စက်မှု လယ်ယာ စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဌာနဆိုင်ရာများ၏ အကူအညီ ရယူကြပါစို့

22/12/2017 14:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 

မြန်မာနိုင်ငံမှာလယ်ယာလုပ်ငန်းခွင်လုပ်သားရှားပါးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကိုစက်စွမ်းအားသုံးဖြေရှင်းနိုင်ဖို့ စက်မှုလယ်ယာစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုလယ်ယာစနစ်ရဲ့ အဓိကသွင်းအားစုဖြစ်တဲ့ လယ်ယာသုံးစက်ကိရိယာတွေကိုတောင်သူတွေအနေနဲ့ ဝယ်ယူအသုံးပြုချင်ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဒီလိုအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ဌာနဆိုင်ရာတွေက ကြိုးပမ်းဆောင်ရွက်ပေးနေတာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးထားခြင်း ဖြစ်ပါတယ်။

သောတရှင်များခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလယ်ယာလုပ်ငန်းခွင်လုပ်သားရှားပါးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကိုစက်စွမ်းအားသုံးဖြေရှင်းနိုင်ဖို့ စက်မှုလယ်ယာစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုလယ်ယာစနစ်ရဲ့ အဓိကသွင်းအားစုဖြစ်တဲ့ လယ်ယာသုံးစက်ကိရိယာတွေကိုတောင်သူတွေအနေနဲ့ ဝယ်ယူအသုံးပြုချင်ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဒီလိုအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ဌာနဆိုင်ရာတွေက ကြိုးပမ်းဆောင်ရွက်ပေးနေတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အသံရဲ့ အကြီးတန်းအယ်ဒီတာမကေသွယ်ဝင်းကဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

(ကေသွယ်ဝင်း)။ ။လယ်ယာသုံးစက်ကိရိယာတွေပိုင်ဆိုင်ဖို့ဘယ်လိုလုပ်ကိုင်ဆောင်ရွက်သင့်တယ်ဆိုတဲ့အကြောင်းပါ..စက်ကိရိယာမပိုင်ဆိုင်သေးတဲ့မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်အောင်သူရွာကတောင်သူဦးမောင်ဝင်းကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့လယ်ထွန်စက်ဝယ်ယူနိုင်ခဲ့တဲ့ပျဉ်းမနားမြို့နယ်ပြန်ကပြင်းကျေးရွာကတောင်သူဦးစိန်တို့ရဲ့အဆင်ပြေလာမှုအကြောင်းဖြစ်ပါတယ်…..

 ဦးမောင်ဝင်း။             ။ဦးတို့အနေနဲ့ လိုအပ်ချက်တွေကပထမငွေကြေးလိုတယ်၊ ဒုတိယအနေနဲ့ကတော့ မိုးခေါင်တော့ ကျေးရွာတွေမှာရွှေ့ပြောင်းလုပ်သားတွေများသွားသည့် အတွက် အလုပ်သမားလည်းကရှားပါးသွားတယ်။စပါးရာသီရောက်တဲ့အချိန်မှာအလုပ်သမားရှားပါးသွားတာရယ်၊အလုပ်သမားဈေးမြင့်တက်တာရယ်ကြောင့် လက်မှုလယ်ယာကနေစက်မှုလယ်ယာစနစ်ကိုသွားနေတဲ့အချိန်မှာ နိုင်ငံတော်အနေနဲ့ကစက်တွေထောက်ပံ့ပေးမယ်၊ အကြွေးစနစ်နဲ့ချပေးမယ်ဆိုရင် ဦးတို့တောင်သူတွေအနေနဲ့ အသက်ရှုပေါက်ချောင်လိမ့်မယ်လို့ ဦးထင်ပါတယ်။ 

(ကေသွယ်ဝင်း)။ တောင်သူဦးမောင်ဝင်းပြောပြတဲ့အခက်အခဲတွေပဲဖြစ်ပါတယ်..လက်မှုလယ်ယာကနေစက်မှုလယ်ယာဆီကူးပြောင်းနိုင်ခဲ့တဲ့တောင်သူဦးစိန်ကတော့

