ဧရာဝတီတိုင်း ဒေသကြီး လပ္ပတ္တလုပ် ကလေး စာဖြူစု ကျေးရွာ

Photo - ayeyarwady labbutaloke

မြန်မာနိုင်ငံရဲ့ စပါးကျီလို တင်စားခေါ်ဝေါ်တဲ့ ဧရာဝတီတိုင်းဟာဆိုရင် စပါးစိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးစာရိတ်ချေးငွေ စီမံခန့်ခွဲမှုဟာ အရေးပါသလို စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်ထိ အလျင်မှီအောင် ဆောင်ရွက်နိုင်မှု စက်မှုလယ်ယာစနစ် ကူးပြောင်း ဆောင်ရွက်နိုင်ရန်နှင့် သမဝါယမစိတ်ဓာတ်ထားရှိခြင်းအားဖြင့် ဒေသခံတွေရဲ့ လူမှု စီးပွားဘဝ တိုးတတ်လာမှာ ဖြစ်တဲ့အပြင် ဒေသဖွံဖြိုးတိုးတတ်လာမှုကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ တောင်သူတွေအနေနှင့် စိုက်ပျိုးရေးပညာရှင်တွေနှင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကြောင့် စုပေါင်းဆောင်ရွက်မှု အားကောင်းလာတဲ့အတွက် ဒေသခံတောင်သူ လယ်သမားတွေဘဝ တိုးတတ်လာတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အောင်ကျော်မိုး (သတင်းထောက်။ ။ မြန်မာ့ရုပ်မြင်သံကြားပရိသတ်များခင်ဗျာ…မြန်မာနိုင်ငံရဲ့စပါးကျီလို့ တင်စားခေါ် ဆိုကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ မိုးစပါး စိုက်ဧကပေါင်း ၃၇သိန်းရှိပြီး နှစ်စဉ်ဆန်စပါး ထွက်ရှိမှုအများဆုံး ဒေသကြီး ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးရဲ့ တချို့နေရာတွေမှာ ကားလမ်း မရှိတဲ့အတွက် ရေလမ်းကြောင်းကိုသာ အားကိုး ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မ မြို့နယ် အတွင်းမှာရှိတဲ့ လပွတ္တလုပ်ကလေး စာဖြူစုကျေးရွာဟာ ရေလမ်း ခရီးနဲ့သာသွားရောက် နိုင်တဲ့ကျေးရွာဖြစ်ပါတယ်။ အိမ်ခြေပေါင်း (၁၃၀) ရှိပြီး ဒီကျေးရွာလေးရဲ့ အဓိက အသက်မွေးဝမ်း ကြောင်းလုပ်ငန်းကတော့ စိုက်ပျိုးရေးနဲ့ငါးလုပ်ငန်းဖြစ်ပါတယ်။ သာယာလှပတဲ့ ကျေးရွာလေးဖြစ်ပေမဲ့ လယ်ယာ စိုက်ပျိုး ရေးအတွက် ဒေသခံပြည်သူတွေမှာ စိန်ခေါ်မှုမျိုးစုံ ရှိနေပါတယ်။ (00:00 – 00:46)

တောင်သူ ဒေါ်တင်နွယ် (လပွတ္တလုပ်ကလေး စာဖြူစုကျေးရွာ ဝါးခယ်မမြို့နယ်)။ ။ ကြာပြီပေါ့။ အဖေတို့ လက်ထက် ကတည်းက လုပ်လာတယ်။ အခုအဖေအမေတွေ မရှိတော့ ကိုယ်ပဲ ပြန်လုပ်နေ ရတာပေါ့။ စိုက်တာကတော့ ကောင်းပါ တယ်။ မိုးလေဝသကောင်းရင် အခုတော့ မိုးလေဝသ မကောင်းတော့ စပါးက တောနေပြီ။ ရိတ်ရတာ ရေတော့နည်းနည်း ရှိတာပေါ့။ အောက်ထဲမှာ။ ပိုးမွှားမကျရင်တော့ လယ်သမားအတွက်ကတော့ ကောင်းတယ်ပေါ့။ ပိုးမွှားတွေကျလာတဲ့အချိန် ကျတော့ ကိုယ်လယ်ထဲမှာ ဖြစ်လို့ရှိရင်တော့ လယ်သမားတွေအတွက် ဆုံးရှုံးသွားတာပေါ့။ (00:47 – 01:14)

