တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဇန်နဝါရီလ၊ ၂၀၂၁)

05/01/2021 18:45 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    စိုက်ပျိုးထားပြီးဆောင်းရာသီသီးနှံများ ကြီးထွားရှင်သန်ပိုးမွှားရောဂါကင်းဖို့လိုသည်။ နွေစပါးစတင်စိုက်ပျိုးနေသည့် အောက်ပိုင်းဒေသများ ပြီးစီးအောင် အမြန်စိုက်ပျိုးစေလိုသည်။ ယခုလအတွင်း ဆောင်ရွက်သင့်တာတွေကို အသိပေးနှိုးဆော်လိုပါသည်။

နွေစပါးသီးနှံ

    ဧရာဝတီတိုင်းဒေသကြီးမှာ ဒီဇင်ဘာလကတည်းက စစိုက်နေပြီ။ မုတ်သုန်မဝင်မီ ရိတ်သိမ်းချွေလှေ့ပြီး ဖြစ်ဖို့လိုသည်။ စိုက်ချိန်နောက်မကျမှ ထိုအချိန်မတိုင်မီ ရိတ်သိမ်းနိုင်ကာ လေလွင့်ဆုံးရှုံးမှုမဖြစ်ဘဲ စပါးအထွက်နှုန်းကောင်းစေမှာ ဖြစ်ပါသည်။

    လေ့လာသိရှိချက်အရ ဖြစ်ထွန်းသည့်စပါးမျိုးများကို ဖေါ်ပြလိုသည်။ ဧရာဝတီတိုင်းဒေသကြီးမှာ သီးထပ်ရင်နှင့် ရက်-၉၀၊ မွန်ပြည်နယ်မှာ မနောသုခနှင့် ရက်-၉၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ သီးထပ်ရင်၊ ပဲခူးတိုင်းဒေသကြီးမှာ ရတနာတိုး၊ ကယားပြည်နယ်မှာ ဆင်းရွှေဝါ၊ ကရင်ပြည်နယ်မှာ မနောသုခနှင့် ဆင်းသုခ၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရက်-၉၀ နှင့် ဆင်းသုခတို့ဖြစ်ကြောင်း သိရပါသည်။  

    ရေမြေဒေသနှင့် ကိုက်ညီဖြစ်ထွန်းရုံမက စျေးကွက်ရှိပြီး  အပင်ပေါက် (၈၀) ရာခိုင်နှန်းနှင့် အထက်ရှိသည့် သက်လျင်အထွက်ကောင်းမျိုး မျိုးသန့်ကို အသုံးပြုပါ။ စိုက်ဧရိယာပိုင်ဆိုင်မှုများသူများအနေဖြင့် အချိန်မီပြီးစီးနိုင်သည့် စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးပါ။ အကျိုးအမြတ်ပိုမိုရရှိရေးအတွက် စိုက်ပျိုးကုန်ကျစရိတ်နည်းဖို့ လိုသည်။ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးလျှင် ပေါင်းမြက်ကို အထူးဂရုပြုပါ။ ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုအနေဖြင့် စိုက်ခင်းတမန်းကောင်းအောင်ပြုပြင်ရန်ဖြစ်ပါသည်။

    ပေါင်းသတ်ဆေးသုံးစွဲပါ။ ပေါင်းပင်မပေါက်မီ ပက်ဖျန်းရသည့်ဆေး (Pre-emergence Herbicide) (သို့မဟုတ်)‌ ပေါင်းပင်ပေါက်ပြီးမှပက်ဖျန်းရသည့်ဆေး (Post-emergence Herbicides) တို့ကို သုံးစွဲနိုင်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့်သည့်အချိန် မှန်ကန်ဖို့လိုပါသည်။

    မြန်မာနိုင်ငံအထက်ပိုင်းမှာတော့ ရာသီဥတုက အေးလွန်းသေးသည်။ ဖေဖေါ်ဝါရီလထိ စောင့်ဆိုင်းစေလိုသည်။ အချို့က မိုးစပါးရိတ်သိမ်းဆဲဖြစ်ပြီး အချို့မှာ မတ်ပဲ၊ ကုလားပဲစသည့် ဆောင်းသီးနှံတွေ စိုက်ထားဆဲဖြစ်ပါမည်။ ယခုလအတွင်း နွေစပါးစတင်စိုက်ပျိုးခြင်း မပြုသင့်သေးကြောင်း အသိပေးလိုပါသည်။

ပဲမျိုးစုံသီးနှံများ

    စိုက်ပျိုးထားသည့် ဆောင်းသီးနှံများ ပိုးမွှားရောဂါကျရောက်မှုရှိမရှိ မျက်ချေမပြတ်စစ်ဆေးနေပါ။ ပိုးမွှားရောဂါကျရောက်နေပြီး ဆေးဖျန်းသင့်သည့်အချိန် မဖျန်းပါက သီးနှံအထွက် လျော့နည်းဆုံးရှုံးနိုင်ပါသည်။

