အသေးစားချေးငွေလုပ်ငန်းဖြင့် ချင်းပြည်နယ် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

22/12/2017 14:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 

 အစားအစာနဲ့ ဝင်ငွေတွေကို ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းဖြင့် အဓိကရရှိနေပေမယ့် မြေသားပျက်ဆီးခြင်းနဲ့ အထွက်နှုန်းကိုပါ ထိခိုက်စေတဲ့အတွက် လှေကားထစ်စိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့တဲ့အခါမှာ စိန်ခေါ်မှု တွေရှိခဲ့တဲ့အပြင်၊ အသေးစားချေးငွေတွေအပေါ်မှာ မှီခိုပြုမူနေကြရတဲ့ ချင်းပြည်နယ် တောင်သူတွေရဲ့ အခက်အခဲ အခြေအနေကို သွားရောက်မေးမြန်းထားတဲ့ အင်တာဗျူး အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဤအစီအစဉ်လေးကို UNESCO, LIFT , မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

 ဇင်ဝိုင်း။ ။သောတရှင်များခင်ဗျာ။ ဒီတစ်ပတ်အစီအစဉ်ကနေ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည် နယ်မှာရှိတဲ့ ချင်းတောင်သူတွေအတွက်အစားအစာနဲ့ဝင်ငွေတွေကို ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအားဖြင့် အဓိကရရှိနေတယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အဲဒီရွှေ့ပြောင်းတောင်ယာစနစ်ဟာ မြေဆီမြေသြဇာအရည်အသွေး ကျဆင်းခြင်းနဲ့ အထွက်နှုန်းအပါအဝင် သဘာဝပတ်ဝန်းကျင်ကိုပါထိခိုက်ပျက်ဆီးစေတဲ့ အတွက်ကြောင့်၊ လှေကား ထစ် စိုက်ပျိုးရေးစနစ်ကို ပြောင်းလဲလုပ်ကိုင်ခဲကြပါတယ်။ ပြောင်းလဲလုပ်ကိုင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရလဲ၊ ဘယ်လိုအကူအညီအထောက်အပံ့တွေရရှိခဲ့တယ်၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ် ပေါ်လာနိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ တွေ့ကြုံနေရပြီးတော့ အသေးစားငွေချေးပေါ်မှာ ဘယ်လိုမှီခိုမှုပြုနေရသလဲ ဆိုတာတွေကို မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင်က ချင်းပြည်နယ်သို့ ကိုယ်တိုင်သွားရောက် လေ့လာ မေးမြန်းထားတာတွေကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

 နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင်…လှေခါးထစ်စိုက်ပျိုးနည်း ပေါ်ပေါက်လာတဲ့အခါမှာ လှေခါးထစ်တူးဖော်ပြီး စပါး စိုက်ပျိုးလာကြတဲ့အတွက် အစာဖူလုံမှုရှိလာပြီး ယခင်က စားတဲ့ပြောင်းဖူးကို ပြန်လည်ရောင်းချခဲ့တာ ဖြစ်တဲ့အတွက် ပုံမှန်ဝင်ငွေရရှိလာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ GRET နဲ့ ဒေသခံ NGO အဖွဲ့တစ်ခုဖြစ်တဲ့ CORAD တို့က တောင်သူတွေကို လှေခါးထစ်စိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရန် ချင်းပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာ ပေါင်း (၁၈၅) ရွာတွင် လှေကားထစ်စိုက်ခင်းတွေကို ထူထောင်ခြင်းနှင့် အဲ့ဒီစိုက်ခင်းတွေကို ရေသွင်း စိုက်ပျိုးတဲ့ စိုက်ပျိုးရေးသင်တန်းပေး အစီအစဉ်တွေကိုလည်း ဒေသခံတောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ အစားအစာဖူလုံမှုတိုးတက် ကောင်းမွန်လာစေရန် ကူညီလုပ် ဆောင်ပေးနေတယ်လို့ ဒေသခံ NGO အဖွဲ့တစ်ခုဖြစ်တဲ့ CORAD လို့ခေါ်တဲ့ တောင်ဇလပ်ပန်းများ လူမှုရေးအဖွဲ့မှ Operation Manager ဦးကီးလ်သူက အခုလိုပြောပါတယ်။

