တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (မေလ၊ ၂၀၁၉)

30/04/2019 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

         မိုးရွာသည်နှင့် စိုက်ပျိုးရေးနှစ်သစ်ကိုစတင်ရန်ဖြစ်သည်။ မိုးဦးယာသီးနှံများနှင့် မိုးစပါးသီးနှံ စတင်စိုက်ပျိုးရေး အသိပေးလိုသည်များကို ဖေါ်ပြလိုပါသည်။ ထို့ပြင် စိုက်ပျိုးထားသော နွေစပါးသီးနှံများ ပြုစုထိန်းသိမ်းရေးနှင့်ပါတ်သက်၍ အသိပေးလိုပါသည်။

၁။ ယာသီးနှံများ

         မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ  အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ-စသည့် ယာသီးနှံတွေ မိုးဦးကျလျှင်ကျချင်း စိုက်နိုင်ဖို့ ထွန်ရေးအဆင်သင့်ပြင်ထားသင့်သည်။ 

အသိပေးလိုသည့်အချက်(၄)ချက်မှာ- 

၁။ အပင်ပေါက်ကောင်းနိုင်သည့် မြေအစိုဓါတ် သေချာစွာရရှိမှသာ စိုက်ပျိုးရန်၊ 

၂။ အပင်ပေါက် (၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်မျိုးစေ့ကို အသုံးပြုရန်၊ 

၃။ ခြောက်သွေ့မှုဒဏ်(Water Stress) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်(good seedling vigour)မျိုးကို အသုံးပြုရန်နှင့် 

၄။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ဖြစ်ပါသည်။

၂။ နွေစပါးသီးနှံ

       မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ်ထွန်းဆဲ၊ ပွားများဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase) တွင်ပင် ရှိနေနိုင်ပါသည်။  အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးအတွက် လွန်စွာအရေးပါသော ကာလဖြစ်ပါသည်။ 

        ဤကာလတလျောက်လုံးတွင် စပါးစိုက်ခင်းအတွင်း ပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်လိုသည်။ လယ်ကွက်အတွင်း ရေမပြတ်စေရေး ထိန်းထားရန်လိုသည်။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက် နိုင်ထရိုဂျင်မြေသြဇာ ကျွေးပေးဖို့လိုသည်။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်လိုပါသည်။

၃။ မိုးစပါးသီးနှံ

        မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက် မိုးနည်းပါးဒေသတို့အတွက် မိုးစပါးကို စတင်စိုက်ပျိုးနိုင်ရေး အသိပေးလိုပါသည်။ မုတ်သုံမိုးစတင်ချိန်မှာ နှစ်စဉ်လိုလို ပုံမှန်ထက် နောက်ကျလေ့ရှိသည်။ မိုးဦးကျပြန်တော့လည်း မိုးရေလုံလောက်စွာ မရရှိသည်ကို ကြုံရနိုင်သည်။ ထိုဒေသများအတွက် လယ်ကွက်အတွင်းမှာ ရွာသွန်းလာသမျှမိုးဖြင့် စပါးစိုက်ပျိုးနိုင်သည့် နည်းစနစ်ကို အသိပေးလိုပါသည်။

        လယ်ကွက်တွင် မိုးစတင်ရွာသွန်းပြီး အစိုဓာတ်ရရှိသည်နှင့် ထယ်ထိုးထွန်မွှေရန်လိုသည်။ စပါးမျိုးစေ့ကို စာပါးစပ်ပြူအညှောင့်ဖေါက်ရန်မလိုဘဲ မျိုးစေ့အခြောက်ကို ဒီအတိုင်း ထွန်ရေးပြင်မှာ မျိုးစေ့ချရန် ဖြစ်ပါသည်။ အတန်းလိုက်သော်လည်းကောင်း၊ ကြဲပက်၍သော်လည်းကောင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။

        မြေတွင်းအစိုဓာတ် လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့်စနစ်ဖြစ်ပါသည်။ အခြောက် ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေ ရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုး တစ်မိုးနှစ်မိုးလောက် ရွာလျှင်ပင် စိုက်နိုင်ပါသည်။ 

         ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့် လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုး နိုင်သောစနစ်ဖြစ်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် ၇ မှ ၁၀ ရက်ခန့်စောပြီး ရိတ်သိမ်းနိုင်ပါသည်။ 

         အခြောက်တိုက်ရိုက်စိုက်စပါး(Dry Direct-Seeded Rice)ရိတ်သိမ်းအပြီး ပျိုးထောင် ကောက်စိုက်စပါး(Transplanted Rice)ကို စိုက်ပျိုးနိုင်မည်ဖြစ်၍ သီးနှံပုံစံ (DSR-TPR  Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။

         သက်လျင်အထွက်ကောင်းစပါး တစ်မျိုးမျိုးကိုတော့ အသုံးပြုရန်လိုသည်။ ဤနည်းစနစ်တွင် စပါးပင်နှင့် ပေါင်းမြက်ပင်တို့သည် တပြိုင်တည်း ယှဉ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ ပထမပိုင်းသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက် ဆောင်ရွက်ရန်တော့ လိုပါသည်။

ဆင်းသီဟ

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်