ဦးစိန်။ ။စက်မှုလယ်ယာနဲ့ဆက်သွယ်ပြီးတော့မှ အရစ်ကျဝယ်လိုက်တာပါ။ ဝယ်လိုက်တော့ ကျွန်တော်တို့ အစစအရာရာအဆင်ပြေသွားပါတယ်။ မြေယာကွက်ပေါ်မှာအနိမ့်အမြင့်မညီတာလေးတွေကအစအစူးပေါ့တာ၊ အစူးနစ်တာကအစစိတ်တိုင်းကျ လုပ်ရတော့ တော်တော်ကိုဝမ်းသာမိပါတယ်။ ဒီစက်ရောက်လာတော့ လူခေါ်ရတာကအစလျော့နည်းလာတာပေါ့၊ အရင်တုန်းက ၅ ယောက်ခေါ်ရင် အခု ၂ ယောက်၊ ၁ ယောက်လောက်ပဲခေါ်ရတော့တယ်၊ လူရှာရတာလည်းလွယ်လာတာပေါ့၊ ကုန်ကျစရိတ်လည်းသက်သာတာပေါ့။ 

ကေသွယ်။ ။စက်ဝယ်လိုက်ရုံနဲ့မပြီးဘဲစက်ကိုအသုံးပြုတဲ့အခါကုန်ကျမယ့် ကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီးတောင်သူဦးစိန်ကအခုလိုပြောပါတယ်…

အခုတော့ လောလောဆယ်တော့ အငှားမောင်းတဲ့ Driver ပေါ့။ ဧကချိုးနဲ့ပေးရတယ်။ တစ်ဧကပြီးရင် သူ့ကိုထောင့်ငါးရာ (၁၅၀၀) ပေးရတယ်။ နောက်ပြီးတစ်ဧကကို Diesel က အနည်းဆုံး ၂ ဂါလန်လောက်တော့ ကုန်ကျစရိတ်ရှိပါတယ်။ 

ကေသွယ်။ ။ကိုယ်ပိုင်စက်ဝယ်ယူလိုက်တာနဲ့ပတ်သက်ပြီးရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့အခုစက်ဝယ်လိုက်တော့ သီးနှံကိုရာသီမီမီလုပ်ကိုင်ရတာပေါ့ဗျာ။ သူများတွေလိုထယ်ရှဉ်းတွေ ပြင်ပစက်တွေကိုငှားရမယ့် အချိန်ကျ ကျွန်တော်တို့မယ်စောင့်ရတော့ ရာသီမမီနိုင်ဘူးပေါ့၊ အခုကျတော့ စက်ဝယ်ပြီးတော့ ရာသီမီမီလုပ်စားနိုင်ပါတယ်။ 

(ကေသွယ်ဝင်း) ။ ။ တောင်သူတွေ လယ်ယာသုံးစက်ကိရိယာတွေကိုအဆင်ပြေပြေဝယ်ယူပိုင်ဆိုင်နိုင်အောင် လက်ငင်းစနစ်၊ အရစ်ကျစနစ်တွေနဲ့ စက်မှုလယ်ယာဦးစီးဌာနမှ ရောင်းချပေးတဲ့အကြောင်းနဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားတွေ နဲ့ပတ်သက်ပြီးစက်မှုလယ်ယာဦးစီးဌာန၊ သုတေသနနှင့် နည်းပညာဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုမောင်ကခုလိုပြောပါတယ်။

ဦးကိုကိုမောင်။ ။ဌာနအနေနဲ့ကတော့ လက်ငင်းစနစ်ရယ်၊ ၂ နှစ် သုံးရစ်ပေါ့နော် အရစ်ကျစနစ်ရယ် ကျွန်တော်တို့က ဖြန့်ဖြူးရောင်းချပေးပါတယ်။ လက်ငင်းစနစ်ကတော့လည်းသာမန်အားဖြင့် လျှောက်လွှာလေးနဲ့ တောင်သူဖြစ်ကြောင်းဆိုလို့ရှိရင် လက်ငင်းနဲ့ရောင်းပါတယ်။ အရစ်ကျဆိုရင်တော့ သူ့ရဲ့လယ်ယာမြေပိုင်ဆိုင်မှုရယ်၊ ပိုင်ဆိုင်မှုပစ္စည်းပေါ့နော်၊ ဥပမာအိမ်သော်လည်းကောင်း၊ နောက်တစ်ခါ အာမခံတဲ့သူနှစ်ဦးရှိရပါမယ်၊ အာမခံတဲ့သူနှစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေပေါ့၊ ကျွန်တော်တို့ ပုံစံရှိပါတယ်၊ စာချုပ်ပုံစံရော၊ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အထောက်အထားပုံစံတွေ တင်ပြပြီးတဲ့အခါမှာ ကျွန်တော်တို့ အရစ်ကျရောင်းပေးပါတယ်။ 

