တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဧပြီလ၊ ၂၀၁၉)

01/04/2019 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧပြီလတွင် ရေရရှိသည့် နွေစပါးဧရိယာအားလုံးနီးပါး စိုက်ပြီးလောက်ပြီ။ နွေစပါး၊ မိုးကြိုနှမ်းလျင်၊ မိုးကြိုချည်မျှင် ရှည်ဝါနှင့် ကြံသီးနှံတို့နှင့် ပတ်သက်၍ အသိပေးနှိုးဆော်လိုပါသည်။

နွေစပါးသီးနှံ

နွေစပါး ပေါင်းမြက်ကင်းစင်စေရေး ထပ်မံပြောလိုသည်။ အခုအချိန်အခါ နေရာတကာလိုလိုမှာ ပေါင်းသတ်ဆေးတွေ ဝယ်ယူရရှိနိုင်လို့ ဝမ်းသာရသည်။ အနာနှင့်ဆေးတည့်ဖို့လိုသည်။ ဆိုးဝါးစွာပေါက် ရောက်လေ့ရှိသည့်ပေါင်းမြက်နှင့် ကာကွယ်နှိမ်နင်းသည့် ပေါင်းသတ်ဆေး မှန်ကန်ဖို့လိုသည်။ ဖျန်းသင့် သည့်အချိန်မှာ ဖျန်းမှသာ ထိရောက်သည်။ 

ပေါင်းသတ်ဆေးက အများအားဖြင့် စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင် အပင်ပေါက်ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်မှာ သုံးရတာဖြစ်သည်။ ဖျန်းနည်းစနစ်နှင့်အသုံးပြုသည့် ပေါင်းသတ်ဆေးဖျန်းခေါင်း ကအစ မှန်ဖို့လိုသည်။ လက်ကို အနိမ့်အမြင့်ပုံမှန်ဖြင့် ဝှေ့ယမ်းခြင်းမပြုဘဲ ပုံမှန်လမ်းလျောက်ကာ ဖျန်းမှသာ ထိရောက်မည်ဖြစ်သည်ကို သိထားဖို့လိုပါသည်။

ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်သည်။ စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံ ကာလအတွင်း စပါးခင်းအတွင်း ပေါင်းမြက်ပင်များ ရှိမနေအောင် ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်း စနစ်ဖြင့် ဆောင်ရွက်ကြရမှာဖြစ်သည်။ စပါးပင်သက် တစ်လကျော်သည့်စိုက်ခင်းများတွင် လက်ပေါင်း လိုက်ခြင်းသည် အသင့်တော်ဆုံး နည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုးကြား ပေါင်းလိုက်ကရိယာကို သုံးနိုင်သည်။ လက်ပေါင်းနှင့် တမန်းနှိုးတာ တွဲဖက်လိုက်လျင် ပိုလို့ထိရောက်မှာ ဖြစ်ပါသည်။

ဓာတ်မြေသြဇာသုံးစွဲရေးနှင့် ပါတ်သက်၍ ထောက်ခံနှုန်းအတိုင်း သုံးစွဲရန်လိုသည်။ တိုက်ရိုက် မျိုးစေ့ချစပါးခင်းများတွင် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂ရ ရက်တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးဖို့ လို သည်။ အပင်ပွားအားကောင်းစေဖို့ဖြစ်သည်။ ထို့ပြင် မှို့ကပ်ချိန်ဖြစ်သော သက်လျင်မျိုးများဆိုလျှင် မျိုးစေ့ချပြီး ၃၃ ရက်မှ ၃ရ ရက်၊ သက်လတ်မျိုးဆိုလျှင် မျိုးစေ့ချပြီး ရက် ၄၀ မှ ၄၄ ရက်တို့တွင် နိုက်ထရိုဂျင်မြေသြဇာကို ထပ်မံကျွေးပေးရန် ဖြစ်ပါသည်။

ယာသီးနှံများ(နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ၊ ကြံသီးနှံ)

ဧပြီလမှာ စိုက်ပျိုးရှင်သန်လျက်ရှိသော ယာသီးနှံအားလုံးသည် မြေအစိုဓာတ်မပြတ်စေဖို့ ဂရုပြုရန်လိုသည်။ နွေရာသီဖြစ်သဖြင့် မိုးရေကို မျှော်ကိုးလို့မရနိုင်ပါ။ သွင်းရေကိုသာ အားကိုးရမည်။ ရေသွင်း ရာတွင် ကွက်ပြင်ကျယ်ရေသွင်းစနစ်ဖြစ်ပါက စိုက်ကွက်အတွင်း ပြန့်နှံ့မှုရှိရန် အထူးဂရုစိုက်ရသည်။ ရေ ဝပ်နေရာများဖြစ်ပေါ်ခြင်းကြောင့် စိုက်ပျိုးပင်များ ညှိုးနွမ်းသေကြေနိုင်သည်။ မူလစိုက်ပျိုးစဉ်ကပင် စိုက်ကွက်အတွင်း ရေသွင်းမြောင်းများဖေါ်ခဲ့ခြင်း သို့မဟုတ် ပေါင်စနစ်ဖြင့် စိုက်ပျိုးခြင်းများ လုပ်ကိုင်ခဲ့ပါက ရေသွင်းရန် အဆင်ပြေနိုင်ပါသည်။ 

