အစားထဲက ပိုးတွေ…….(၁)

27/09/2019 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစ်မ။    ငါပြောသားပဲ ဝမ်းသွားမယ် နေမကောင်းဖြစ်မယ် အပြင်စာတွေ မစားပါနဲ့ဆို။

ကျွန်တော်။    စားမိတော့လည်း ဖြစ်တာပေါ့ အမရယ်။ မတတ်နိုင်ဘူးလေ။ ခုမှတော့ ပြောမနေနဲ့တော့။ နောက်ဆို ဘာလုပ်ရမလဲပဲ ပြော။ …. ခဏလေး ဗိုက်က အောင့်လာပြန်ပြီ။

အစ်မ။     အေးဟေ သွားသွား တကတည်း…..မပြောလိုက်ချင်ဘူး။ စားတာလည်း စားပေါ့၊ ကြည့်လည်း စားပေါ့အေ…..ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ပါတာ စားတော့ ဖြစ်ပြီပေါ့။ 

   ဟုတ်ပါတယ်။ အစားအသောက်တွေထဲမှာ မျက်စိနဲ့မမြင်ရပေမယ့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါဝင်နေတယ်ဆိုတာ သိကြပါသလား။  ဘာကောင်တွေလဲ ဆိုတာ ကြည့်လိုက်ပါဦး။

Campylobacter

   ဘယ်မှာတွေ တွေ့ရတတ်လဲဆိုတော့ အပူမပေးထားတဲ့ နို့တွေ၊ ကြက်သား၊ ကြက်ဆင်၊ ကမာတွေ ၊ ဂုံးကောင်တွေနဲ့ တစ်ချို့ မသန့်တဲ့ရေတွေမှာ တွေ့ရတတ်ပါတယ်။ 

   ကူးစက်ခံရပြီး နေမကောင်းတာဖြစ်ဖို့ဆိုရင် (၂) ရက်ကနေ (၅)ရက်လောက်ကြာတတ်ပြီး၊ ကူးစက်ခံရပြီဆိုရင် ဝမ်းသွားမယ်။ ကြွက်တက်တယ်။ ဖျားနာမယ်။ ဝမ်းသွားရင် သွေးပါတတ်တယ်။ ပျို့အန်တာမျိုးလည်း ရှိမယ်။ ခံစားရတာ (၂) ရက်ကနေ (၁၀) ရက်လောက်အထိ ကြာနိုင်ပါတယ်။

   ဖြစ်တယ်လို့ သံသယရှိရင် ဘာလုပ်ရမလဲဆိုတော့ ရေများများသောက်ပြီးတော့ ရေဓာတ် ခန်းခြောက်တာဆိုးရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်မှာပါ။ အန်တီဘိုင်အိုတစ် (ပိုးသတ်ဆေး) ဆေးတွေ သောက်မယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ သောက်ဖို့ အကြံပြုပါတယ်။ 

   ကြိုတင်ကာကွယ်တာမျိုးလုပ်ချင်တယ်ဆိုရင် နို့ဆိုလည်း အပူပေးပြီးတော့မှ သောက်ပါ။ ပြီးတော့ ရေသောက်တယ်ဆိုလည်း သန့်စင်တယ်လို့ ယူဆရမှ သောက်သုံးပါ။ ကမာ၊ ဂုံး၊ ဂဏာန်းတွေကို စားမယ်ဆိုလည်း သေသေချာချာ အပူပေးပြီးတော့မှ ချက်ပြုတ်စားသောက်ပါ။ 

Clostridium perfringens

   အမဲသား၊ ကြက်သား၊ စားပွဲပေါ်မှာ အကြာကြီးဖြစ်နေတဲ့ စွပ်ပြုတ်တွေ အသားဟင်းတွေ၊ ပူလိုက် အေးလိုက်ထားပြီးတော့ ကြာနေတဲ့ အသားဟင်းတွေကနေ အစားအစာတွေကနေ လူ့ခန္ဓာကိုယ်ကို ဝင်ရောက်သွားကြပါတယ်။ 