(ကေသွယ်ဝင်း)။ ။ တောင်သူတွေအနေနဲ့ လယ်ယာသုံးစက်ကိရိယာတွေကိုဝယ်ယူချင်တယ်ဆိုရင် မိမိတို့သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ စက်မှုလယ်ယာစခန်းတွေနဲ့ ဆက်သွယ်ပြီးလက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေဝယ်နိုင်ပြီဖြစ်ပါတယ်။ အရစ်ကျဝယ်ယူမယ်ဆိုရင် ပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကိုကနဦးပေးချေရမယ်လို့ သိရပါတယ်။ ဒါ့အပြင်စက်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုကနဦးပေးသွင်းပြီးကျန် ၉၀ ရာခိုင်နှုန်းကို ၃ နှစ်အတွင်း ၆ ရစ်ခွဲပြီးပေးချေရမယ့် စနစ်နဲ့လည်းဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။ 

(ကေသွယ်ဝင်း)။ ။တောင်သူတွေအနေနဲ့ စက်ကိရိယာတွေကိုပိုင်ဆိုင်သွားပြီဆိုရင် စက်တွေကိုစနစ်တကျ မောင်းတတ်ဖို့၊ ထိန်းသိမ်းပြုပြင်တတ်ဖို့အရေးကြီးပါတယ်။ ဒီလိုစနစ်တကျ မောင်းနှင်၊ ထိန်းသိမ်းပြုပြင်တတ်ဖို့ တောင်သူတွေကိုလေ့ကျင့်သင်ကြားပေးနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာရှိတဲ့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းကိုသွားရောက် လေ့လာခဲ့ပါတယ်။

(သင်တန်းခန်းသံ၊ ထွန်စက်သံ၊ စက်ပြင်ခန်းမအသံ)

ကေသွယ်။ ။တောင်သူတွေအနေနဲ့ ဒီသင်တန်းကိုတက်ရောက်သင့်တဲ့အကြောင်းစက်မှုလယ်ယာသင်တန်းကျောင်း (ဗဟို)ရဲ့ ကျောင်းအုပ်ကြီးဦးအောင်စိုးကခုလိုပြောပါတယ်။

ဦးအောင်စိုး။ ။ဒီစက်တွေသူတို့လက်ထဲရောက်သွားပြီဆိုလို့ရှိရင်မောင်းနှင်ထိန်းသိမ်းမှုအတတ်ပညာတို့၊ နောက်တစ်ခါ ဒီစက်တွေကိုကြံ့ခိုင်ထိန်းသိမ်းမှု လုပ်တဲ့အတတ်ပညာတို့ ပြုပြင်တာတို့ ဒါတွေကအရေးကြီးပါတယ်။ ဒါတွေတတ်ထားမှဖြစ်မှာပါ။ ဒီစက်မှုလယ်ယာပညာရပ်တွေ တတ်ထားဖို့အတွက်က ကျွန်တော်တို့ သင်တန်းတွေ မဖြစ်မနေဖွင့်လှစ်ပေးဖို့လိုပါတယ်။ နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ safety ပေါ့…ဘာသာရပ်တွေထဲမှာဘေးအန္တရာယ်ကင်းစင်ရေးဘာသာရပ်ကိုထည့်သွင်းသင်ကြားပေးပါတယ်…

ကေသွယ်ဝင်း။ ။ အခြေခံပညာအလယ်တန်းအဆင့်ရှိတဲ့အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ တောင်သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် စက်မှုလယ်ယာစခန်းတွေမှာလျှောက်လွှာတင်သွင်းပြီးဒီသင်တန်းကိုအခမဲ့တက်ရောက် နိုင်တဲ့အကြောင်းကျောင်းအုပ်ကြီးဦးအောင်စိုးကဆက်ပြောပါတယ်။