ဦးကီးလ်သူ။ ။ လှေကားထစ်တူးမယ်ဆိုရင် ဘယ်လိုလှေကားထစ်တူးမလဲဆိုတဲ့ ပုံစံလေးတွေ သင်ပေးတယ်။ နောက် ရေအရင်းအမြစ်ကို ဘယ်လိုထိန်းသိမ်းပေးမလဲ၊ ရေကိုဘယ်လိုသွယ်ယူရမလဲ၊ ဘယ်လိုတွက်ချက်မလဲ၊ ဘယ် လိုသွယ်နိုင်သလဲဆိုတာ သင်ပေးတယ်။ SRI ဆိုတာ ပျိုးသက်နုလေးကို တစ်ပင်ချင်း စိုက်တဲ့စနစ်ပါပဲ။ ပထမအဆင့် က မျိုးစေ့ကို သေချာရွေးတဲ့စနစ်။ မျိုးစေ့ကို ဘာနဲ့ရွေးသလဲဆိုတော့ ရေနဲ့ ကြက်ဥနဲ့ ဆားနဲ့ မျိုးစေ့ကို သန့်အောင်ရွေး တယ်။ နောက်တစ်ချက် ပျိုးခင်းမှာလည်း စနစ်တကျပျိုးကောင်းအောင် သဘာဝမြေဆွေးလိုဟာမျိုး၊ နောက်တစ်ချက် က ပျိုးနှုတ်တဲ့အခါမှာ ဂရုစိုက်ရမယ့်အချက်တွေရှိတယ်။ ပုံမှန်နှုတ်တဲ့အတိုင်းမဟုတ်ပဲနဲ့ ဂေါ်ပြားလေးနဲ့ အမြစ်တွေ မနာအောင်ကော်ပြီးတော့ မိနစ် (၃၀) အတွင်း ပြန်စိုက်ရတယ်။ နလန်ထူတာ မြန်တာပေါ့နော်။ ပြောင်းစိုက်တဲ့အချိန် မှာ ရေက ဆိုရုံကလေးပါပဲ။ ပေါင်းရှင်းတာ (၁၅) ရက် တစ်ကြိမ်နဲ့ အနည်းဆုံး (၃) ကြိမ်လောက်ရှင်းသင့်တယ်ပေါ့ နော်။ အဲ့လိုလုပ်တယ်ဆိုရင်တော့ အထွက်က အများကြီးတိုးတက်တယ်။

 နွဲ့နွဲ့ခိုင်။ ။ ပြင်သစ်နိုင်ငံက GRET အကူအညီဖြစ်တဲ့ အသေးစားချေးငွေလုပ်ငန်းကလည်း ချေးငွေအမျိုးအစား အကြောင်းကို အခုလို ရှင်းပြပါတယ်။

