အုန်းပင် မြေဩဇာကျွေးနည်း

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

မြန်မာနိုင်ငံတွင် အုန်းပင်အား မြေဩဇာကျွေးခြင်း ဆိုသည်မှာ အတော်လေးစိမ်း၍ ပြုမူဆောင်ရွက်မှု နည်းနေသော ကိစ္စ ဖြစ်ပါလိမ့်မည်။ မြန်မာ့ရေမြေ သဘာဝပေး အခြေအနေကိုက အုန်းပင်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ရန် အခြေအနေပေးနေတာလည်း ပါပါလိမ့်မည်။ တနည်းအားဖြင့် စီးပွားဖြစ် အုန်းစိုက်ခင်းကြီးများမရှိ၍လည်း ဖြစ်နိုင်ပါသည်။ တပိုင်တနိုင် စိုက်ပျိုးကြသူအများစုသည်လည်း အုန်းပင်အား အုန်းတက်သမားတို့ဖြင့် အကိုင်းအခက် ရှင်းလင်း ပြင်ဆင်ခြင်းမျိုးသာ ပြုလုပ်လေ့ရှိပြီးမြေဩဇာကျွေးခြင်းအမှုကို များသောအားဖြင့် မပြုလုပ်ကြပေ။

အုန်းပင်သည် အခြားနှစ်ရှည် သစ်သီးပင်များ ကဲ့သို့မြေဩဇာ စနစ်တကျ ထည့်သွင်းပေးမှု လိုသော နှစ်ရှည်သီးပင် တစ်မျိုး ဖြစ်ပါသည်။ မြန်မာပြည်တွင် အုန်းပင်အား မြေဩဇာကျွေးမှုနှင့် မြန်မာ့ရေမြေ အနေအထား အတွက် သင့်တော်ထောက်ခံထားသော မြေဩဇာ နှုန်းထားများ မတွေ့ရသေးပေ။ ထို့ကြောင့် ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီး ဦးလှအောင် (ပါမောက္ခ (အငြိမ်းစား)၊ ဥယျာဉ်ခြံ သီးနှံ ပညာဌာန၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်) သီရိလင်္ကာနိုင်ငံသို့ အုန်းစိုက်ပျိုးရေးသွားရောက်လေ့လာခဲ့စဉ်က ရရှိခဲ့သော အုန်းပင်မြေဩဇာကျွေးနည်းနှင့် နှုန်းထားများကို စိတ်ဝင်စားသူများလေ့လာသိရှိနိုင်ရန် ရေးသား ဖော်ပြအပ်ပါသည်။

လိုအပ်သော မြေဩဇာများ

အုန်းပင်အား မြေဩဇာကျွေး၍ ယူရီးယား(Urea)၊ တီစူပါ (Triple Superphosphate)၊ ပိုတက်ရှ် (Potash) နှင့် ဆားခါး (Epson salt: Magnesium Sulphate) တို့ လိုအပ်ပါသည်။ ၎င်းတို့ (၄) မျိုးအစား ကွန်ပေါင်းမြေဩဇာများအသုံးပြုလျှင်လည်း ကောင်းမွန်ပါသည်။

ကျွေးရန် အချိန်နှင့် အကြိမ်

အုန်းပင်အား မြေဩဇာကျွေးရာတွင် နှုန်းထား နည်းနည်းဖြင့် အကြိမ် အရေအတွက် များများ ကျွေးခြင်းသည် အပင်မှ စုပ်ယူစားသုံးနိုင်မှု ပိုများပြီး မြေဩဇာကျွေးပြီးနောက် မိုးရွာမှုနှင့် တိုက်ဆိုင်လျှင် ပို၍ ကောင်းပါသည်။ သွင်းရေရရှိမည်ဆိုလျှင် တစ်နှစ်သုံးကြိမ်ခန့်ကျွေးသင့်ပါသည်။

