Precision Agriculture ၏အဓိပ္ပာယ်
တိကျမှန်ကန်သောစိုက်ပျိုး၊ မွေးမြူရေး (Precision Agriculture_PA)၊ တိကျမှန်ကန်သောလယ်ယာလုပ်ငန်း (Precision Farming_PF)၊ ခေတ်မီစမတ်လယ်ယာလုပ်ငန်း (Smart Farming) သည် အချက်အလက် (Data)၊ ဒီဂျစ်တယ်နည်းပညာများ (Digital Technology)၊ အကွက်ငယ်အလိုက်၊ အပိုင်းလိုက် စနစ်တကျ စီမံခန့်ခွဲမှုများ (Smart Management/Site-Specific Management) ကို အသုံးပြုပြီး စိုက်ပျိုးရေးထုတ်လုပ်မှုကို ထိရောက်စွာ မြှင့်တင်ရန် ရည်ရွယ်သောခေတ်မီ စိုက်ပျိုးမွေးမြူရေး နည်းစနစ်တစ်ခု ဖြစ်ပါသည်။
ဤစနစ်၏ အဓိကအယူအဆမှာ တိကျစွာ လိုအပ်သည့်သွင်းအားစု (The right input) ကို၊ လိုအပ်သည့်နေရာ (The right place) တွင်၊ လိုအပ်သည့်အချိန် (The right time) ၌၊ လိုအပ်သည့်ပမာဏ (The right amount) ဖြင့် အသုံးချခြင်း ဖြစ်ပါသည်။
စိုက်ကွင်းတစ်ခုလုံးကို ညီတူမျှတူ၊ တူညီစွာ စီမံခန့်ခွဲမှုမလုပ်ဘဲ မြေ (Soil)၊ သီးနှံပင် (Crops)၊ သီးနှံအထွက် (Yield) မှာ တူညီမှုမရှိသည်ကို သဘောပေါက်ပြီး တစ်နေရာ ချင်းစီအလိုက် စီမံခန့်ခွဲခြင်းဖြစ်ပါသည်။
(ခ) Precision Agriculture ၏ ရည်ရွယ်ချက်များ
(ခ-၁) သီးနှံထုတ်လုပ်မှုနှင့် အထွက်တိုးတက်စေရန်
(ခ-၂) မြေသြဇာ၊ ရေ၊ ပိုးသတ်ဆေး စသည့် သွင်းအားစု၊ အသုံးစရိတ်များ လျှော့ချရန်
(ခ-၃) သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချရန်
(ခ-၄) အချက်အလက်အခြေပြု ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်စေရန်
(ခ-၅) စိုက်ပျိုးရေးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရန်
(ခ-၆) ရာသီဥတု ပြောင်းလဲမှုများကို ပိုမိုခံနိုင်ရည်ရှိစေရန်တို့ဖြစ်ပါသည်။

ပုံ - ၁ တိကျသောစိုက်ပျိုးရေးစနစ်
တိကျသောစိုက်ပျိုးရေးစနစ် သည် အချက်အလက်အခြေပြုစနစ် (Data-driven system) ဖြစ်ပါသည်။
(က) မြေဆီလွှာဆိုင်ရာအချက်အလက်များ (Soil Data)
မြေအမျိုးအစားနှင့်ဖွဲ့စည်းပုံ (Soil Structure & Texture)၊ မြေဆီလွှာအာဟာရဓာတ်များ (Soil Nutrient Levels e.g. N, P, K)၊ မြေချဉ်ငန်အဆင့် (Soil pH)၊ မြေအစိုဓာတ် (Soil Moisture)၊ မြေဆီလွှာထဲရှိအော်ဂဲနစ်ပစ္စည်း (Soil Organic Matters) စသည်တို့ သိရှိ ရပါမည်။
အချက်အလက်စုဆောင်းနည်းများမှာ မြေဆီလွှာနမူနာယူစမ်းသပ်ခြင်း (Soil sampling)၊ မြေအာရုံခံစနစ်များ (Soil sensors)၊ မြေဆီလွှာဓာတ်ပြုမှုဆိုင်ရာမြေပုံများ (Electrical conductivity_ EC Mapping) စသည်တို့ဖြစ်ပါသည်၊

ပုံ - ၂ တိကျသော မြေဆီလွှာစမ်းသပ်မှုစနစ်
(ခ) သီးနှံဆိုင်ရာအချက်အလက်များ (Crop Data)
သီးနှံအပင်ကျန်းမာရေး (Crop Health_NDVI)၊ အပင်စုစုပေါင်းအလေးချိန် (Plant Biomass)၊ အပင်ကြီးထွားမှုအဆင့်ဆင့် (Growth Stages)၊ အပင်ပိုးမွှားနှင့်ရောဂါ ဖြစ်ပွားမှု (Pest and Disease Presence) တို့ဖြစ်ပါသည်၊