   သူတို့တွေကူးစက်ပြီး ဖြစ်ဖို့အတွက် အချိန်က (၆) နာရီကနေ (၂၄) နာရီ ကြာတတ်ပါတယ်။ သူကတော့ ဝမ်းသွားမယ်၊ ပြီးတော့ ဗိုက်အောင့်မယ်။ အဖျားမတက်ဘူး မအန်ပါဘူး။ ၂၄ နာရီကြာမယ်၊ ဆိုးရင်တော့ တစ်ပတ်ကနေ နှစ်ပတ်အထိကြာအောင် ခံစားရတတ်ပါတယ်။ 

   ဖြစ်လာတယ်ဆိုရင် ရေများများသောက်ဖို့ပဲ အကြံပေးထားပါတယ်။ ရေလို့ဆိုရာမှာ ရေဓာတ်ခမ်းခြောက်တာကို ကာကွယ်နိုင်ဖို့ သောက်ခိုင်းတာပါ။ 

   ဘယ်လိုကာကွယ်လို့ရမလဲဆိုတော့ အသားတွေဆိုရင် ကောင်းကောင်းကျက်အောင် ချက်ပေးပါ။ အသားအထဲအထိ ကျက်အောင်ချက်ပါ။ သေချာချင်ရင်တော့ အစားတွေကို တိုင်းတဲ့ သာမိုမီတာလေးနဲ့ တိုင်းပေးပါ။ မကျက်တစ်ကျက်တွေ အစိမ်းတွေဆိုတာက စိတ်မချရပါဘူးနော်။ ပြီးတော့ အဲ့လိုဖြစ်တတ်တဲ့နေရာမှာ နေတယ်ဆိုရင် အစားအစာတွေကို ပူပူနွေးနွေးထားပြီး (၂) နာရီ အတွင်း စားပေးပါ။ အစားအစာတွေ ကျန်တယ်ဆိုရင် မိုက်ခရိုဝေ့နဲ့ ၁၆၅ ဒီဂရီ ဖာရင်ဟိုက်မှာ နွေးပေးပါ။ အအေးခံမယ်ဆိုရင်လည်း ၄၀ ဒီဂရီဖာရင်ဟိုက်မှာပဲ ထားပေးပါ။ 

E. coli 

   ကဲ ကောင်းကောင်းမချက်ထားတဲ့ အမဲသားလေးတွေ၊ အပူမပေးထားတဲ့ နို့တွေ၊ နို့တွေကနေ လုပ်ထားတဲ့ ချိစ့် တွေမှာ၊ ကောင်းကောင်းဆေးကြောထားတာမရှိတဲ့ ဆလပ်ရွက်တွေ၊ အစိမ်းရောင် အသီးအရွက်တွေမှာ ပါဝင်နေတတ်ပါတယ်။ ပြီးတော့ မသန့်တဲ့ရေတွေမှာလည်း ပါတယ်။ ရေကူးကန်တွေထဲကရေတွေ ပါးစပ်ထဲဝင်သွားတာတို့ကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ ပြီးတော့ တိရိစ္ဆာန်တွေနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိနေတတ်ပါတယ်။ နွား၊ သိုးနဲ့ ဆိတ်တွေပေါ့။ ပြီးတော့ လူ့မစင်တွေကနေတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။ 

   ပိုးတွေ ထကြွသောင်းကျန်းဖို့ဆိုရင် (၁)ရက်ကနေ (၁၀) ရက်လောက်အထိ ကြာတတ်ပါတယ်။ ပြီးတော့ ကူးစက်ခံရပြီဆိုရင် ဝမ်းသွားပါမယ်။ သွေးပါတတ်ပါတယ်၊ ဗိုက်အောင့်မယ်။ အဖျားနည်းနည်း ရှိနိုင်တယ်။ ဒါပေမဲ့ အများကြီးဖျားမှာတော့ မဟုတ်ပါဘူး။ 