ယာသီးနှံအလိုက် မဖြစ်မနေ ရေလိုအပ်သည့်အချိန်များရှိသည်။ သိထားဖို့လိုသည်။ ထိုအချိန်တွင် ရေအစိုဓာတ်သာမရပါက သီးနှံအထွက်နှုန်းကို ထိခိုက်တော့သည်။ ယေဘုယျအားဖြင့် မည်သည့်သီးနှံအတွက်မဆို  ပန်းပွင့်ချိန်မှာ ရေအစိုဓာတ်မပြတ်စေရန် အထူးအရေးကြီးပါသည်။ 

မိုးကြို ချည်မျှင်ရှည်ဝါသီးနှံတွင် စိုက်ပြီး ၄၅ ရက်မှ ရက် ၉၀ တွင် ရေလိုအပ်မှုရှိနိုင်သည်။ ချည်မျှင် ရှည်ဝါပင်၏ ရေအများဆုံးလိုအပ်ချိန်မှာ ပန်းပွင့်ဖြိုင်ချိန်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ထိုအချိန် မတိုင်မီပင် ချည်မျှင်ရှည်ဝါစိုက် ခင်း၌ ရေလိုအပ်မှုရှိမရှိကို စစ်ဆေးကာ ပန်းပွင့်ပြီးဆုံးချိန်ထိ မြေအစိုဓာတ် ရှိနေစေရေးဆောင်ရွက်သင့်ပါသည်။

ကြံပင်လိုသီးနှံမျိုးတွင်မူ ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်းတွင် မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းသင့်သည်ဟု သိရသည်။ နွေရာသီကာလကို ဖြတ်သန်းနေချိန်ဖြစ်နိုင်သည်။ မူလ စိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်းစိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစား ဖွဲ့စည်းပုံ အရ မြေအစိုဓာတ် လိုအပ်မှုတွေ ရှိလာနိုင်ပါသည်။

ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးသင့်သည်။ ကြံခင်းအတွင်း ရေဝပ်မနေစေဖို့တော့ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ထားပေးရပါမည်။ ကြံပင်သက်တမ်းရက် ၁၂၀ တွင် တစ်ပါတည်း ပေါင်လုံးပေးနိုင်ပါသည်။

အားနည်းချက်ကိုဆန်းစစ်

မြန်မာသက္ကရာဇ် အနေဖြင့့််ဖြစ်စေ၊ စိုက်ပျိုးရေးနှစ် အနေဖြင့်ဖြစ်စေ နှစ်တစ်နှစ်ကုန်ဆုံးပြီဖြစ်သည်။ အ ခုခေတ်တွင် နွေစပါး၊ နွေသီးနှံများစိုက်ပျိုးလာလို့ နှစ်မကုန်သလို တစ်ပတ်လည် မိုး၊ ဆောင်း၊ နွေ၊ မြေမအား လူမနားဖြစ်နေတာလို့ ဆိုရမည်။ ရှေးယခင်က ဧပြီလလို နွေရာသီမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စရာမရှိတော့ဘဲ အလှူအတန်းများ၊ မဟာသြင်္ကန်ဥပုသ်စောင့်ခြင်းများဖြင့် တောင်သူ လယ်သမားကြီးများ အနားယူချိန်ဖြစ်သည်။ ယခုလည်း မိုးရေသောက်ဒေသ လယ်သမားများအဖို့မှာ ပြုစုဂရုစိုက် ကြည့်ရှုရန် သီးနှံပင်မရှိသည့်အချိန်ပင် ဖြစ်နိုင်ပါသည်။

တောင်သူလယ်သမားကြီးများအတွက် ပြီးဆုံးခဲ့သည့် စိုက်ပျိုးရေးနှစ်အတွင်း သီးနှံစိုက်ပျိုးခဲ့မှုများ အပေါ် ဆန်းစစ်ကြည့်ရန် နှိုးဆော်လိုသည်။ မည်သည့်သီးနှံများကို စိုက်ပျိုးခဲ့သနည်း။ သီးနှံအထွက်မည်မျှ ထွက်ရှိခဲ့သနည်း။ ကိုယ့်သီးနှံအထွက်နှင့် တစ်ပါးသူတွေ၏သီးနှံအထွက်တွေကို နှိုင်းယှဉ်ကြည့်စေလိုပါသည်။ 

ဝေးကွာသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များနှင့် နှိုင်းယှဉ်ရန် ဆိုလိုခြင်းမဟုတ်ပါ။ မိမိ လယ် ယာမြေအနီးနားချင်း တစ်ကွင်းတစ်စပ်တည်း ရေမြေရာသီဥတု သဘာဝပတ်ဝန်းကျင် အခြေအနေတူ တောင်သူလယ်သမားများနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ သီးနှံအတူ၊ စိုက်ချိန်လည်း တစ်ကွင်းတစ်စပ် တည်းဖြစ်သဖြင့် သဘာဝပေးအခြေအနေ လွန် စွာကွာခြားခြင်း မရှိပါ။ ထို့ကြောင့် သူတို့တစ်တွေ၏ သီးနှံအလိုက် အထွက်နှုန်းအခြေအနေကို လေ့လာကြည့်သင့်ပါ သည်။

စပါးသီးနှံကို ဥပမာပေးလိုသည်။ စိုက်ကွင်းအတွင်း အမြင့်ဆုံးအထွက်နှုန်းသည် မည်မျှနည်း။ တင်း ၁၀၀ ဆိုပါတော့။ ထိုသူမှာ မိမိလား။ မိမိမဟုတ်လျှင် မိမိစိုက်ပျိုးသည့် စပါးသီးနှံ၏အထွက်နှုန်းသည် မည်မျှနည်း။ တင်း ၇၀ ဖြစ်သည်ဆိုပါလျှင် တစ်ခြားသူ၏အမြင့်ဆုံးအထွက်နှင့် တင်း ၃၀ ခြားနား နေပေသည်။ အဆိုပါ တင်း ၃၀ သည် စိုက်ကွင်း၏ အမြင့်ဆုံးအထွက်နှုန်းနှင့် နှိုင်းယှဉ်လျှင် မိမိသီးနှံအထွက်နှုန်း၏လျော့နည်းကွာခြားချက်(YieldGap) ပင် ဖြစ်ပါသည်။

ဤသို့ လျော့နည်းကွာခြားချက် ဖြစ်ပေါ်ရခြင်းသည် မိမိမှာ ချို့ယွင်းအားနည်းချက်၊ လိုအပ်ချက်များ ရှိနေ၍သာဖြစ် ကြောင်း မှတ်ယူသင့်သည်။ မျိုးလား၊ နည်းစနစ်လား။ နည်းစနစ်တွင် စိုက်ချိန်၊ စိုက်စနစ်၊ ပေါင်းမြက်၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှု၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်နောက်ပိုင်းဆောင် ရွက်မှု_ စသည်တို့အပေါ် ဆန်းစစ်သင့်ပါသည်။ ယခုနှစ်တွင် အဆိုပါချို့ယွင်းအားနည်း လိုအပ်ချက်များကို ပြုပြင်ဖြည့်ဆည်းလုပ်ဆောင်ရန်ဖြစ်ပါသည်။

ပြုပြင်လုပ်ကိုင်မည့် နည်းလမ်းများကို ရှေ့နှစ်တွင် ဆောင်ရွက်မည့်အစီအစဉ်အဖြစ် စီမံချက် ရေးဆွဲရန်ဖြစ်သည်။ စီမံချက်အရ ကြိုတင်ပြင်ဆင်ရန်လိုပါက ပြင်ဆင်ရပါမည်။ ဥပမာ-မျိုးသန့်ရှာဖွေ ခြင်း၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ_စသည့်သွင်းအားစုများ စုဆောင်းခြင်းတို့ဖြစ်ပါသည်။

အခြားသီးနှံများကိုလည်း ထို့အတူ စဉ်းစားဆောင်ရွက်ရန်ဖြစ်သည်။ လယ်ယာမြေတွင် တစ်နှစ်အတွင်း စိုက်ပျိုးသည့်သီးနှံအားလုံး၏ ယခုနှစ်အတွင်း လုပ်ကိုင်ခဲ့သည်များမှ ချို့ယွင်းချက်များ၊ အား နည်းချက်များကို လာမည့်နှစ်တွင် ပြုပြင်လုပ်ကိုင်ခြင်းသည် တစ်နည်းအားဖြင့် သီးနှံအထွက်တိုးရေးဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။

ဆင်းသီဟ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်