တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (နိုဝင်ဘာလ၊ ၂၀၁၉)

01/11/2019 10:31 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုနိုဝင်ဘာလတွင် ဆောင်းသီးနှံများစိုက်ပျိုးရေး၊ မိုးစပါးသီးနှံရိတ်သိမ်းရေးနှင့် နွေစပါးစိုက်ပျိုးရေးတို့နှင့်ပတ်သက်၍ နှိုးဆော်လိုပါသည်။

၁။ ဆောင်းသီးနှံများအတွက်

   ညအပူချိန် လွန်စွာနိမ့်ကျခြင်းမရှိသည့် ဒေသများတွင် စပါးအပြီး ပဲတီစိမ်းကို စိုက်ပျိုးနိုင်သည်။ စိုက်ချိန်နောက်မကျသင့်ပါ။ နိုဝင်ဘာလလယ် နောက်ဆုံးထားစိုက်ပျိုးသင့်ပါသည်။

   ပဲတီစိမ်းတွင် အဝါရောင်မိုစေ့ရောဂါ ကျရောက်တတ်သည်။ ရောဂါခံနိုင်သောမျိုးကို အသုံးပြုသင့်သည်။ ယခင်နှစ်က ရောဂါကျရောက်သောလယ်မြေကို ယခုနှစ်တွင် စိုက်ပျိုးခြင်းမပြုသင့်ပါ။

   မိုးကောင်းသောက်ဒေသလယ်မြေများ (Rain-fed Lowland)တွင် မတ်ပဲသီးနှံကို စိုက်ပျိုးနိုင် သည်။ ဆည်ရေသောက်ဒေသလယ်မြေများ(Irrigated Lowland)တွင် မတ်ပဲအပြီး နွေစပါးကို ဆက်လက်စိုက်ပျိုးကာ သုံးသီးစားသီးနှံပုံစံ စပါး-မတ်ပဲ-နွေစပါးသီးနှံပုံစံကို ဆောင်ရွက်နိုင်ပါသည်။

   မတ်ပဲကိုစိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းအပြီး မြေတွင်းအစိုဓါတ်ကို ချင့်ချိန်၍ နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး စိုက်ပျိုးရန်ဖြစ်သည်။ ပဲတီစိမ်းကဲ့သို့ပင် အဝါရောင်မိုစေ့ရောဂါ ကျရောက်တတ်သဖြင့် ကာကွယ်နှိမ်နင်းရေးကို အထူးဂရုပြုသင့်ပါသည်။

   ကုလားပဲသီးနှံကို နိုဝင်ဘာလအတွင်း စိုက်ပျိုးသင့်သည်။ စိုက်ချိန်နောက်ကျလျှင် သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ်ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းကြောင့် အထွက်နှင့် မျိုးစေ့အရည်အသွေး သိသိသာလျော့ကျခြင်းတို့ ဖြစ်နိုင်သည်။

   နုံးမြေစေး၊ စနယ်မြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်ပြီး ရေမဝပ်သောမြေမျိုးတွင် စိုက်ပျိုးသင့်ပါသည်။ 

   ပဲပုပ်သီးနှံကိုလည်း စိုက်ပျိုးနိုင်သည်။ သဲဆန်သောမြေအမျိုးအစားမှအပ မြေဆီသြဇာ အသင့်အတင့်မှ ထက်သန်သည့်မြေတို့တွင် နိုဝင်ဘာလသည် ပဲပုပ်စတင်စိုက်သင့်သောလဖြစ်သည်။ 

   အဟာရရှုထောင့်မှ ကြည့်ပါက ပဲပုပ်တွင်အသားဓာတ်ပါဝင်မှု မြင့်မားသည်။ ထိုမျှမက ဆီပါဝင်မှုလည်း မြင့်မားပါသည်။ အသက်လျင်အထွက်ကောင်းသောမျိုးဖြစ်ရုံမက စပါးအပြီးသီးထပ် စိုက်ပျိုးရန် သင့်တော်သောမျိုး ဖြစ်သင့်ပါသည်။

   စပါးပြီးစိုက်ပျိုးသည့် ဆောင်းသီးနှံသည် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးဖြစ်ပါက မျိုးစေ့ကို သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ်သည်။ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ပင်စည်ထိုးပိုး(Stem Fly)ကျရောက်တတ်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မျိုးစေ့ကို သင့်တော်ရာဆေးဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