အသုံးပြုနည်းများမှာ ဒရုန်း (Drone UAV)၊ ဂြိုဟ်တုဓာတ်ပုံ (Satellites)၊ အလွှာလိုက် အာရုံခံစနစ်များ (Multispectral Sensors) စသည်တို့ဖြစ်ပါသည်။

ပုံ - ၃ တိကျသော သီးနှံဆိုင်ရာစမ်းသပ်မှုစနစ်
(ဂ) ရာသီဥတုဆိုင်ရာ အချက်အလက်များ (Weather and Climate Data)
မိုးရေချိန် (Rainfall)၊ အပူချိန် (Temperature)၊ လေထုစိုထိုင်းဆ (Relative Humidity)၊ လေတိုက်နှုန်း (Wind Speed) စသည်တို့ကို ရယူရပါမည်၊
(၂) တိကျသောစိုက်ပျိုးရေးတွင်အသုံးပြုသောနည်းပညာများ
(၂-က) ဂျီပီအက်စ်နှင့် ဂျီနင်အက်စ်အက်စ်နည်းပညာ (GPS-Global Positioning System/GNSS-Global Navigation Satellite System)
ဤနည်းပညာဖြင့် မှန်ကန်တိကျသောစိုက်ကွင်းမြေပုံဆွဲရန် (Accurate Field Mapping)၊ အလိုအလျောက် ယာဉ်မောင်းစနစ်ဆောင်ရွက်ရန် (Auto-steering Tractors)၊ အထွက် နှုန်းမြေပုံ (Yield Mapping) နှင့် သွင်းအားစုအလိုက် နှုန်းထားအမျိုးမျိုး တွက်ချက်ရန် (Variable Rate Application) တို့တွင် အသုံးပြုနေပါသည်။ RTK GPS စနစ် သည် ±၂–၃ စင်တီမီတာအထိ တိကျပါသည်။
(၂-ခ) ပထဝီသတင်းအချက်အလက်နည်းပညာ (GIS - Geographic Information System)
GIS စနစ် သည် မြေပုံအခြေပြု သတင်းအချက်အလက်/ဒေတာများကို ပေါင်းစည်းပြီး ဥပမာ - မြေဆီလွှာအဟာရမြေပုံ (Soil fertility map)၊ သီးနှံအထွက်နှုန်းမြေပုံ (Crop yield map)၊ ပိုးမွှား၊ ရောဂါ၊ ပေါင်းပင်ပြန့်ပွားမှုမြေပုံ (Insect pests, Diseases, Weeds Infestation maps) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။
(၂-ဂ) သွင်းအားစုနှုန်းထားအမျိုးမျိုးတွက်ချက်ခြင်းစနစ် (Variable Rate Technology - VRT)
VRT စနစ် သည် စိုက်ကွင်းတစ်ခုအတွင်း မတူညီသောနေရာများအတွက် အာဟာရ၊ မျိုးစေ့၊ ဆေးများကို မတူညီသောပမာဏဖြင့် အသုံးချခြင်း ဖြစ်ပါသည်။
အသုံးပြုနိုင်သော သွင်းအားစုအရာများ မှာ မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ရေသွင်းစနစ် စသည်တို့များစွာ ပါရှိပါသည်။
(၂-ဃ) အဝေးမှအာရုံခံစနစ် (Remote Sensing) ကျင့်သုံးခြင်း
ဂြိုဟ်တု (Satellite) ဖြင့်စစ်ဆေးခြင်းသည် ကျယ်ပြန့်သော လယ်ယာများအတွက် သင့် တော်ပါသည်။ ဒရုန်း (Drone) စနစ်သည် အသေးစိတ် စောင့်ကြည့်နိုင်ပြီး အချိန်နှင့်တ ပြေးညီ ဖြစ်သော အန်ဒီဗီအိုင် (NDVI)၊ အီးဗီအိုင် (EVI) စသည့် အညွန်းကိန်း (Index) များကို အသုံးပြုပါသည်။
(၂-င) အင်တာနက်အသုံးပြုခြင်း (IoT- Internet of Things) နှင့် အာရုံခံစနစ်အမျိုးမျိုး (Different Types of Sensors)
ဤစနစ် အမျိုးမျိုးများ မြေအစိုဓာတ်အာရုံခံ (Soil Moisture Sensor)၊ အပင်အပူချိန် အာရုံခံ (Canopy Temperature Sensor)၊ တိရစ္ဆာန်ခြေရာခံအာရုံခံ (Livestock Tracking Sensor) စနစ်များက အချက်အလက် ဒေတာများကို ဖုန်း၊ ကွန်ပျူတာများတွင် တိုက်ရိုက်ကြည့်နိုင်ပါသည်။