အောင်ကျော်မိုး။ ။ အဲဒီကျေးရွာလေးမှာရှိတဲ့ လယ်သမားအများစုဟာ တနေကုန်လယ်ထဲဆင်း အလုပ်လုပ်ရပါတယ်။ ရွာကလူငယ်အများစုကလည်း လယ်လုပ်ငန်းနဲ့မိသားစုစားဝတ်နေရေး လုံလောက်မှု မရှိတာကြောင့် ရွှေ့ပြောင်းလုပ်သား တွေအဖြစ် ရေကြည်ရာမြက်နုရာ ဆိုသလိုမြို့တက်အလုပ် လုပ်ကိုင်ကြတာတွေနဲ့ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့လုပ်ကိုင် ကြတာတွေကြောင့်ရွာမှာ အလုပ်သမား ရှားပါး လာပါတယ်။ (01:14 – 01:39)

ဒေါ်တင်နွယ်။ ။ လယ်စိုက်တာ အခုကတော့ အလုပ်သမားတွေကတော့ ကျွှန်မတို့တောင်သူလယ်သမားတွေအတွက် ရှားပါး သွားတယ်။ အချိန်တန်စိုက်ရမယ်၊ ရိတ်ရမယ်ဆိုရင် လူတွေမရှိလို့ရှိရင် နည်းနည်းတော့ အခက်အခဲတော့ ရှိတာပေါ့။ (01:40 – 01:56) 

တောင်သူ ဦးဇော်မင်း (လပွတ္တလုပ်ကလေး စာဖြူစုကျေးရွာ၊ ဝါးခယ်မမြို့နယ်)။ ။ အလုပ်က ဒီလယ်အလုပ်နဲ့ အဆင် မပြေတဲ့အခါမှာ လယ်ယာမဲ့တွေကြတော့ မြို့ပေါ်မှာသွားပြီး အလုပ်လုပ်တာ များလာပါတယ်။ ကျွှန်တော်တို့ဆီမှာ အလုပ်သမားအခက်အခဲကတော့ တအား ရှိပါတယ်။ ဒီလုပ်အားအခက်အခဲရှိတဲ့အတွက် စက်နဲ့လုပ်ဖို့ စဉ်းစားပြန်တော့ လည်း ကျွှန်တော်တို့မှာ စက်အခက်အခဲရှိပါတယ်။ ရှေးလာမဲ့နှစ်တွေမှာတော့ ကျွှန်တော်တို့ ရွာမှာ စိုက်ပျိုးရေးနဲ့ ပတ်သက် လို့ကတော့ တော်တော်အခက်အခဲ မြင်နေရပါတယ်။ လူအရင်းအနှီးလည်း မရှိ၊ စက်ကိရိယာ ဝယ်နိုင်တဲ့ အင်အားမရှိဘူး။ ဒါနဲ့ပဲ ကျွှန်တော်တို့ သံသရာလည်နေတာ ဖြစ်ပါတယ်။ (01:57 – 02:39)

အောင်ကျော်မိုး။ ။ အလုပ်သမားအခက်အခဲရှိနေတာကြောင့် တချို့ လယ်သမားတွေ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေအားကိုးဖို့ လိုအပ်လာပါတယ်။ လယ်သမားအများစု  ကတော့ငွေကြေး အခက်အခဲရှိတာ ကြောင့်မတတ်နိုင် ကြပါဘူး။ စပါးရိတ်သိမ်းချိန်မှာ အချိန်မှီမရိတ်သိမ်း နိုင်ရင်စိုက်ထားတဲ့စပါးတွေ ဆုံးရှုံးကြရပါတယ်။ (02:40 – 03:02)

ဒေါ်တင်နွယ်။ ။ စက်သုံးဖို့ ကတော့ သိပ်တော့မလွယ်ကူဘူး။ ရှိတဲ့သူက နည်းပြီး မရှိတဲ့သူကများတော့ စောင့်နေရ တာပေါ့။ စောင့်ပြီးတော့ ကိုယ့်အလှည့်ကျမှ ကိုယ်ချွှေရတယ် ရိတ်ရတယ် အဲ့ဒီလိုမျိုးပေါ့လေ။ အဆင်တော့ သိပ်မပြေ ပါဘူးပေါ့နော်။ လူငှါးလို့ မရရင် စက်ကိုစောင့်နေရတော့ တခါတလေ စပါးလည်း ကျွမ်းသွားတာပေါ့လေ။ (03:03 – 03:26)

အောင်ကျော်မိုး။ ။ အဲ့ဒီကျေးရွာရဲ့ နောက်ထပ်စိန်ခေါ်မှုကတော့ စိုက်ပျိုးရေးအတွက် လုံလောက်တဲ့ အရင်းအနှီး မရှိခြင်း ဖြစ်ပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က လယ်စိုက်စရိတ်ချေးငွေ တစ်ဧက တစ်သိန်းခွဲနှုန်းနဲ့ ထုတ်ချေးပေးခဲ့ပါ တယ်။ ဘယ်လိုငွေချေးရမယ် ဆိုတာတွေကို သိပ်ပြီး နားမလည်ကြတဲ့ တောင်သူတွေကတော့  နီးစပ်ရာမှာသာ အတိုး ကြီးကြီးပေးပြီး ချေးယူလုပ်ကိုင်နေရ တာပါ။ (03:27 – 03:44) 

