တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (စက်တင်ဘာ၊ ၂၀၁၉ )

02/09/2019 11:48 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   စိုက်ပျိုးထားသည့် မိုးစပါးသီးနှံနှင့် ပတ်သက်လို့ ဆောင်ရွက်ရန်များ၊ မိုးနှောင်းယာသီးနှံ စိုက်ပျိုးရေးကိစ္စများကို နှိုးဆော်လိုပါသည်။

၁။ မိုးနှောင်းယာသီးနှံများအတွက်

   မိုးနှောင်းယာသီးနှံများဖြစ်သည့် ချည်မျှင်ရှည်ဝါ၊ နေကြာ၊ ပဲမျိုးစုံသီးနှံစသည်တို့ကို စက်တင်ဘာလအတွင်း စိုက်ပျိုးကြရမှာဖြစ်သည်။ အတွေ့အကြုံအရ စက်တင်ဘာလအတွင်း ဒေသအလိုက် မိုးကောင်းစွာရွာသွန်းနိုင်ပါသည်။ သြဂုတ်လခန့် တစ်ချို့ဒေသတွင် သြဂုတ်လထက်ပိုပြီး မိုးရွာသွန်းနိုင်ကြောင်း ယခင်နှစ်အတွေ့အကြုံအရ ခန့်မှန်းမိပါသည်။ စိုက်ပျိုးသူဘက်က လိုလေသေးမရှိ ဆောင်ရွက်ရန်ဖြစ်ပါသည်။ ပထမအချက်မှာ ရွေးချယ်စိုက်ပျိုးသင့်သည့်မျိုး မှန်ကန်ရန်ဖြစ်သည်။ ရှိသင့်သည့်အရည်အချင်းများကို ဖေါ်ပြလိုပါသည်။

    • သက်လျင်အထွက်ကောင်းမျိုးဖြစ်ရပါမည်။ 

    • အပင်ပေါက် (၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ဖြစ်ရပါမည်။

    • စိုစွတ်မှုဒဏ်(Excess Water) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်(good seedling vigor) မျိုး ဖြစ်သင့်ပါသည်။

    • ရေမြေဒေသကိုက်ညီဖြစ်ထွန်းဈေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုး ဖြစ်သင့်ပါသည်။

   ဒုတိယအချက်မှာ မိုးများခြင်းကြောင့် အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ရန်ဖြစ်ပါသည်။ မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်ပြန့်နှံ့မှုမညီညာ၊ သွန်ချချင်သလိုသွန်ချနေသည်ကို နေရာတိုင်းလိုလိုမှာ တွေ့ရသည်။ အဲဒီပြောင်းလဲဖြစ်ပေါ်နေသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစွာ ဆောင်ရွက်ရန်ဖြစ်ပါသည်။

၂။ မိုးစပါးသီးနှံအတွက် 

   စိုက်ချိန်မှန်သည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ မိုးစပါးအားလုံးနီးပါး နိုင်ငံတစ်ဝှမ်းစိုက်ပြီးလောက်ပြီၤ။ မည်သည့်ဒေသ၊ မည်သည့်အချိန်ပဲစိုက်စိုက် တစ်ဧကအထွက်နှုန်းမြင့်မားဖို့ နံပါတ်တစ်ဖြစ်သည်။ တနည်းအားဖြင့် မိုးစပါးအောင်မြင်ဖို့ ဖြစ်ပါသည်။ လယ်မြေအားလုံးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေထိန်းသိမ်းရေး ဖြစ်ပါသည်။

   သက်တမ်းအားဖြင့် အချို့လယ်ကွင်းများမှာ ရေကြီးရေလွှမ်းခဲ့လို့ဖြစ်စေ၊ သီးနှံပုံစံအရ ရှေ့သီးနှံ မလွတ်လို့ဖြစ်စေ အကြောင်းကြောင်းကြောင့်ဖြစ်စေ စိုက်ပြီးကာစဖြစ်မည်။ အချို့မှာတစ်လခန့် ရှိလောက်ပေပြီ။ ဒီထက် နှစ်လခန့် စပါးခင်းများလည်းရှိမည်။ နိုင်ငံအနှံ့အပြားမိုးရေရရှိမှုပမာဏ မတူ၊ ပုံစံမတူ၊ စိုက်ပျိုးသည့်သီးနှံပုံစံတွေလည်း မတူကြ၍ မိုးစပါးစိုက်ခင်း အသက်အရွယ်အမျိုးမျိုးဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ပါသည်။ 

   မည်သို့ဖြစ်စေ စပါးခင်းများ၏အသက်အရွယ်ကို ခြုံလိုက်လျှင် နှစ်မျိုးသာဖြစ်ပါမည်။ ၎င်းတို့မှာ- ၁။ပင်ပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများနှင့် ၂။ မျိုးပွားပိုင်းကြီးထွားသည့် ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများဖြစ်ပါသည်။

(က) ပင်ပိုင်းကြီးထွားကာလ စပါးခင်းများအတွက်

   ပင်ပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို ဦးစွာအသိပေးလိုသည်။

    • ကောက်စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေကောက်ပင်ဖာသင့်ပါသည်။

    • ကောက်စိုက်ပြီး ၁၄ ရက်အတွင်း နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်စီယံဓါတ်မြေသြဇာများကို ကျွေးပေးသင့်ပါသည်။

    • ကောက်စိုက်ပြီး ၂၃ ရက်မှ ၂၇ ရက်သားတွင်မူ ယူရီးယားဓါတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။ စပါး အပင်ပွားလှိုင်လှိုင်ပွားသည့်အချိန်မိုလို့ ဖြစ်ပါသည်။

    အပင်ကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးကို အဆုံးအဖြတ်ပြုသဖြင့် ဖေါ်ပြပါလုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန်တိုက်တွန်းလိုပါသည်။

(ခ) မျိုးပွားပိုင်းကာလ စပါးခင်းများအတွက်

   မျိုးပွားပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်အသိပေးလိုသည်။ 

    • သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၃၃ ရက်မှ ၃၇ ရက်၊ သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၄၀ ရက်မှ ၄၄ ရက်တို့သည် အနှံသန္ဒေတည်စအချိန်(တနည်း) မှို့ကပ်စအချိန်ဖြစ်သည်။ ယူရီးယားဓါတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။

   မျိုးပွားပိုင်း ကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင်ပါဝင်သည့်အစေ့အရေအတွက် (Grains per panicle)များရေးကို အဆုံးအဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။

(ဂ) မျိုးစေ့ထုတ်စပါးစိုက်ခင်းများအတွက်

   သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ် စိုက်ခင်း၊ ကိုယ့်အားကိုယ်ကိုးမျိုးသန့် (Good Seed) မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ ထုတ်စိုက်ခင်း (Seed Production Field)အားလုံးအတွက် သီးသန့်အသိပေးနှိုးဆော်လိုသည်များ ရှိပါသည်။

    • ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နှုတ်ပယ်မှုစတင်သင့်ပါသည်။

    • စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ နှုတ်ပယ်ရန် ဖြစ်ပါသည်။

    • ၎င်းအပြင်စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျ အခါခါစစ်ဆေး နှုတ်ပယ်သင့်ပါသည်။

   စက်တင်ဘာလသည် မိုးနှောင်း ယာသီးနှံများစိုက်ပျိုးရေးနှင့် စိုက်ပျိုးထားရှိသော မိုးစပါး စိုက်ခင်းများ အောင်မြင်ရေးအတွက် အရေးပါသော လတစ်လဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားစေလိုပါသည်။ 

ဆင်းသီဟ

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်