GRET။ ။ ချေးငွေနဲ့ စိုက်ပျိုးရေး မွေးမြူရေး တစ်နိုင်တစ်ပိုင်လေးတွေ လုပ်နိုင်ပါတယ်။ ချေးငွေအမျိုးအစားတွေက တော့ တစ်ခုက အုပ်စုလိုက်ချေးငွေ၊ တစ်ခုက အသေးစားလုပ်ငန်းချေးငွေပေါ့။ နောက်တစ်ခုကတော့ Wholesale လို့ ခေါ်ပါတယ်။ အတိုးနှုန်းက တစ်ရာကို၂ကျပ်ခွဲပါ။ အုပ်စုလိုက်ချေးမယ်ဆိုရင် အုပ်စုလိုက် ၅ဦး အဖွဲ့ ဖွဲ့ရတယ်။ နောက် အသေးစား လုပ်ငန်းချေးငွေကတော့ သူတို့အုပ်စုဖွဲ့ဖို့မလိုဘူး၊ ကျေးရွာအသေးစားချေးငွေလုပ်ငန်းမှာ တစ်နှစ်ချေးဖူးတဲ့ သူတွေအတွက် အတိုးအရင်းဆပ်ဖူးတဲ့ ပြဿနာမရှိတဲ့လူ၊ အဲတာမျိုးဆိုရင် အသေးစားငွေချေးလို့ရပါတယ်။ လှေကား ထစ်ဆိုတာ ငွေလုံးငွေရင်းတအားများတဲ့ဟာဖြစ်ပြီးတော့ ရင်နှီးမြှုပ်နှံထားတာနည်းပါးတယ်။ ဒါပေမယ့် စိုက်ခင်းတွေမှာ မျိုးစေ့ကို များများပြန်ဝယ်နိုင်တယ်။ လုပ်အားကို များများထည့်သွင်းနိုင်တယ်။ နောက်ပြီးတော့ ကြက်တွေဝယ်ပြီး မြို့ပေါ်တက် ရောင်း၊ အဲဒါတွေကကျွန်တော်တို့ အထောက်အကူပြုလုပ်ငန်းတွေပေါ့။ ငွေကြေးများများကုန်ကျတော့ ဒီလို လှေကားထစ်တွေတူးတာဖေါ်တာတို့ လုပ်ကိုင်တာနည်းပါးတယ်။ နောက်ပိုင်းဆိုရင် အလတ်စားချေးငွေတွေ လာမလား။ နိုင်ငံတော်ကလည်း တအားအားပေးတော့လေ။ ကျွန်တော်တို့ တစ်ခုခုပြန်ပြီးစဉ်းစာရ မယ်ထင်တယ်။ ရင်ဆိုင်နေရတဲ့ အခက်အခဲက လမ်းပန်းဆက်သွယ်ရေးပါပဲ။ မိုးများပြီး လမ်းပိတ်သွားတာတို့ဆိုရင် တကယ် အဆက် အသွယ်ပြတ်ပြီး ကုန်တွေသူတို့လိုချင်သလောက် မရောင်းရပါဘူး။ အဲ့ဒီတစ်ခုက အခက်အခဲထဲမှာ အကြီးဆုံးပါပဲ။

 

နွဲ့နွဲ့ခိုင်။ ။ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကနေ လှေကားထစ်စိုက်ပျိုးရေးစနစ်ကို ပြောင်းလဲလုပ်ကိုင်ခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာကို ကောင်းမွန်စွာထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အားသာချက်တွေကို တွေ့ရှိ ရသလို ပြောင်းလဲလုပ်ကိုင်ခြင်းအားဖြင့် ငွေကြေးအကုန်အကျများခြင်းနဲ့ မြေယာအသုံးချမှု စည်းမျဉ်းစည်းကမ်း တွေကဲ့သို့သော စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရသလို အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပါဝင်လာမှုအကြောင်းနဲ့ GRET အဖွဲ့ရဲ့ လုပ်ဆောင်ပေးနေတဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ GRET အဖွဲ့ရဲ့ Project Manager မြူရီယယ် မောရစ်ဆင် က အခုလိုပြောပါတယ်။