   ထို့ပြင် အသုံးပြုမည့်မျိုးသည် အသက်လျင်သင့်သည်။ ဈေးကွက်အမြင့်ဆုံးရနိုင်သည့်မျိုး ဖြစ်သင့်သည်။ စိုက်စနစ်မှာ လုပ်သားလုပ်အား သုံးစွဲမှုအနည်းဆုံး၊ ကုန်ကျစရိတ်အနည်းဆုံးဖြင့် စိုက်ပျိုးမှု လွယ်ကူစေသင့်ပါသည်။

   အစိုဓာတ်မဆုတ်ယုတ်မီ နိုဝင်ဘာလအတွင်း ဆောင်းသီးနှံတစ်မျိုးမျိုးကို လယ်မြေမှာဖြစ်စေ၊ ယာမြေမှာဖြစ်စေ စိုက်ပျိုးကြဖို့ တိုက်တွန်းလိုပါသည်။

၂။ မိုးစပါးသီးနှံအတွက်

   စိုက်ချိန်စောသည့်မိုးစပါးကို များမကြာမီတွင် ရိတ်သိမ်းတော့မည် ဖြစ်ပါသည်။ လယ်သမားအများစုက အထွက်စွမ်းရည်မြင့်မားသည့် အထွက်ကောင်းစပါးမျိုးများကို စိုက်သည်။ ပြုစုဂရုစိုက်မှုက ပြောစရာမလို။ တစ်ဧက တင်းရာကျော်မှာ သေချာသည်။ သို့သော် ရှေးလူကြီးသူမများ ဆိုစကားတစ်ခုရှိသည်။ မိမိအိမ်သို့ရောက်ရှိပြီး ကျီဝင်သောစပါးသည်သာ ကိုယ့်ဥစ္စာဖြစ်သည်ဟူ၏။ စပါးပင်တွေက ပွင့်သီးပေးသောအနှံတွင်ရှိ စပါးစေ့အားလုံး အိမ်သို့ မရောက်ရှိနိုင်သောအကြောင်းတွေကို ပြောလိုရင်းဖြစ်ပါမည်။

   ရိတ်သိမ်းချိန်မှန်၍ ခြွေလှေ့နည်းစနစ်မှန်ရေး တိုက်တွန်းလိုပါသည်။ စပါးအထွက်မြင့်မားရေးအတွက်ဖြစ်သည်။ စပါးအထွက်အတွက်သာမကပါ။ စပါးအရည်အသွေးမြင့်မားဖို့လည်း ဖြစ်ပါသည်။ မျိုးအဖြစ်ပြန်စိုက်လျှင်လည်း အပင်ပေါက်ကောင်းမည်ဖြစ်သည်။ ထို့ကြောင့် ရိတ်သိမ်းချိန်မှန်ကိုသိဖို့နှင့် ရိတ်သိမ်းဖို့ အလွန်အရေးကြီးပါသည်။

   ရိတ်သိမ်းချိန်မှန်မှာ စပါးအနှံများရှိ စပါးစေ့များရဲ့ ၈၀ ကနေ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန် ဖြစ်ပါသည် စပါးရိတ်သင့်သော ထိုအချိန်တွင် စပါးနှံအောက်ခြေတွင် ကောက်ရိုးရောင်မဖြစ်ပေါ်သေးဘဲ အစိမ်းရောင်ဖြစ်ပေါ်နေသေးသော စပါးစေ့များ ရှိနေပါသေးသည်။ ထိုအချိန်ကို  မောင်းညိုချိန်ဟုလည်း ခေါ်ပါသည်။ 

   စပါးစေ့အဖျင်းများရခြင်းသည် ရိတ်သိမ်းချိန်မှန်ထက် စော၍ရိတ်သိမ်းခြင်းကြောင့်ဖြစ်သည်။ အဖျင်းဆိုတာ မအောင်သောအစေ့များဖြစ်သည်။ စပါးစေ့များ၏ အစိုဓါတ်မှာ ၂၅ ရာခိုင်နှုန်းထက် ပိုနေတတ်သည်။ ထိုအချိန်တွင် ခြွေလှေ့ရန်လည်း ခက်ခဲနေသည်။ စက်ဖြင့်ခြွေပါက စပါးစေ့များ ထိခိုက်မှုရှိပြီး အစေ့များအတွင်း ကွဲအက်ကာ ဆန်အရည်အသွေး ကျဆင်းနိုင်ပါသည်။