ဦးဇော်မင်း။ ။ ကျွှန်တော်တို့ လယ်သမားတွေမှာ အဓိကအခက်အခဲကတော့ အရင်းအနှီးပေါ့ဗျာ။ ကျွှန်တော်တို့ မြေယာပိုင်ဆိုင် တယ်ဆိုပေမဲ့လို့ ကျွှန်တော်တို့ဆီမှာ အရင်းအနှီးဆိုတာ မရှိကြတာများတယ်။ တရွာလုံးမှာ အရင်းအနှီး နဲ့လုပ်နိုင်သူက ၄ ပုံတပုံပဲ ရှိပါတယ်။ ကျန်တာတွေကတော့ အကြွေးတင်ပြီး လုပ်ရတဲ့အတွက် သီးနှံပေါ်တဲ့အချိန်မှာ ကျွှန်တော်တို့အတွက် အမြတ်အစွန်းဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။ (03:45 – 04:16)

အောင်ကျော်မိုး။ ။ လယ်သမားတွေဟာအခုလို အခက်အခဲတွေကနေကျော်လွှားပြီး အကြွေးသံသရာကနေ လွတ်မြောက် တဲ့ဘဝကို လိုလားနေကြပါတယ်။ (04:17 – 04:23)

ဦးဇော်မင်း။ ။ လယ်သမားအတွက် ဘဝရှင်သန်တိုးတက်ဖို့ဆိုရင်တော့ ကျွှန်တော်တို့လယ်သမားမှာ တိုင်းပြည် ထဲမှာရှိတဲ့ လူတန်းစား အားလုံးထဲမှာ အနိမ့်ကျဆုံးပဲလို့ ကျွှန်တော်ထင်တယ်။ ပညာတတ် လူတန်းစားလည်း မဟုတ်ဘူး။ ပညာမတတ်လို့ လယ်လုပ်လို့ရတယ်ဆိုတော့ လယ်ပဲလုပ်ကိုင်ရတယ်။ ဘဝတိုးတက်လားဆိုပြီး မရှိသည့်တိုင်အောင် ကျွှန်တော်တို့မှာတော့ စိတ်မပျက်ပါဘူး။ ကျွှန်တော်တို့ ဒီလယ်လေးနဲ့ အလုပ်လုပ်နေရရင် ကျေနပ်ပါတယ်။ ဒါပေမဲ့လို့ ဒီလယ်လေးနဲ့အလုပ်လုပ်ပြီးတော့ ကောင်းကောင်းမွန်မွန်လေး စားသောက်ရမယ်၊ စိတ်အေးချမ်းသာစွာနဲ့ နေရမယ်၊ ကြွေးကင်းကင်းနဲ့ နေနိုင်မယ်ဆိုရင်တော့ ကျွှန်တော်တို့ အတွက် စိတ်ချမ်းသာမှုကို ရပါတယ်။ (04:24 – 05:01)

အောင်ကျော်မိုး။ ။ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ညောင်ချောင်းကျေးရွာဟာလည်း အရင်ကဆိုရင် လပွတ္တလုပ်ကလေးစာဖြူစုကျေးရွာလိုဘဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ခြေ (၁၁၀) ကျော်ရှိတဲ့ အဲ့ဒီကျေးရွာမှာ စားဝတ်နေရေးအတွက် ထူးခြားတဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒီထူးခြားတဲ့ အခွင့်အရေးကတော့ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဌာနနဲ့ကိုးရီးယားနိုင်ငံအခြေစိုက် KOICA အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာ ဆယ်မားအူးလ်အွန်ဒုံ လို့ ခေါ်တဲ့ကျေးရွာသစ်စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို၂၀၁၆ ကနေ ၂၀၁၉ အထိ (၃) နှစ်စီမံကိန်းနဲ့ ဧရာဝတီ တိုင်းဒေသ ကြီး အတွင်းမှာရှိတဲ့ ပုသိမ်မြို့နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာမှာဆောင်ရွက် နေတာတယ်။ (05:02 – 05:40)