- ပထမဆုံးအကြိမ်ကို မိုးဦးကျတွင် ကျွေးပါ။

- ဒုတိယအကြိမ်ကို မိုးနှောင်းတွင် ကျွေးပါ။

- တတိယ အကြိမ်ကို နွေရာသီလို ပူပြင်းခြောက်သွေ့သော ကာလများတွင် ကျွေးပြီးရေသွင်းပါ။

အပင်၏ သက်တမ်းအလိုက် မြေဩဇာနှုန်းထားများ

ယူရီးယား၊ တီစူပါနှင့် ပိုတက်တို့ကို ၁း၂း၃ အချိုးတိုင်း ရောစပ်ပါ။ အပင်၏ သက်တမ်းအလိုက် သုံးမျိုးရောစပ်ပြီးသား မြေဩဇာနှင့်ဆားခါး (အပင်ငယ်စဉ်တွင် ၁၀ဝ ဂရမ် သို့ ၆ ကျပ်သား/အပင်ကြီးတွင် ၂၀ဝ ဂရမ် သို့ ၁၂ကျပ်သား နှုန်းဖြင့်) တို့ကို ရောစပ်၍ တစ်ပင်အတွက် ဖော်ပြပါနှုန်းထား အတိုင်းကျွေးပါ။

အပင်သက်တမ်း (တစ်ပင်အတွက်နှုန်းထား)၂ နှစ်သား (၁.၅ ပေါင် သို့ ၄၃ ကျပ်သား)

- ၃ နှစ်သား (၂.ဝ ပေါင် သို့ ၅၆ ကျပ်သား)

- ၄ နှင့် ၅ နှစ်သား (၂.၅ ပေါင် သို့ ၇၁ ကျပ်သား)

- ၆-၇ နှစ်သားမှ ပန်းပွင့်ချိန်အထိ (၃.ဝပေါင် သို့ ၈၇ ကျပ်သား)

- အသီးသီးနေသောအပင် (ယူရီးယား ဝ.၃၇ ကီလိုဂရမ် (သို့) ၂၃ ကျပ်သား ၊တီစူပါ ဝ.၁၁ ကီလိုဂရမ် (သို့) ၇ကျပ်သား၊ ပိုတက် ဝ.၄၅ ကီလိုဂရမ် (သို့) ၂၈ ကျပ်သား)

မြေဩဇာကျွေးနည်းစနစ်များ

နည်းစနစ် (၁) အုန်းပင် ပတ်ပတ်လည်တွင် အချင်း၃ ပေခန့်ရှိသော စက်ဝိုင်းပုံ သဏ္ဍာန် အဝန်းအဝိုင်းအား နေရာ သတ်မှတ်ပါ။ ၎င်းသတ်မှတ်ပြီး အဝန်းအဝိုင်းအား၃ လက်မ အကျယ် နှင့် ၆ လက်မအနက်ရှိသော မြောင်းကလေးဖြစ်အောင် တူးပါ။ ထို့နောက် ၎င်းမြောင်းကလေးထဲသို့ ရောစပ်ပြီးသား မြေဩဇာများကို ညီညာစွာ ထည့်သွင်းပါ။ ပြီးလျှင် ထိုမြောင်း ကလေးအား မြေဆွေး/ နွားချေးဆွေးတို့ဖြင့် ပြန်၍ ဖုံးပါ။

နည်းစနစ်(၂) အုန်းပင်၏ အရိပ်အဝန်းအဝိုင်း(Canopy) အတွင်း သံတူရွင်းဖြင့် ၁ ပေ/၁ ပေခွဲခန့် ရှိသော အပေါက်ကလေးများအဖြစ် အုန်းပင်ပတ်လည် လိုက်လံ တူးပါ။ ထို့နောက် ၎င်းကျင်း ကလေးများအတွင်းသို့ ရောစပ်ပြီးသား မြေဩဇာများ ထည့်ပါ။ ပြီးလျှင် ၎င်းကျင်းကလေးများအား မြေဆွေး/နွားချေးဆွေးတို့ဖြင့် ပြန်၍ ဖြည့်ပါ။ ဤနည်းစနစ်သည် မြက်ခင်းများကြားတွင် အလှစိုက်ထားသော အုန်းမျိုးနွယ်ဝင် အပင်များအတွက် အသုံးပြုရန် သင့်တော်သော နည်းစနစ် ဖြစ်ပါသည်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

(ဒို့ကျေးရွာဂျာနယ် (အတွဲ (၄)၊ အမှတ်(၁)၊ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်) တွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါးဖြစ်ပါတယ်။ သရုပ်ဖော်ပုံများရေးဆွဲပေးခဲ့သောသူငယ်ချင်း ဦးရာဇာဟိန်း (လ/ထ ကထိက၊ စိုက်ပျိုးစီးပွားပညာဌာန) အား ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါတယ်။)

မှီငြမ်း။ ။Fertilizer Application to Coconut Palm (3rd Year Practical Guide, Dept. ofHorticulture, YAU)

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်