(၂-စ) လယ်ယာမြေစီမံခန့်ခွဲမှုစနစ် (Farm Management Software)
လယ်ယာမြေရှိ အချက်အလက်/ဒေတာအားလုံးကို စုစည်းစီမံနိုင်ခြင်း၊ တောင်သူများ ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
(၂-ဆ) သီးနှံစိုက်ပျိုးရေးတွင် တိကျမှန်ကန်သောစိုက်ပျိုးရေးစနစ် အသုံးချခြင်း (Smart Crop Production Technology)
ဥပမာ - မျိုးစေ့ထည့်ခြင်းတိကျမှု (Precision Planting/Sowing)၊ မြေဩဇာ ထည့်သွင်း ခြင်း တိကျမှု (Precision Fertilizer Management)၊ ရေသွင်းစနစ်တိကျမှု (Precision Irrigation)၊ ပေါင်းနှင့် ပိုးမွားရောဂါ နှိမ်နင်းနိုင်ခြင်းတိကျမှု (Precision Weed & Pest Control) စသည့်စနစ်များစွာကို တပြိုင်နက် အသုံးချနိုင်ပါသည်။
(၂-ဇ) တိကျသောမွေးမြူရေးစနစ်ကျင့်သုံးခြင်း (Precision Livestock Farming)
ဥပမာ - မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးကို စောင့်ကြည့်နိုင်ခြင်း (Health and Behavior Monitoring)၊ ဂျီပီစက် ဖြင့် လှုပ်ရှားမှုစောင့်ကြည့်နိုင်ခြင်း (GPS-based Animal Tracking)၊ တိရစ္ဆာန်အစာကျွေး သည့်စနစ် အလိုအလျောက် လုပ်ဆောင်နိုင်ခြင်း (Automated Feeding Systems) စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။
(၂-ဈ) ဤစနစ်၏ အကျိုးကျေးဇူးများ
စီးပွားရေးအကျိုးကျေးဇူးများမှာ လယ်ယာလုပ်ငန်းမှ အကျိုးအမြတ်တိုးတက်မှု ပိုမိုရရှိလာခြင်း၊ အသုံးစရိတ် လျှော့ချနိုင်မှုဖြစ်လာခြင်း၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကျိုးကျေးဇူးများမှာ မြေသြဇာ အလွန်အကျွံ အသုံးမပြုတော့ခြင်း၊ ရေညစ်ညမ်းမှု လျော့နည်းလာခြင်း တို့ဖြစ်ပါသည်။
(၂-ည) ဤစနစ်အားနည်းချက်များနှင့် စိန်ခေါ်မှုများ
ဤစနစ်ကို စတင်အသုံးချရာတွင် ကုန်ကျစရိတ် အလွန်မြင့်ပါသည်၊ အသုံးပြုရန် နည်းပညာ ကျွမ်းကျင်မှုလိုအပ်ပါသည်၊ အချက်အလက်/ဒေတာစီမံခန့်ခွဲမှု ခက်ခဲနိုင် ပါသည်။
(၃) ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိကျသေချာ စိုက်ပျိုးမွေးမြူရေး ၏ အရေးပါမှု
(၃-က) ရှားပါးသော သွင်းအားစု/အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ခြင်း (Efficient Use of Scare Resources)
မြန်မာနိုင်ငံ အပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဓာတ်မြေဩဇာများ စျေးကြီးခြင်း (Expensive)၊ ရေရှားပါးခြင်း (Limited and unreliable)၊ စက်သုံးဆီနှင့် အလုပ်သမား စရိတ် မြင့်တက်လာခြင်း (Fuel and Labour costs) စသည်တို့ ရှိနေ၍ ဤစနစ်သည် အပင်မှလိုအပ်သလောက်သာ တိကျစွာ အသုံးချနိုင်စေပြီး ဓာတ်မြေဩဇာ အလွန်အကျွံ အသုံးမပြုတော့ခြင်း၊ ရေကုန်မှု လျှော့ချနိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင် ခြင်း တို့ကြောင့် တောင်သူလယ်သမားများ၏ အမြတ်အစွန်းကို ပိုမိုရရှိစေနိုင်ပါသည်။
(၃-ခ) အထွက်နှုန်း တိုးတက်လာပြီး အစားအစာလုံခြုံရေး တည်ငြိမ်လာခြင်း (Higher Yields and more stable food production)