ဦးကြည်မိုး (ဦးစီးမှုး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်)။ ။ ဒီကျေးရွာလေးမှာဆိုလို့ရှိရင် ကျေးရွာသစ် စီမံကိန်းလှုပ်ရှားမှုကို စတင်အကောင်အထည်ဖေါ်တဲ့အခါမှာ အဓိက လုပ်ငန်းစဉ် (၃) ရပ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ နံပါတ် (၁) လုပ်ငန်းစဉ် အနေနဲ့ကတော့ ကျေးရွာနေပြည်သူတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး ဖြစ်ပါတယ်။ ဒုတိယ လုပ်ငန်း စဉ် အနေနဲ့တော့ ကျေးရွာအတွင်းမှာရှိတဲ့ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ဖြစ်ပါတယ်။ တတိယ လုပ်ငန်း စဉ် အနေနဲ့တော့ ကျေးရွာအတွင်းရှိ လူအားလုံး၏ ဝင်ငွေတိုးပွားရေး လုပ်ငန်းစဉ် အဖြစ်နဲ့ ဒီလုပ်ငန်းစဉ် (၃) ရပ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ စွမ်းဆောင်ရည် မြှင့်တင်ရေးဖြစ်တဲ့ အတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ ကျေးရွာပြည်သူလူထုရဲ့ Human Resource နဲ့ Knowledge က အရမ်းအရေးပါ ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကို ကျွှန်တော်တို့ training တွေ ပေးတယ်။ ပြီးတဲ့အခါမှာ ကျေးရွာအတွင်းမှာ ပူးပေါင်း ဆောင်ရွက်ပြီး တက်ညီလက်ညီဆောင်ရွက်ဖို့ အရေးတွေ ဆောင်ရွက်ပါတယ်။ အဲဒါတင်မကပဲ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ စိုက်ပျိုးရေးကဏ္ဍ ၊ မွေးမြူရေးကဏ္ဍ ၊ အသေးစားချေးငွေလုပ်ငန်းတွေကို သိရှိအောင် ဆောင်ရွက် လျက် ရှိပါတယ်။ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေးကိုလည်း ကျေးရွာထဲမှာ ရှိတဲ့ လမ်း၊ တံတာတွေ စတဲ့ လုပ်ငန်းစဉ်တွေ ၊ ဆေးပေးခန်းတွေ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ (05:41 – 06:38)

ဦးသိန်းဌေး (အုပ်ချုပ်ရေးမှုး၊ ညောင်ချောင်းကျေးရွာ) ။ ။ ကျွှန်တော်တို့ရွာသူရွာသားတွေဆိုရင် တကယ်လည်း တက်ညီလက်ညီနဲ့ လုပ်ဆောင်နေပါတယ်။ ကြိုက်နှစ်သက်ပါတယ်။ ကျေးရွာဖွံ့ဖြိုးရေး အတွက်ကိုလည်း ကျွှန်တော်တို့ ရွာသူရွာသားတွေအားလုံး ကြိုးစားဆောင်ရွက် လုပ်ကိုင်ကြပါတယ်။ ကျွှန်တော်ရွာသူရွာသားတွေအတွက် တကယ်ပဲ ဂုဏ်ယူပါတယ်။ (06:39 – 06:54)

အောင်ကျော်မိုး။ ။ ဒီစီမံကိန်းရဲ့အဓိကသော့ချက်ကတော့ ရွာကငွေကြေးကော်မတီရဲ့ငွေကြေးစီမံခန့်ခွဲ နိုင်မှု ဖြစ်ပါတယ်။ ရွာကခေါင်းဆောင်ပိုင်းတွေဟာ လှည့်ပတ်ရန်ပုံငွေ ထိရောက် အောင်အသုံးချဖို့ သင်တန်းတွေရရှိထားတာပါ။ (06:55 – 07:08)

ဦးသိန်းဌေး (အုပ်ချုပ်ရေးမှူး၊ ညောင်ချောင်းကျေးရွာ)။ ။ ကျွှန်တော်တို့ ဒီချေးငွေနဲ့ ပတ်သက်လို့  ရွာသူရွာသား တွေက စိုက်ပျိုးရေးအတွက် အဓိကထားပြီး လုပ်ဆောင်ကြပါတယ်။ မွေးမြူရေးကလည်း တပိုင်တနိုင်လုပ်ကြပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင်လည်း လယ်သမားတွေဖြစ်တဲ့အတွက် လယ်ယာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကြပါတယ်။ စိုက်ပျိုးရေး ထောက်ပံ့ကြေးငွေရလို့ လယ်သမားတွေ လည်း အားလုံးအဆင်ပြေပါတယ်။ (07:09 – 07:36)