    ဆောင်းရာသီစိုက် ပဲမျိုးစုံသီးနှံများတွင် ဖျက်ဆီးနိုင်သည့် ဖျက်ပိုးအချို့ကို ဖေါ်ပြရလျှင် ပင်စည်ထိုးယင်သည် အပင်ငယ်စဉ်တွင် စစိုက်ချိန်မှ ၄၅ ရက်အတွင်း ကျရောက်နိုင်သည်။ ပဲတောင့်ထိုးပိုးသည် ပန်းပွင့်ချိန်မှစ၍ ပင်ပိုင်းကြီးထွားချိန်တလျှောက် ကျရောက်နိုင်သည်။ ပဲစေ့ထိုးပိုးသည် စိုက်ခင်းမှ သိုလှောင်ချိန်ထိ ကျရောက်နိုင်သည်။ ပျသည် အရွက်နု၊ ပင်စည်၊ အသီးတို့အပေါ်တွင်ကျရောက်ဖျက်ဆီးနိုင်ပါသည်။

    ယခုအခါ ပိုးသတ်ဆေးအမျိုးမျိုးကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။ ကြိုတင်ကာကွယ်ရန်အတွက် သီးနှံအလိုက် ကျရောက်လေ့ရှိသည့် ပိုးမွှား၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကို သိဖို့လိုသည်။ ကျရောက်လျှင်ကျရောက်ချင်း ထိထိရောက်ရောက် နည်းစနစ်မှန်စွာ ပက်ဖျန်းနှိမ်နင်းရန် ဖြစ်ပါသည်။

    ပဲမျိုးစုံသီးနှံများတွင် ရောဂါကျရောက်မှု အများဆုံးရှိနိုင်သည့်သီးနှံမှာ ကုလားပဲသီးနှံဖြစ် သော်လည်း ဒေသအလိုက် စိုက်ချိန်မမှန်ခဲ့သည့်စိုက်ခင်းများ၊ ‌ဒေသအလိုက် သင့်တော်သည့် အပင်အတန်းအကွာအဝေး ထားရှိစိုက်ပျိုးခြင်းမပြုသည့် စိုက်ခင်းများတွင် ရောဂါကျ‌ရောက်မှုရှိမရှိ အထူးသတိထား စစ်ဆေးရန်လိုပါသည်။

    ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်အတွက် စိုက်ခင်းအတွင်း ပေါင်းမြက်ကင်းစင်အောင်လုပ်ပါ။ ပေါင်းနှိမ်နင်းရာတွင် လက်ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးသုံးခြင်း၊ အတန်းလိုက်စိုက်ခင်းများတွင် ကိရိယာဖြင့် ကြားလိုက်ပေါင်းရှင်းခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

    အပင်ကောင်းဖို့၊ ပိုမိုကြီးထွားရှင်သန်ဖို့၊ အထွက်ကောင်းဖို့ဆိုပြီး၊ မြေသြဇာအာဟာရရည်တွေ ပက်ဖျန်းပါက အကျိုးရှိအောင် ပက်ဖျန်းပါ။ သီးနှံပင်၏ အသွင်အပြင်လက္ခဏာက ဖေါ်ပြနေသည့် အာဟာရလိုအပ်ချက်နှင့် မိမိဝယ်ယူပက်ဖျန်းမည့် မြေသြဇာအရည်တွင်ပါဝင်သည့် အာဟာရ ကိုက်ညီစေသင့်သည်။ သို့ဖြစ်၍ သီးနှံပင်တွင် ဖေါ်ပြလျက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှုအကဲခတ်ကာ လိုအပ်သည့်အာဟာရကို ခန့်မှန်းပါ။ ထို့နောက် လိုအပ်သည့်အာဟာရကို ဖြည့်စွမ်းပေးနိုင်သည့် အရွက်ဖျန်းမြေသြဇာရည်ကို ဝယ်ယူပက်ဖျန်းရန် ဖြစ်ပါသည်။ 

ကြွက်ကာကွယ်နှိမ်နင်းရေး

    ကြွက်သတ်ဆေးသုံးစွဲရာတွင် စနစ်ကျဖို့လိုသည်။ နည်းလမ်းရွေးချယ်မှု မှန်ကန်ဖို့လိုသည်။ ကြွက်များကို ထောင်ချောက်ဖြင့်ဖမ်းခြင်း၊ အဆိပ်ကျွေးခြင်းတို့ဖြင့် နှိမ်နင်းနိုင်သည်။ ကြွက်ကာကွယ်နှိမ်နင်းမှုသည် တစ်ဦးတည်း မိမိစိုက်ခင်းအတွက်သာ ကွက်၍ နှိမ်နင်းခြင်းသည် ထိရောက်မှုမရှိပါ။ အနီးပတ်ဝန်းကျင်မှ အခြားကြွက်များ အလွယ်တကူ ထပ်မံရောက်ရှိလာကာ ဆက်လက်ဖျက်ဆီးမည်သာဖြစ်သည်။ 

    ကြွက်သေရန် ကြွက်သတ်ဆေးနှင့် လူးနယ်ကြွေးမည့်အစာကို ဆေးမပါဘဲ အစာချည်းဆက်တိုက် ရက်ဆက်ကြွေးကာ စားသည့်အလေ့အကျင့်ရလာတော့မှ ထိုအစာကို ဆေးနှင့် လူးနယ်ကျွေးရန်ဖြစ်သည်။ လယ်ယာနီးအချင်းချင်းစုပေါင်းပြီး တစ်ချိန်တည်းတစ်ပြိုင်တည်း ညီညီညွတ်ညွတ်နှိမ်နင်းမှသာ အောင်မြင်မည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်