   ရိတ်သိမ်းသင့်သော်လည်း စပါးခင်းထဲ အချိန်ကြာကြာထားရှိပါက စပါးပင်များယိုင်လဲနိုင်သေးသည်။ ရိတ်သိမ်းချိန်နောက်ကျခြင်း၏ ဆိုးကျိုးဖြစ်သည်။ ကြွက်၊ ငှက်၊ ပိုးမွှားဖျက်ဆီးနိုင်သည်။ အစေ့တွေ မြေပေါ် ကြွေကျနိုင်သည်။ ဆန်ကြိတ်သည့်အခါတွင် အကျိုးအကြေများသဖြင့် ဆန်ကောင်းရာခိုင်နှုန်းနည်းကာ ဆန်ကွဲရာခိုင်နှုန်းများနိုင်သည်။ လေလွင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်သည်။ ရောင်းချပါကလည်း ဆန်အရည်အသွေးညံ့သဖြင့် ဈေးကောင်းရနိုင်မည်မဟုတ်ကြောင်း အသိပေးလိုပါသည်။

၃။ နွေစပါးသီးနှံအတွက်

   နွေစပါးဟုဆိုသော်လည်း အများစုမှာသီးထပ်စပါးဖြစ်သည်။ ဒေသအလိုက် စိုက်ချိန်မှန်ဖို့လိုသည်။ မိုးစပါးရိတ်ချိန်နှင့် မိုးစပါးအပြီး မတ်ပဲကဲ့သို့ ဆောင်းသီးနှံတစ်မျိုးမျိုးကိုစိုက်ပျိုးခဲ့ပါက အဆိုပါသီးနှံရိတ်သိမ်းချိန်ပေါ်မူတည်၍ နွေစပါးကိုစိုက်ကြပေရာ နွေစပါးစိုက်ချိန်သည် မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် အမျိုးမျိုးကွဲပြားနေသည်။ မိမိဒေသ မိမိအခြေအနေနှင့် ကိုက်ညီသည့်စိုက်ချိန်သည် စိုက်ချိန်မှန်ဟု ဆိုရမည်ဖြစ်ပါသည်။ 

   ရေတက်ရေကျရှိသည့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ရေငန်ဝင်ရေကို ရှောင်ရှားဖို့လိုသည်။ ဇန်နဝါရီလတွင် ရေငန်စတင်နိုင်ပြီး ဖေဖေါ်ဝါရီလတွင် ရေပိုမိုငန်လေ့ရှိကြောင်း ကြားဖူးသည်။ အဆိုပါဒေသများအဖို့ နိုဝင်ဘာလတွင် နွေစပါးစတင်သင့်သည်၊ ဒီဇင်ဘာလတွင် အပြီးစိုက်ရမည်ဖြစ်ပါသည်။

   မုတ်သုန်ဝင်တော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများက စတင်ဝင်ရောက်သည်။ မေလတွင် မုတ်သုန်စတင်ဝင်ပြီး မိုးမလှိုင်မီ နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းဖို့လိုသည်။ ဤသို့ဆိုလျှင် နွေစပါးစိုက်ချိန် စောကိုစောရမည်ဖြစ်ပါသည်။

   ဒါ့အပြင် မြန်မာနိုင်ငံအောက်ပိုင်းဒေသ လယ်သမားကြီးများ၏ လယ်ယာမြေပိုင်ဆိုင်မှုက အထက်ပိုင်းဒေသနှင့်မတူ။ ဧရိယာများများကို ပိုင်ဆိုင်သူများသည်ဟုသိရသည်။ အချိန်မီပြီးစီးဖို့ စောစောကြိုတင်စိုက်ရန် လိုအပ်ပါသည်။

   သုတေသနပြုလေ့လာမှုတွေအရလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ဒီဇင်ဘာလတွင် နွေစပါးစိုက်ခြင်းသည် စပါးအထွက်အကောင်းဆုံးဖြစ်သည်ဟု သိရပါသည်။ 

   သို့ဖြစ်၍ ဖေါ်ပြပါ အကြောင်းရင်းတွေကြောင့် နိုဝင်ဘာမှစတင်၍ ဇန်နဝါရီလအတွင်းအထိ နွေစပါးကို စိုက်ပျိုးရန် နှိုးဆော်လိုပါသည်။

 ဆင်းသီဟ