အောင်ကျော်မိုး။ ။ ဒီကျေးရွာကော်မတီမှာ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်နဲ့ ပတ်သက်တဲ့ အကြံပေးသူ တွေရှိပါ တယ်။ သူတို့တွေက ငွေကြေးဆိုင်ရာ အကြံပြုသူတွေ ဖြစ်ပါတယ်။ စိုက်စရိတ်ချေးငွေ နဲ့ပတ်သက်ပြီးဘယ်လိုရယူရမလဲ၊ ဘယ်အချိန်မှာပြန်ဆပ်ရမယ်ဆိုတာတွေကို အကြံပြုပါတယ်။ တခြားချေးငွေရယူနိုင်တဲ့ ဘဏ်တွေ၊ သမဝါယမက ချေးငွေ တွေနဲ့ ပတ်သက်ပြီးအကြံပြုပေးတာတွေ လည်းရှိပါတယ်။ ဒီစီမံကိန်းကရွာကော်မတီတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အားပေးထားပါတယ်။ (07:37 – 08:04)

ဦးကြည်မိုး။ ။ ကျွှန်တော်တို့ ဧရာဝတီတိုင်းဒေသအနေနဲ့ အဓိကလုပ်ငန်း ကတော့ စပါးစိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်းဖြစ်ပါတယ်။ အဲဒီလို လုပ်တဲ့ အခါမှာ ဒီနေရာမှာ စိုက်ပျိုးထုတ်လုပ်ရာမှာ လုပ်သားအင်အားနည်းပါးမှှု ပြဿနာတွေ ကြုံတွေ့လာ ပါတယ်။ ဒီလိုကြံုတွေ့လာတဲ့အခါမှာ ကျေးရွာမှာရှိတဲ့သူတွေကို အစုအဖွဲ့နဲ့ပေါင်းစည်းလုပ်ကိုင်လာတတ်တဲ့ အလေ့ အကျင့်လေးတွေ လုပ်ဆောင်လာပါတယ်။ တဦးတယောက်ထဲ မဟုတ်ပဲနဲ့ ဥပမာဆိုပါစို့ ကျွှန်တော်တို့ လယ်ယာ လုပ်ငန်းအတွက် အသုံးပြုမယ့် စက်ပစ္စည်း ဝယ်ယူရေးအတွက်၊ ထွန်စက်တွေဝယ်ဖို့၊ နောက်ဆုံးအဆင့်ထိ ခန့်မှန်းထားတာ တကယ့်အကြီးစားစက်တွေ၊ ရိတ်သိမ်းချွှေလှေ့စက် (Combined Harvester) ဝယ်ဖို့အထိ ကျေးရွာနေပြည်သူတွေနဲ့ ကျွှန်တော်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ project ရဲ့ အသက်ဖြစ်တဲ့ ပူးပေါင်း ဆောင် ရွက်တတ်ခြင်း အလေ့အထကြောင့် လုပ်သားရှားပါးမှု ပြဿနာကို ကျော်လွှားနိုင်ဖို့လည်း ဆောင်ရွက် ပါတယ်။ အဲ့ဒါတင် မကပါဘူး ကျွှန်တော်တို့ ကန်ကြီးထောင့်မြို့နယ်ထဲမှာ မြန်မာဆယ်မာအူးလ်အွန်ဒုံစံပြကျေးရွာ (၅) ရွာရှိပါတယ်။ တရွာ နဲ့ တရွာလည်း စံပြကျေးရွာစိတ်ဓါတ်ဖြစ်တာကြောင့် (၅) ရွာဆိုသော်ငြားလည်းပဲ (၁)ရွာထဲပါပဲ။ အဲဒီတော့ တရွာနဲ့ တရွာမှာ လုပ်သားအင်အားအခက်အခဲရှိမယ်ဆိုရင် တရွာက လာရောက်ကူညီတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပါတယ်။ ပူးပေါင်း ဆောင်ရွက်တတ်တဲ့အားကြောင့် ကျေးရွာနေပြည်သူ တွေရဲ့ဝင်ငွေတိုးပွားရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်လိမ့်လို့လည်း မျှော်လင့်ပါတယ်။ (08:05 – 09:11)

အောင်ကျော်မိုး။ ။ အခုလိုကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှာ စံပြဆောင်ရွက်နေတဲ့ မြန်မာ ဆယ်မာ အူးလ်အွန်ဒုံကျေးရွာသစ် စီမံကိန်းဟာ အဓိကဒေသခံတောင်သူတွေ စိုက်ပျိုးရေး နဲ့မွေးမြူရေးလုပ်ငန်းတွေမှာ အဆင်ပြေ စေဖို့ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာတွေမှာ အသေးစားချေးငွေ လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်နေတာ ကြောင့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးလာပြီး ဒေသခံပြည်သူတွေ ဝင်ငွေတိုးတက်မှု ရှိလာပါတယ်။ (09:12 – 09:35)