မြူရီယယ်မောရစ်ဆင်။ ။ Project မန်နေဂျာအဖြစ် ဆောင်ရွက်နေတာဖြစ်တယ်။ GRET အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က အသေးစားငွေချေးလုပ်ငန်းတွေ စတင်ဖို့အတွက် စတင်တည်ထောင်ခဲ့တယ်။ မြို့နယ် (၂၃) ခုမှာ စတင်ခဲ့တယ်။ Micro Finance Institute MFI ကိုတည်ထောင်ခဲ့တယ်။ MFI ကို အခုအခါမှာ ချင်းလူမျိုးတွေပဲ စီမံ အုပ်ချုပ်တယ်။ ချေးငွေတွေကို မွေးမြူရေးကဏ္ဍတွေမှာသုံးတယ်။ ဟင်းသီးဟင်းရွက်ခြံ၊ လှေကားထစ်စိုက်ပျိုးရေး၊ ဈေးဆိုင်ငယ်လေးတွေ အဲဒီနေရာတွေမှာအသုံးပြုတယ်။ လှေကားထစ်စိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်ဖို့အတွက် ဒီရေသဲစနစ်ကိုလည်း ချေးပေးတာဖြစ်တဲ့အတွက်ကြောင့် သူတို့အတွက်လည်း အထောက်အကူ ဖြစ်စေတယ်။ အရင်ကဆိုလို့ရှိရင် အမျိုးသမီး (၃၀) ရာခိုင်နှုန်းပဲပါဝင်နေပြီးတော့ အခုအခါမှာ အမျိုးသမီး (၆၅) ရာခိုင်နှုန်းအထိ ပါဝင်မှုရှိနေပြီဖြစ်ပါတယ်။ ဒီလိုမျိုးတွေရှိနေတဲ့အတွက်ကြောင့် လူတွေမှာကျန်းမာရေးပိုပြီး တိုးတက်လာပါတယ်။ အခုအခါဆိုရင် အသေးစားချေးငွေလုပ်ငန်းတွေ ချေးလာတဲ့အခါကျတော့ ငွေကြေးသုံးစွဲမှုကလည်း ပြန်ပြီးကျွမ်းကျင် လာတယ်။ ကျန်းမာရေးကိုလည်း ပိုပြီးဂရုစိုက်နိုင်တယ်။ ဝင်ငွေရလာတဲ့အတွက်ကလေးတွေကို ကျောင်းတွေထား နိုင်တယ်။ အသေးစားချေးငွေတွေကြောင့် ရွာသူရွာသားတွေရဲ့ဘဝမှာ ကျန်းမာရေးနဲ့ပညာရေးကို အထူးတိုးတက် လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ကြီးမားတဲ့အကြီးစားစိန်ခေါ်မှုကြီးကတော့ လူငယ်တွေက ချင်းပြည်နယ်ကနေ တခြားပိုထွက်တယ်။ အလုပ်တွေသွားလုပ်ကြတယ်။ ဒီလိုမျိုးသွားလုပ်ကိုင်တဲ့အခါမှာ သူတို့ အခက်အခဲတွေအများကြီး အခုဆိုရင် ချင်းပြည်နယ်မှာ စားနပ်ရိက္ခာဖူလုံမှုတွေ ဝင်ငွေရရှိမှုတွေကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ချင်းပြည် နယ်မှာ စိုက်ပျိုးရေးဆိုတာ အင်မတန်ခက်ခဲတယ်။ ပထဝီအနေအထားအရဖြစ်ဖြစ် ရာသီဥတုအခြေအနေဖြစ်ဖြစ် စိုက်ပျိုးရေးဆောင်ရွက်မယ်ဆိုရင် အင်မတန်မှခက်ခဲပါတယ်။ လှေကားထစ်စိုက်ပျိုး ရေးဆိုရင်လည်းဒီလူငယ်တွေဟာ စိတ်မဝင်စားကြတော့ဘူး။