ဦးအောင်စိုး။ ။လယ်သမားတွေ၊ တောင်သူတွေ ကျွန်တော်တို့သင်တန်းကိုတက်နိုင်ဖို့အတွက် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးတွေမှာရှိတဲ့ စက်မှုလယ်ယာတိုင်းဦးစီးမှူးရုံးတွေ၊ ပြည်နယ်ဦးစီးမှူးရုံးတွေ ကနေတစ်ဆင့် သက်ဆိုင်မြို့နယ်စက်မှုလယ်ယာစခန်းတွေကနေတစ်ဆင့် လယ်သမားတွေ၊ တောင်သူတွေ ကျွန်တော်တို့သင်တန်းကိုတက်နိုင်ဖို့အတွက် သူတို့ကစုဆောင်းရွေးချယ်ကြပါတယ်။ အဲ့ဒီလိုလျှောက်လွှာတင်လျှောက်တဲ့ ကျွန်တော်တို့ရဲ့ သတ်မှတ်တဲ့ - ကျန်းမာရေးကောင်းမွန်မှုရှိရမှာတို့၊ အခြေခံပညာအလယ်တန်းအဆင့်ရှိရမှာတို့၊ နောက် အသက်က ၁၈ နှစ် နဲ့ ၃၅ အကြားရှိတယ်ဆိုရင် လက်ခံပြီးတော့ ကျွန်တော်တို့ကသင်ပြပေးပါတယ်။ သင်တန်းကြေးအနေနဲ့ကတော့ ကျွန်တော်တို့ သတ်မှတ်ထားခြင်းမရှိပါဘူး။ နိုင်ငံတော်ကပဲအကုန်အကျခံပါတယ်။ ဒီမှာသင်တန်းသားတွေရဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအားလုံး၊ နောက် စာအုပ်စာတမ်းကအစဌာနကပဲအားလုံးပံ့ပိုးပါတယ်။ 

(ကေသွယ်ဝင်း)။ ။ ဒီသင်တန်းမှာတက်ရောက်နေတဲ့သူတွေကအမျိုးသားတွေပဲရှိလို့ အမျိုးသမီးမရှိဘူးလားလို့မေးကြည့်လိုက်တဲ့အခါမှာတော့

ဦးအောင်စိုး။ ။လက်ရှိမှာတော့ တောင်သူသင်တန်းအနေနဲ့ကတော့ အမျိုးသမီးကိုလက်ခံပြီးတော့ ဖွင့်လှစ် ပေးနေတာတာ့ မရှိသေးပါဘူး။သို့သော်လည်းပဲ ၂၀၀၀ ခုနှစ်လောက်ကအမျိုးသမီးသင်တန်းဖွင့်လှစ်ခဲ့ပေးဖူးပါတယ်။လောလာဆည်ဖွင့်လှစ်နိုင်မယ်အနေအထားမရှိသေးပေမဲ့တက်ရောက်လိုတဲ့အမျိုးသမီးတွေရှိတယ်ဆိုရင်ဖွင့်လှစ်ပေးဖို့အစီအစဉ်ရှိပါတယ်။