ဦးမြင့်အောင် (ဝင်ငွေတိုးပွားရေးခေါင်းဆောင်၊ ညောင်ချောင်းကျေးရွာ)။ ။ ဝင်ငွေတိုးပွားရေး ခေါင်းဆောင်မှာ လုပ်ငန်း ခွဲ (၂) ခု ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ပြီးတော့ အသေးစားချေးငွေ လုပ်ငန်းဆိုပြီး ခေါင်းစဉ် (၂)ခုနဲ့ အလုပ်လုပ် ပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးသမားတွေကို ဓါတ်မြေသြဇာ၊ သွင်းအားစုတွေ ဒါတွေကို ကျွှန်တော်တို့ တစ်သိန်း ထုတ်ချေးပါတယ်။ မွေးမြူရေးလုပ်ငန်းမှာက ဝက်မွေးမြူရေးရှိမယ်။ တပိုင်တနိုင် ကြက်မွေးမြူရေး ရှိတယ်။ အသေးစား စျေးရောင်း၊စျေးဝယ်တွေရှိတယ်။ သူတို့ကိုလည်းပဲ ကျွှန်တော်တို့ တစ်သိန်းနှုန်း ချေးပါတယ်။ အဲဒီ နေရာမှာ ထူးခြားတာက စိုက်ပျိုးမွေးမြူရေးသမားကို သီးနှံပေါ်ချိန် (၆) လကို (၂) ကျပ်တိုးနဲ့ (၆) လပြည့်တဲ့အခါမှာ အတိုး အရင်းရော ပြန်လည်ပေးဆပ်ပါမယ်ဆိုတဲ့ စာချုပ်နဲ့ သူတို့ သဘောတူညီမှု ရယူပြီးတော့ (၆) လ ပြည့်တဲ့အခါ ပြန်လည် အကြေအလည် ပေးဆပ်ပါတယ်။ မွေးမြူရေးလုပ်ငန်းသမားနဲ့ အသေးစား ခေါင်းရွက်ဗျပ်ထိုးသမားတွေကတော့ သူတို့ ပိုက်ဆံ တစ်သိန်း ချေးတဲ့အခါမှာ (၁၀) လ သတ်မှတ်ထားပါတယ်။ (09:36 – 10:39)   

အောင်ကျော်မိုး။ ။ ကျေးရွာငွေကြေးအထောက်အကူပြုကော်မတီကနေ လယ်ယာသုံးစက်ကရိယာများ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ရေးအတွက် ကျေးရွာလူထုတွေကို ကူညီဆောင်ရွက်ပေးမှုတွေရှိနေပါတယ်။ (10:40 – 10:53)

ဦးမြင့်အောင်။ ။ စက်ပစ္စည်းနဲ့ဆောင် ရွက်ရမယ်ဆိုရင်တော့ လယ်သမားဟာ ကိုင်းစက်တစ်စီး ဝယ်ချင်တယ် ဆိုရင် တော့ ဥပမာ တစ်စီးကို (၁၀) သိန်းကျတယ်ဆိုရင် ၄၀% ကို သူအရင်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းကို SMU ကနေ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ စာချုပ်ကလည်း သူအရင်းမကျေသေးတာကြောင့် SMU ရဲ့စာချုပ်နဲ့ပဲ ကုမ္ပဏီပဲ ဖြစ်ဖြစ်၊ သူကြိုက်နှစ်သက်တဲ့နေရာမှာ စာချုပ် ချုပ်ပြီးတော့ ဒီစက်ကို ဝယ်ယူလိုက်ပါတယ်။ ပြီးတော့ လယ်သမားက ပေးသွင်းရမဲ့ အရစ်ကျစနစ်နဲ့ နှစ်ရှည် (၂) နှစ် သတ်မှတ်ထားပါတယ်။ အဲဒီ (၂) နှစ်ထဲမှာ ကျေပြီးဆိုတာနဲ့ နောက်ဆုံး သူပေးဆပ်တဲ့ အတိုး၊ အရင်းနဲ့ သူ့နံမည်ကို SMU က လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ (10:54 – 11:48) 

အောင်ကျော်မိုး။ ။ ဒေသခံတောင်သူတွေ လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာနိုင်တာနဲ့အမျှ လယ်ယာလုပ်ငန်း ခွင်မှာ ကြုံတွေ့နေရတဲ့ အလုပ်သမားအခက်အခဲတွေကို လည်းကျော်လွှားနိုင်မှာဖြစ်ပါတယ်။ (11:49 – 11:59)