   ဆီးသွားတာ တော်တော့်ကိုနည်းသွားမှာပါ။ အဲ့လို ဖြစ်တဲ့အပြင်ကို ပိုးဝင်ရောက်ခံရတဲ့သူတွေရဲ့ ဆီးအရောင်ဟာဆိုရင် အဝါရောင်ကိုမှ မှောင်တဲ့ဖက်ကိုသွားပါတယ်။ မျက်နှာကလည်း ဖြူဖတ်ဖြူရော် ဖြစ်နေမှာပါ။ ဖြစ်တာက ဘယ်လောက်ကြာမလဲဆိုရင်တော့ (၅)ရက်နေ (၁၀)ရက်လောက်ကြာမှာဖြစ်ပြီးတော့ တော်တော်များများကတော့ (၆) ရက်ကနေ (၈)ရက်လောက်အတွင်းမှာ ပျောက်တတ်ကြပေမဲ့ ဆီးဝါတာပါဖြစ်နေတယ်ဆိုရင်တော့ တစ်ပတ်လောက်ထိ ထပ်ကြာတတ်ပါတယ်။ 

   ဘာလုပ်ရမလဲဆိုတော့ အရည်များများသောက်ပါ။ သောက်ရဲ့သားနဲ့မှ ရေဓာတ်ခမ်းခြောက်တယ်လို့ ခံစားရတာဖြစ်ဖြစ်၊ သွေးဝမ်းသွားတာဖြစ်ဖြစ်၊ အစာအိမ်နာတာဖြစ်ဖြစ်ကြုံရတယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ 

   ကာကွယ်ဖို့ဆိုရင် ကောင်းကောင်းမကျက်တဲ့အသားတွေကို မစားပါနဲ့၊ အထူးသဖြင့် အမဲသားကိုပေါ့။ အပူမပေးထားတဲ့ နို့တွေ အအေးတွေ၊ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ အစားမစားခင် လက်ဆေးပါ။ တိရိစ္ဆာန်တွေကို ကိုင်တွယ်ပြီးတော့ဖြစ်ဖြစ်၊ အညစ်အကြေးတွေ ကိုင်တွယ်မိရင်ဖြစ်ဖြစ်  လက်ကိုသေချာစွာဆေးပါ။ 

Hepatitis A

   ဘယ်တွေမှာ နေတတ်လဲ ဆိုတော့ ခရု၊ ကမာ၊ ဂုံး၊ ဂဏာန်း စတဲ့ အခွံမာကောင်တွေကို အစိမ်းဖြစ်ဖြစ် မကျက်တကျက်ချက်ထားတာဖြစ်ဖြစ်၊ မချက်ရသေးတဲ့ အစာအစာတွေ ချက်ပြီးတဲ့ အစားအစာတွေကနေလည်း တစ်ဆင့် ကူးစက်နိုင်ပါတယ်။ 

   သူတို့တွေကိုစားမိပြီးရင် ဘယ်လောက်ကြာမှလဲဆိုတော့ (၂၈) ရက်ကြာမှပဲ လက္ခဏာတွေ စပြီးတော့ ပြမှာပါ။ ပျမ်းမျှအားဖြင့် (၁၅)ရက်ကနေ ရက်ပေါင်း (၅၀)လောက်ကြာတတ်ပါတယ်။ 

    လက္ခဏာတွေမှာ ဘာတွေပါမလဲဆိုရင် ဝမ်းသွားမယ်၊ ဆီးအရောင်က အနက်ဖက်ကိုရောက်မယ်။ အရောင်ရင့်နေမယ်။ ရေနွေးကြမ်း အကျရောင်ဖက်ကို ရောက်နေပါတယ်။ မစင်ကလည်း အရောင်ဖျော့နေမှာပါ။ အဖျားလည်း ရှိတတ်တယ်။ အသားနည်းနည်းဝါတယ်။ အော့အန်ချင်တယ်။ အဆစ်အမြစ်တွေကိုက်ခဲတယ်။ အစာအိမ်မှာ အောင့်တတ် နာတတ်တယ်။ စားချင်စိတ်တွေလည်း ပျောက်တတ်တယ်။ ပြီးတော့ ဝမ်းသွားတတ်တယ်။ အဲ့ဒါတွေ ဖြစ်တတ်ပါတယ်။ 

   ဖျားတာနာတာတွေ ဖြစ်တာက (၂) ပတ်ကနေ (၆) လ လောက်အထိတောင် ကြာတတ်ပါတယ်။ အဲ့ကာလမှ ဘာတွေလုပ်ရမလဲဆိုတော့ ချက်ချင်း ဆရာဝန်နဲ့ပြပြီး ကုသရမှာဖြစ်ပါတယ်။ 

