသီဟ

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်