ဦးမြင့်အောင်။ ။ အခုလောလောဆယ်ကတော့ စက်မှုလယ်ယာကတော့ ကျွှန်တော်တို့ကို ကမ်းလှမ်းတယ်။ သူတို့ရဲ့ စက်ပစ္စည်းတွေကို လယ်သမားက ဧက (၃၀) ရှိရမယ်၊ (၂၀) ရှိရမယ်။ ဒါမှမဟုတ်ရင်လည်း ဧက (၃၀) ပြည့်အောင် (၅) ဦးစုလိုက်မယ်။ စုပြီးတော့သူက အကြွေးစနစ်နဲ့လည်း စက်မှုလယ်ယာကလည်း ထုတ်ချေး ပေးမယ်ပေါ့၊ သမ ဆိုရင်လည်း သမက ထုတ်ချေးပေးမယ်။ ဒီလိုလေးတွေတော့ ကမ်းလှမ်းထားတယ်။ ဖြည့်စွက်ပြီးတော့ ရှေ့ဆက်ပြီး ဆောင်ရွက်ဖို့ ဦးတည်ထားတယ်ပေါ့နော်။ ငွေကြေးများတဲ့အခါကြတော့ ချေးဖို့က စိုက်ပျိုးမွေးမြူရေးသမကတော့ ချေးမယ်ဆိုတာသိရလို့ ဝမ်းသာပါတယ်။ ဒီလုပ်ငန်းကိုလည်း လာမဲ့နှစ်မှာ အကောင်အထည်ဖေါ်ဖို့ ကိုလည်း စီမံကိန်းဆွဲထားပါတယ်။ (12:00 – 12:42)   

အောင်ကျော်မိုး။ ။ ကန်ကြီးထောင့်မြို့နယ် ညောင်ချောင်းကျေးရွာမှာ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းဟာ ကျေးရွာအတွက် ကွန်ကရစ်လမ်းတွေ တည်ဆောက်နိုင်ခဲ့ပြီး တနိုင်တပိုင်စီးပွားဖြစ် လုပ်ငန်းတွေကလည်း ဒေသခံပြည်သူတွေရဲ့ မိသားစု ဝင်ငွေ တိုးတက်ကောင်းမွန်လာအောင်ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ (12:43 – 12:58)

ဒေါ်ဝင်းမာဦး (ညောင်ချောင်းကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ် )  ။ ။ SMU ကနေ ကျွှန်မတို့ကို ပိုက်ဆံ တစ်သိန်း ချေးပါ တယ် ။ (၁၀)လ ကို အရင်း က တစ်သိန်း၊ အတိုးက (၂)သောင်းကျပ် နှုန်းနဲ့ တသိန်းနဲ့ နှစ်သောင်း ပြန်ဆပ်ရပါမယ်။ ကျွှန်မ ရဲ့ ဝက်မွေးမြူရေးက ဝက်က (၇) ကောင်ပေါက်တယ်ပေါ့၊ ပြန်ရောင်းရင် သုံးသိန်းခွဲရပါမယ်။ အဲဒီထဲက တစ်သိန်း နှစ်သောင်း အကြေပြန်ဆပ်နိုင်မယ်ပေါ့။ ကျန်တာတော့ ကျွှန်မအတွက်က အကျိုးအမြတ်ပေါ့နော်။ (12:59 – 13:18) 

ဒေါ်အမာစိန် (ညောင်ချောင်းကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်) ။ ။ ဒီပရောဂျက်နဲ့တွဲပြီးလုပ်တဲ့ လုပ်ငန်းတွေက ကွန်ကရစ် လမ်းလည်း ခင်းထားတယ်။ ကျေးလက်ဆေးပေးခန်းလည်း ဆောက်ထားတယ်။ တပိုင်တနိုင်ဝက်မွေးတာလည်း ရှိတယ်။ နောက်ပြီး ဝင်ငွေတိုးပွားရေးလည်း ရှိပါတယ်။ အရင်တုန်းကနဲ့ အခုနဲ့ ဘာမှ မတူတော့ဘူး။ တိုးတက်ပြောင်းလဲလာတော့ အများကြီး  ဝမ်းသာနေကြတယ်။ (13:19 – 13:39)

အောင်ကျော်မိုး။ ။ ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ပါတယ်။ တချို့ကျေးရွာတွေမှာ သွားလာရေးခက်ခဲမှုတွေကြောင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့ပေမဲ့ တချို့ကျေးရွာတွေမှာတော့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ ဌာနတွေမှ အားပေးကူညီမှုတွေကြောင့် တိုးတက်မှုတွေရရှိနေပြီ ဖြစ်ပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အခုလို အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်ရှိလယ်သမား အများစုကြုံတွေ့ နေရတဲ့ အလုပ်သမားအခက်အခဲ ပြသာနာတွေ၊ စက်မှုလယ်ယာသုံးစွဲနိုင်မှု အခက်အခဲတွေနဲ့ အခြားစိန်ခေါ်မှုတွေကို အတူပူးပေါင်း ဆောင်ရွက်ပြီး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ (13:40 – 14:16)