   အဲ့လိုမဖြစ်အောင် ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ခရုတွေကို အစိမ်းစားတာမျိုး၊ ပြီးတော့ ခရု၊ ကမာ၊ ဂဏာန်းတွေစားတာကို သတိထားပေးပါ။ သေးခံတွေ လဲတာလိုမျိုး အညစ်အကြေးတွေကိုင်ပြီးရင် လက်ကိုသေချာဆေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ လုပ်ပါ။ 

   ကာကွယ်ဆေးထိုးတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ Hepatitis A ကို ကြိုတင်ကာကွယ်ဆေး ထိုးထားတာကတော့ ကလေးတွေ အသက် (၁) နှစ်အောက်မှာ ထိုးပေးပါ။ ထိုးထားသင့်ပါတယ်။ ကလေးမဟုတ်ပဲ လူကြီးတွေလည်း ထိုးပေးလို့ရပါတယ်။ ကိုယ်က Hepatitis A နဲ့ ထိတွေ့ရဖို့ များတယ်ဆိုရင် ရဲရဲထိုးထားလိုက်ပါ။ သူက ခံစားရတာ အပြင်းဆုံး ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ 

Listeria 

   များသောအားဖြင့်လည်း နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ တစ်ဆင့်ဖြစ်ဖြစ်၊ တစ်ချို့ဟင်းသီးဟင်းရွက်တွေ (ပဲပင်ပေါက်လို) ဖြစ်ဖြစ်၊ စားနေကျ ဟော့ဒေါ့တွေကနေလည်း ကူးတတ်တယ်။ အသင့်စားဆိုတဲ့ အသားတွေကနေလည်း ကူးတတ်တယ်။ အအေးခန်းတွေထဲမှာ သိုလှောင်ထားတဲ့ အကင်တွေပေါ့၊ အဲ့ကနေလည်း ကူးတတ်ပါတယ်။ ကူးစက်ခံရပြီးတော့ (၇)ရက်နေ့ကနေ ရက်ပေါင်း (၇၀) လောက်အထိ ကြာနိုင်ပါတယ်။ 

   လက္ခဏာတွေမှာ ဖျားတာနာတာတွေပါမယ်၊ အစာအဆိပ်သင့်တာနဲ့ တူသလိုလိုရှိပေမဲ့ သူကတော့ ခွဲခြားရနည်းနည်းတော့ ခက်ပါတယ်။ ဒီ ဘက်တီးရီးယားတွေက အူတွေကြားထဲမှာ ပျံ့နှံ့ပြီးတော့ နေမကောင်း မကျန်းမာတာဖြစ်စေပါတယ်။ 

   ကိုယ်ဝန်ဆောင်တွေဆိုရင် ဖျားမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲနေမယ်။ တစ်ခါတစ်လေမှာ လုံးဝမဖြစ်ပဲ ပုံမှန်အတိုင်းဖြစ်ပြီးတော့ အထဲကကလေးက သေတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ကြောက်ဖို့ ကောင်းပါတယ်နော်။ သာမာန်လူတွေမှာ ကူးစက်ခံရရင်တော့ လည်ပင်းခိုင်နေမယ် လှုပ်ရတာ မလွယ်ဘူး၊ စိတ်ရူပ်လွယ်နေမယ်။ အာဟာရတွေ မညီမျှတော့ဘူး၊ ဖျားတာနာတာ၊ ကြွက်သားကိုက်ခဲတာအပြင်ကိုမှ တစ်ခါတစ်လေမှာ တက်တာပါ တွဲပါလာပါတယ်။ ကာလကတော့ ရက်ပိုင်းကနေ ရက်သတ္တပတ်လောက်ထိပဲ ကြာပါတယ်။ 

   ဘယ်သူတွေမှာ အန္တရာယ်များလဲဆိုရင် ၆၅ နှစ်အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးလေးတွေ၊ ပြီးတော့ ကိုယ်ခံအားနည်းတဲ့သူတွေ မကြာခဏ ဖျားတတ်တဲ့သူတွေဆိုရင် သတိထားသင့်ပါတယ်။ 

   ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြပြီးတော့ အန်တီဘိုင်အိုးတစ် သောက်ပေးရမှာဖြစ်ပါတယ်။ 

   ကြိုတင်ကာကွယ်ချင်တယ်ဆိုရင် ကူးစက်နိုင်တဲ့အစားအစာတွေ ကြပ်ခိုးတိုက်ပြီး အအေးခန်းထဲ ထည့်ထားတဲ့ အစားအစာတွေ မစားဖို့ မှာချင်ပါတယ်။ ရေခဲသေတ္တာထဲမှာ လီမွန် ဖြစ်ဖြစ် သံပုရာဖြစ်ဖြစ် ထည့်ထားပေးလို့ရပါတယ်။ စားပြီး ကာကွယ်လည်းရပါတယ်။ 

Norovirus

   အသုပ်တွေ၊ ဆန်းဒဝှစ်တွေ၊ ရေခဲတွေ၊ ကွတ်ကီး၊ အသီးတွေ စတဲ့ အရာတွေမှာ ဒီဗိုင်းရပ်စ်တွေက နေထိုင်နိုင်ပါတယ်။ တိုက်ခိုက်ခံရတဲ့ သူတွေဆီက အညစ်အကြေးတွေကနေ အော့အန်ထားတဲ့ အရာတွေကနေလည်း ပြန်ပြီးတော့ ကူးနိုင်ပါတယ်။ တိုက်ခိုက်ဖို့အတွက်ကို ၁၂ နာရီကနေ ၁၈ နာရီလောက်ပဲ အချိန်ယူပါတယ်။ တိုက်ခိုက်ခံရပြီဆိုရင် ဗိုက်အောင့်မယ်။ အန်မယ်၊ ဝမ်းသွားမယ်၊ နုံးနေမယ်။ ဝမ်းသွားတာကတော့ သွေးမပါပဲ အရည်တွေပဲဖြစ်နေမှာပါ။ လူကြီးတွေမှာ ဝမ်းသွားတာတွေ ဖြစ်တတ်ပြီးတော့ ကလေးတွေကတော့ အန်တာက များပါတယ်။ ကြာတာက (၁)ရက်ကနေ (၃)ရက်လောက်ပဲ ကြာမှာဖြစ်ပေမဲ့ ကိုယ်ခံအားနည်းတဲ့သူတွေ ဆိုရင်တော့ (၄) ရက်ကနေေ (၆)ရက်လောက်အထိ ကြာနိုင်ပါတယ်။

   ဖြစ်ပြီဆို ဘာလုပ်ရမလဲဆိုတော့ အရည်များများဝင်အောင် စားသောက်နေထိုင်ဖို့ပါပဲ။ မသက်သာဘူးဆို ဆရာဝန်နဲ့ ပြပြီး ဆေးသောက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ 

   ကြိုကြိုတင်တင် ကာကွယ်ချင်တယ်ဆိုရင်တော့ လက်ကို စက္ကန့် (၂၀)လောက် သေချာ ပြောင်စင်အောင် ဆေးပြီးမှ အစားအစာ ပြင်ဆင်တာတွေကိုလုပ်ပေးပါ။ သုံးစွဲတဲ့ ပစ္စည်း ကိရိယာတွေကို သေချာသန့်စင်အောင်လုပ်ပြီးတော့မှ သုံးစွဲပေးပါ။ 

   တကယ်လို့ ကိုယ်က ကူးစက်ခံရတယ်ဆိုရင် သူများလုပ်ပေးတာပဲစားပါ။ သူများကို လုပ်ပေးဖို့မကြိုးစားပါနဲ့။ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေကို သေသေချာချာဆေးပေးပါ။ ခံစားရတဲ့ လူနာဝတ်ထားတာတွေကို ချက်ချင်း သီးခြားထားပြီး လျှော်ပေးပါ။ 

မောတယ်အေ…. ရေနွေးပူပူလေး မှုတ်သောက်လိုက်ဦးမယ် ခဏစောင့်…………..နောက်ထပ် လာပါဦးမယ်။

ထွန်းဝင်းကျော်

https://www.foodsafety.gov/food-poisoning/bacteria-and-viruses


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်