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဤနည်းပညာများဖြစ်သော မြေဆီလွှာစမ်းသပ်မှု (Soil testing)၊ အထွက်နှုန်းမြေပုံဆွဲခြင်း (Yield mapping)၊ ရာသီဥတုအခြေပြု ဆုံးဖြတ်ချက်များ (Weather-based decisions) တို့ကြောင့် အထွက်မကောင်းသော နေရာများကို ခွဲခြား သတ်မှတ်နိုင်ခြင်း၊ နေရာအလိုက် စိုက်ပျိုးစီမံခန့်ခွဲနိုင်ခြင်း၊ အထွက်နှုန်းကွာဟမှုများ လျှော့ချနိုင်ခြင်း ဖြစ်ကာ အစားအစာ ဘေးကင်းလုံခြုံရေးကို တိုးတက်စေပါသည်။
(၃-ဂ) ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခြင်း (Climate Change Adaptation)
ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို ပိုမို ခံစားရပါသည်။ ဤစနစ်သည် စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်ကို ပိုမိုတိကျစေခြင်း၊ ရေကို အကျိုးရှိ ထိ ရောက်စွာ အသုံးချနိုင်ခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့များ (Green house Gas) ထုတ်လွှတ်မှု လျှော့ချနိုင်ခြင်း စသည်တို့ကြောင့် ရာသီဥတုနှင့် လိုက်လျှောညီထွေ ဖြစ်စေနိုင်သော စိုက်ပျိုးမွေးမြူစနစ် (Climate-smart Agriculture) ရရှိစေပြီး ဖြစ်ပါသည်။
(၃-ဃ) ကျေးလက်နေလူငယ်များကို စိုက်ပျိုးမွေးမြူရေးသို့ ဆွဲဆောင်နိုင်ခြင်း (Rural youth Engagement and Rural Transformation)
ကျေးလက်ဒေသရှိ လူငယ်များစွာသည် စိုက်ပျိုးမွေးမြူရေးကို ခက်ခဲသော အလုပ်၊ ဝင်ငွေနည်းသော လုပ်ငန်း၊ ခေတ်မမီသော လုပ်ငန်း ဟု ထင်မြင်ကြပါသည်။
ဒစ်ဂျစ်တယ် စိုက်ပျိုးမွေးမြူရေး (ဒရုန်း၊ ဆင်ဆာ၊ မိုဘိုင်းအက်ပ်များ) သည် ကျေးလက် ဒေသ စိုက်ပျိုးမွေးမြူရေးကို ခေတ်မီစေခြင်း၊ ခေတ်မှီ စိုက်ပျိုးမွေးမြူရေး နည်းပညာ (Agri-tech) အလုပ်အကိုင်အသစ်များ ဖန်တီးပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ် ဖော်ဆောင် ပေးခြင်း တို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေပါသည်။
စာရေးသူအမြင်ကတော့ မြန်မာနိုင်ငံအပါအဝင် စိုက်ပျိုးမွေးမြူရေးအဓိကထားသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် နောင်အနာဂတ်တွင် ဤကဲ့သို့ခေတ်မှီ တိကျမှန်ကန်သော စိုက်ပျိုးမွေးမြူရေး နည်းပညာများကို မျက်ခြေမပြတ်စေဘဲ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ရင်းနှီးမြုပ်နှံရန် အချိန်ဖြစ်နေပါပြီဟူ၍ ဆွေးနွေးလိုပါသည်၊
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Commonwealth of Australia (2005) Trends in Australian Agriculture: Commission Report. 213p.
Khatri, N. (2024) Precision Agriculture for Sustainability. CRC Press. 506p.
Mohapatra, H. (2024) The Future of Smart Agriculture. Nova Science Publishers.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်