တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဖေဖေါ်ဝါရီလ၊ ၂၀၂၁)

01/02/2021 14:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မိုးကြိုသီးနှံများဖြစ်သော ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့်သီးနှံများ စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သည်။ မိုးကြိုသီးနှံများတွင် စပါးသီးနှံလည်းပါဝင်သည်။ နွေစပါးဆိုလျှင် လူတိုင်းသိပါသည်။ ယခုလအတွင်း ဆောင်ရွက်သင့်တာတွေကို    အသိပေးနှိုးဆော်လိုပါသည်။

နွေစပါး (မြန်မာနိုင်ငံအထက်ပိုင်းဒေသ) 

    ဖေဖေါ်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများတွင် ဖြစ်သည်။ လာမည့်နှစ် မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက် နောက်မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖေါ်ဝါရီလမှာ နွေစပါးစတင်စိုက်ပျိုးပါလို့ ပြောလိုပါသည်။

    နွေစပါးကို နောက်ကျစိုက်လျှင် နောက်ကျရိတ်ရတော့ မိုးစပါးကို သြဂုတ်၊ စက်တင်ဘာမှာမှ စိုက်ရတော့သည်။ မိုးစပါးတွင် ပုံမှန်အထွက်ကို မရရှိနိုင်တော့ပါ။ မိုးစပါးအပြီး မတ်ပဲ၊ ကုလားပဲသီးနှံတို့ကို စိုက်သည်။ ဖေါ်ပြပါသီးနှံများ၏ စိုက်ချိန်လည်းနောက်ကျ၊ သို့ဖြစ်၍ ပုံမှန်အထွက်ကို မရရှိနိုင်ပါ။ သည်လိုနှင့် နွေစပါးစိုက်ချိန် နောက်ကျရပြန်သည်။ ဆည်ရေထုတ်လွှတ်ပေးချိန်ကြောင့်လည်း ဖြစ်နိုင်သည်။ ဆည်ရေပေးလွှတ်မှုသည် သီးနှံစိုက်ချိန်နှင့်အညီ ဖြစ်သင့်ပါသည်။

    ဖေဖေါ်ဝါရီမိုးကြိုစပါးသည် သွင်းရေဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကို ချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှုနည်းသည်။ အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့် တိုစေနိုင်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့်ခြောက်တစ်ခါရေသွင်းစနစ် (Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ခြင်းဖြင့် သွင်းရေကိုလည်း ချွေတာနိုင်ပါသည်။ 

    နွေစပါးတွင် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျှော့နည်းနိုင်သည်ကို သတိမူသင့်သည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေသည်။ စတင်စိုက်ပျိုးစဉ်ကပင် ထွန်ရေးတမန်းကောင်းအောင်ပြုပြင်ခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် ဖြစ်ပါသည်။

မိုးကြိုနှမ်းလျင်သီးနှံ

    နှမ်းလျင်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးလျင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့်ဇွန်လတွင် မိုးစပါးကို ပုံမှန် စိုက်ပျိုးနိုင်သည်။ မိုးစပါး ရိတ်သိမ်းပြီးသည်နှင့် ဆောင်းရာသီတွင် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူး ကြိုက်နှစ်သက်ရာသီးနှံကို စိုက်ပျိုးနိုင်သည်။ မိုးကြိုရာသီတွင် နှမ်းလျင်သီးနှံကိုစိုက်ပျိုးခြင်းဖြင့် နှမ်းလျင်ပါဝင်သော သုံးသီးစား သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်ပါသည်။

မိုးကြိုပဲတီစိမ်းသီးနှံ

    ပဲတီစိမ်းသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်လာသည်။ သွင်းရေအစိုဓာတ်ဖြင့် ဖေဖေါ်ဝါရီလတွင်စိုက်ပျိုးကာ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက်နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင်ပါသည်။

မိုးကြိုချည်မျှင်ရှည်ဝါသီးနှံ

    မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်းပြီးစီးနိုင် သည်မှာ ဇူလိုင်လဖြစ်သည်။ ဇူလိုင်လဆိုလျင်လည်း မိုးစပါးအတွက် စိုက်ချိန်နောက်ကျသည်ဟု မဆိုနိုင်သေးချေ။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ - မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။

အခြားမိုးကြိုသီးနှံများ

    ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၄င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ ငြုပ် စသည့်သီးနှံများဖြစ်သည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝမပေးနိုင်သည့်ဒေသများတွင်  ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုပါသည်။ 

    မိုးကြိုရာသီ ယာသီးနှံများသည် နွေစပါးသီးနှံနှင့် အကြိုက်မတူပါ။ အပင်ခြေရေဝပ်ခြင်းကို လုံးဝမကြိုက်သည့် သီးနှံများဖြစ်သည်။ သို့သော် အဆိုပါသီးနှံများကို စိုက်ပျိုးရန် မြေအစိုဓာတ်လိုသည်။ စပါးသီးနှံနှင့်နှိုင်းစာလျှင် ယာသီးနှံများက ရေလိုအပ်မှုနည်းသည်။ ထွန်ရေးပြုပြင်ဖို့ ရေသွင်းရန်လိုသည်။ သီးပွင့်ရန်အစိုဓာတ်လိုချိန် ရေသွင်းပေးရန်လိုသည်။ အနည်းဆုံး ထိုနှစ်ချိန်တွင် မြေတွင်းအစိုဓာတ် တည်ရှိနေရေး ချိန်ဆပြီး ရေသွင်းပေးရန် လိုပါသည်။

    မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်း ချိန်ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖေါ်ဝါရီလတွင်စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီးစေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင်စိုက်ပျိုးနိုင်ရန် ယာသီးနှံတစ်မျိုးမျိုးကို ချိန်ဆစိုက်ပျိုးရန် အသိပေးနှိုးဆော်လိုပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်