ဦးထွန်းအောင်ကျော် (ညွှန်ကြားရေးမှုး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်မြို့) ။ ။ ကျွှန်တော်တို့ ဒီအဖွဲ့အစည်းတွေရဲ့ အကူ အညီနဲ့ ဆောင်ရွက်နေတဲ့အထဲမှာ ကျွှန်တော်အမြင်အရပေါ့ အကူအညီတွေကတော့ အမျိုးမျိုးတော့ ပေးနေတာပေါ့။ ထင်သာမြင်သာရှိတဲ့ အောင်မြင်မှု အကူအညီမျိုး ပြပါဆိုလျှင် ကျွှန်တော်တို့  KOICA နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ဆယ်မာ အူးလ်အွန်စံပြကျေးရွာပေါ့။ အဲ့ဒီကျေးရွာတွေရဲ့ လုပ်ငန်းဆောင်ရွက်တာ အတော်လေး သိသိသာသာ အချိန်တိုအတွင်းမှာ အောင်မြင်ပါတယ်။ အောင်မြင်တယ်ဆိုတာက ဒီကျေးရွာသူ ကျေးရွာသားတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ တော်တော်လေးကို ပြုပြင်ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ဒါရဲ့ အောင်မြင်မှုကလည်း အကူအညီပေးတဲ့ ငွေပေါ်မှာ မမူတည်ပါဘူး။ သူတို့ ကိုယ်တိုင် လုပ်ချင်တဲ့စိတ်ဆန္ဒ၊ လုပ်နိုင်တဲ့ စိတ်ဆန္ဒ၊ စုပေါင်းညီညွတ်တဲ့ စိတ်ဆန္ဒ၊ ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင် တဲ့ အချက်အလက်တွေကနေပြီး မူတည်ပြီးတော့ ဒီလုပ်ငန်းတွေ အောင်မြင်တာပါ။ (14:17 – 15:20) 

အောင်ကျော်မိုး။ ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တာနဲ့အညီ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရာမှာ လယ်သမားတွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေကိုလည်း အထိုက် အလျောက်ဖြေရှင်းနိုင်မှုတွေရရှိပြီ ဖြစ်ပါတယ်။ (15:21 – 15:34)

ဦးထွန်းအောင်ကျော်။ ။ လယ်ယာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဌာနပေါင်းစုံက သူ့ရဲ့ ကူညီနိုင်တဲ့ရှု့ထောင့်ကနေ လယ် သမားတွေကို အကူအညီပေးရမှာပါ။ ကူညီပေး နိုင်အောင်လည်းပဲ လယ်သမားတွေကလည်း တစ်ဦးကောင်းတစ်ယောက် ကောင်း မဟုတ်ပဲနဲ့ အစုအဖွဲ့တွေ လုပ်ရမယ်။ အစုအဖွဲ့တွေလုပ်ချင်းအားဖြင့် အဖွဲ့အစည်းပေါ်မှာ လေးစားမှု၊ အလေး ထားမှု၊ ဒါတွေဟာ ပြောင်းလဲသွားမှာပါ။ တစ်ဦးတစ်ယောက်ထဲသွားလုပ်လို့ရှိရင် ဂရုစိုက်မှု နည်းမှာပေါ့နော်။ အစုအဖွဲ့ နဲ့လုပ်လိုက်တယ်ဆိုရင် ဥပမာအားဖြင့် မျိုးတစ်ခုထုတ်လိုက်ပြီ၊ စိုက်တဲ့သီးနှံတစ်ခုက ထွက်လာပြီဆိုရင် တယောက်ချင်း သွားရောင်းရင် စျေးကွက်အားဖြင့် သိပ်အလေးထားမှု ရှိမှာ မဟုတ်ပါဘူး။ သို့သော်လည်းပဲ တရွာလုံးကခြုံပြီး အများကြီး ထုတ်လုပ်တဲ့ အဆင့်မျိုး ရောက်သွားရင်တော့ သက်ဆိုင်ရာ ကုန်သည်ကြီးတွေ၊ လက်ကားစျေးကွက်တွေက အခွင့်အရေး ပေးလာနိုင် ပါတယ်။ ဒါကြောင့်မို့လို့ ကျွှန်တော်တို့ လယ်သမားတွေကို အစုအဖွဲ့ပုံစံမျိုးနဲ့ စုစည်းပြီးတော့ လုပ်စေချင် ပါတယ်။ (15:35 – 16:52) 

အောင်ကျော်မိုး။ ။ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေရဲ့ ငွေကြေးအထောက်အကူနဲ့ ရင်းနှီးမြုပ်နှံမှုတွေ  ပိုမိုပြီးအထောက်အကူရလာတာဖြစ်တဲ့အတွက် မြန်မာ့လယ်ယာ ကဏ္ဍဟာ ပိုပြီးတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။ (16:52 – 17:10)

 



Download
ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောတစ်ခိုင် သားတစ်ထိုင်"