ကေသွယ်။ ။သင်တန်းကာလနဲ့ပတ်သက်ပြီးတောင်သူဦးအောင်စိုးက

ဦးအောင်စိုး။ ။တောင်သူသင်တန်းတွေအနေနဲ့ကတော့ သင်တန်းကာလတစ်နှစ်ကိုအကြမ်းဖျင်းတော့ (၆) ကြိမ်ဖွင့်ပါတယ်၊ ခြောက်ကြိမ်မှာ ကျွန်တော်တို့ကလယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုအထူးသင်တန်း (၄) ကြိမ်ဖွင့်ပြီးတော့ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှုသင်တန်းဆိုပြီးတော့ (၂)ကြိမ်ဖွင့်ပါတယ်။ ဒီလိုသင်တန်းတွေကစဉ်ဆက်မပြတ်ဖွင့်ပေးဖို့လိုပါတယ်။ ဒီလိုဖွင့်ပေးခြင်းအားဖြင့် လယ်သမားတစ်ယောက်သည် သူပိုင်ထားတဲ့၊ သူဝယ်ထားတဲ့စက်သော်လည်းကောင်း၊ သူမောင်းနှင်နေတဲ့ စက်သော်လည်းကောင်း၊ လယ်ယာလုပ်ငန်းမှာသူအသုံးချနေတယ်ဆိုရင် ဒီစက်သက်တမ်းက (၁၀)နှစ်ရှိရမယ်ဆိုရင် (၁၀)နှစ်မတိုင်ခင် သုံးလေးနှှစ်လောက်ကတည်း က ဒီစက်က ပျက်သွားပြီးသုံးမရတော့ဘူးဆိုရင် ဒီစက်ဝယ်ရတဲ့အကျိုးမနပ်ပါဘူူး။ ဒါကြောင့် ကျွန်တော်တို့ကဒါကိုဘယ်လိုမောင်းနှင်ရမယ် ဘယ်လိုထိန်းသိမ်းရမယ် ဘယ်လိုပြုပြင်ရမလဲဆိုပြီး ကျွန်တော်တို့ကအပိုင်းလိုက်၊ အပိုင်းလိုက် အသေးစိတ် သင်ကြားပေးပါတယ်။ 

(ကေသွယ်ဝင်း)။ ။ တောင်သူတွေရဲ့လယ်ယာသုံးစက်ကိရိယာတွေ ပျက်သွားတဲ့အခါ သက်ဆိုင်ရာ မြို့နယ်စက်မှု လယ်ယာစခန်းတွေကိုဆက်သွယ်ဆောင်ရွက်မယ်ဆိုရင် ကျေးရွာတွေအထိလိုက်ပြီးပြုပြင်ပေးနေတယ်လို့ စက်မှုလယ်ယာသင်တန်းကျောင်း (ဗဟို)ရဲ့ ကျောင်းအုပ်ကြီးဦးအောင်စိုးကပြောပါတယ်။

ဦးအောင်စိုး။ ။စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ကလယ်သမားတွေပိုင်ဆိုင်ထားတဲ့

လယ်ယာသုံးစက်ကိရိယာတွေ၊ အထူးသဖြင့်တော့ ထွန်းစက်ကြီးတွေကတော်တော်များများလယ်သမားတွေလက်ထဲမှာရောက်နေပါပြီ၊ ဒီထွန်စက်ကြီးတွေ ပျက်သွားတဲ့အခါ သို့မဟုတ် ပြင်ဆင်ဖို့ လိုအပ်တဲ့အခါတွေမှာ ကျွန်တော်တို့ဌာနကသက်ဆိုင်ရာ မြို့နယ်စခန်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်လို့ ရပါတယ်။ သက်ဆိုင်ရာ မြို့နယ်စက်မှုလယ်ယာစခန်းတွေကနေပြီးတော့မှ Mechanist တွေနဲ့ ကျေးရွာတွေအထိလိုက်ပြီးတော့ ပြုပြင်ပေးပါတယ်။

******

(Presenter)။ ။ ယခုအစဉ်အစဉ်ကို မြန်မာ့အသံမှ အကြီးတန်းအယ်ဒီတာမကေသွယ်ဝင်းကတင်ဆက်ခဲ့တာဖြစ်ပြီးတောင်သူတွေအနေနဲ့ လယ်ယာသုံးစက်ကိရိယာတွေကိုဝယ်ယူချင်ရင်ပဲဖြစ်ဖြစ်၊ မိမိပိုင် လယ်ယာသုံးစက်ကိရိယာတွေကို ပြင်ဆင်ထိန်းသိမ်းလိုရင်ပဲဖြစ်ဖြစ်၊ စက်မှုလယ်ယာသင်တန်းတွေကိုတက်ရောက်လိုရင်ပဲဖြစ်ဖြစ် သက်ဆိုင်ရာမြို့နယ်စက်မှုလယ်ယာစခန်းတွေနဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်မှာလုပ်သားရှားပါးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကိုစက်စွမ်းအားသုံးဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေရရှိနိုင်ပြီဆိုတာတင်ပြလိုက်ရပါတယ် ခင်ဗျား။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်