နွဲ့နွဲ့ခိုင်။ ။ ချင်းပြည်နယ်မှာ များသောအားဖြင့် တောင်ကုန်းတောင်တန်းပေါ်များသလို စိုက်ပျိုးရေး လုပ်ငန်းမှာလည်း ရွှေ့ပြောင်းတောင်ယာစနစ်ကို ဒီကနေ့အချိန်အထိ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အခုဆိုရင် သစ်တောပြုန်းတီးမှု အပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေနဲ့ပါ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ အခု စိုက်ပျိုးနေတဲ့ ကုန်စည်တွေထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်း၊ ပိန်းဥ၊ စပျစ် နဲ့ ထောပတ်သီးတို့ ပါဝင်ပြီးတော့ အဲ့ဒီအထဲမှာမှ ပိန်းဥနဲ့ စပျစ်သီးဟာပိုမိုအထွက်ကောင်းပါတယ်။ အထူးသဖြင့် ဟားခါးမြို့နယ် ချွန်းကျွန်းကျေးရွာ မှာ ဂျင်းထွက်ရှိပြီး အခုအခါမှာ ပိုလျှံဝင်ငွေရရှိတဲ့ အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲတာပဲ ဖြစ်ပါတယ်။ စိုက်ပျိုးမြေ နည်းပါးခြင်း၊ နည်းပညာ ပိုင်းအရ သုတေသနလုပ်ငန်းတွေမှာ အားနည်းချက်ရှိနေခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ နည်းပါးခြင်းတွေက နောက်ထပ် စိန်ခေါ်မှုနောက်တစ်ရပ် ဖြစ်နေတဲ့အကြောင်း ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးမာန်ဟင်းဒါးလ်က အခုလို ပြောပြပါတယ်။

 ဦးမာန်ဟင်းဒါးလ် (ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့)။ ။ ကျွန်တော်တို့ ချင်းပြည်နယ်က အဆင်းရဲဆုံးဆိုပြီးတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းဘဲ ကျွန်တော်တို့ ဘာလို့ ဆင်းရဲသလဲ။ အဓိကက လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမြေ မရှိတာရယ်၊ နောက်ပြီးတော့ နည်းပညာမရှိတာ ရယ်၊ ရင်းနှီးမြုပ်နှံမှု မရှိတာရယ်ဆိုတော့ အဲဒါတွေကို ချက်ချင်းတော့ ပြောင်းလဲလို့မရပါဘူး။ တဖြည်းဖြည်းနဲ့ အောင်မြင်အောင်လုပ်သွားမယ်။ စီမံကိန်းရေးဆွဲပြီးတော့ နိုင်ငံတော်၊ နိုင်ငံတကာ အဖွဲ့အစည်းကရော တော်တော် များများ ပံ့ပိုးမှ ၄၊ ၅ နှစ်အတွင်းမှာ အခြေခံလေးတော့ ရမယ်လို့ ယူဆတယ်။

နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင် လက်ရှိမှာတော့ ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက် နေပါတာကို တွေ့မြင်ရပါတယ်။ အခုကြားခဲ့ကြတဲ့အတိုင်း ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းတွေက လည်း စိုက်ပျိုးမွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ဒေသခံအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက် နေတာကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အရင်ကထက်တောင် ကောင်းမွန်လာမှာ ဖြစ်ပါတယ်ရှင်။

ဇင်ဝိုင်း။ ။သောတရှင်မျာခင်ဗျာ။ ပြင်သစ်နိုင်ငံအခြေစိုက် GRET အကူအညီဖြစ်တဲ့ အသေးစားငွေချေးလုပ်ငန်းက ချင်း လူမျိုးတွေရဲ့နေထိုင်ဖို့အခြေအနေနဲ့ အမျိုးသမီးကဏ္ဍကို မြှင့်တင်ခဲ့မှုအပါအဝင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးနည်းက နေ လှေကားထစ်စိုက်ပျိုးနည်းကို ပြောင်းလဲလိုက်တဲ့အတွက် ချင်းလူမျိုးတွေရဲ့အစားအစာ ဝင်ငွေရရှိမှု ဆိုင်ရာ လုံခြုံမှုတွေနဲ့ ချင်းလူမျိုးတွေ ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေအကြောင်း တွေကိုထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ သောတရှင်တောင်သူဦးကြီးတွေလည်း ဒီအစီအစဉ်ကိုကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ လာမယ့်သတင်းအပတ်တွေမှာ လည်း ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေ တင်ဆက်ပေးသွား မလဲဆိုတာစောင့်မျှော်နားဆင်ကြပါအုံးခင်ဗျာ။ သောတရှင်များအားလုံး အကြားအမြင် ဗဟုသုတ ပြည့်ဝကြပါစေ ခင်ဗျာ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်