ကျနော်နဲ့ စိုက်ပျိုးရေးလောက

25/03/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (117)  Agriculture, my parents and my life (Part-1)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၁၇) 

ဒီတခါတော့ ကျွန်တော် စိုက်ပျိုးရေးကို ဘယ်လိုမျက်စိလည် ရောက်ရှိလာပုံကို ကျွန်တော့်မိဘများနှင့်အတူ လျှောက်လှမ်းခဲ့ပုံများ၊ ကျွန်တော်တက်ခဲ့ရသော စိုက်ပျိုးရေးတက္ကသိုလ်များအကြောင်းကို  ဆောင်းပါးလေးရေးပါမည်။ ကျွန်တော်၏မိဘနှစ်ပါးမှာ မူလတန်းကျောင်းအုပ်ဆရာ ၂ ဦးဖြစ်ပြီး ဆင်ပေါင်ဝဲ မြို့နယ်၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း ဇောင်ချမ်းတောင်ရွာမှာ နေထိုင်ခဲ့ကြသူများဖြစ်၍ ကျွန်တော့် ဘဝ ထိုနေရာလေးမှ စတင်ခဲ့ပါသည်။ ပြည်မြို့နယ်ဆေးရုံတွင် မွေးဖွားခံခဲ့ရပြီး ငယ်နာမည်မှာ မောင်ပြေဖြစ်သည်။ မူလတန်း (၄-တန်း) အထိကို ဇောင်ချမ်းတောင်ရွာမှာနေခဲ့ရပြီး အလယ်တန်း ၅ တန်းကို ဆင်ပေါင်ဝဲတွင် တက်ခဲ့ပါသည်။ ထို့နောက် ဇောင်ချမ်းတောင် (အလက) အသစ်ဖွင့်သွား၍ ဇောင်ချမ်းတောင်ရွာသို့ ခေတ္တ ပြန်ပြောင်းတက်ခဲ့ရပါသေးသည်။ 

စိုက်ပျိုးရေးနဲ့ပတ်သက်၍ ဇောင်ချမ်းတောင် (အမက) မှာကတည်းက အဖေက ကျောင်းဥယျာဉ်လုပ်သဖြင့် ငှက်ပျော၊ သင်္ဘော၊ သရက်စသည်တို့ကို ကြားဖူး၊ မြင်ဖူးခဲ့သော်လည်း စိတ်မဝင်စားခဲ့ပါ။ တဖန် ဆင်ပေါင်ဝဲ (အထက) သည်လည်း ထိုစဉ်က စိုက်ပျိုးရေး ကျောင်းဖြစ်၍ စိုက်ပျိုးရေးဆရာ ဦးစိုးသိန်းက ကျောင်းဥယျာဉ်နှင့်အတူ တစ်ချို့ စိုက်ပျိုးရေးဘာသာများ သင်ကြားပေးသည်ကို တစ်စိတ်တစ်ပိုင်းမျှ မှတ်မိခဲ့ပါသည်။

ထိုစဉ်က အထက်တန်းမှာ ၉ တန်း၊ ၁၀တန်း နှစ်တန်းသာရှိပြီး ကျနော်ယူသော သိပ္ပံဘာသာတွဲတွင်  ဇီဝဗေဒ (Biology)၊ ဘူမိဗေဒ (Geology) နှင့် စိုက်ပျိုးရေး (Agriculture) ဘာသာများကို ကြိုက်ကြိုက် မကြိုက်ကြိုက်ယူရသောစနစ်ဖြစ်ရာ ဆင်ပေါင်ဝဲ (အထက)က စိုက်ပျိုးရေးကျောင်း ဖြစ်နေပါတော့သည်။ သို့သော် ကျွန်တော့် ကံက ၉ တန်းအထိသာ ဆင်ပေါင်ဝဲမှာ နေခဲ့ရပြီး မိဘများက ကျွန်တော့်၏ အင်္ဂလိပ်စာ ပိုမိုတိုးတက် ကောင်းမွန်စေရန်ဟုဆိုကာ ၁၀ တန်း တွင် မကွေး အထက-၁ ကျောင်းသို့ ပြောင်းပို့ပါသည်။ အမေကပဲ ကျွန်တော့်ကို လိုက်ပို့ခဲ့ခြင်းဖြစ်သည်။ မကွေး (အထက-၁) သည် ဇီဝဗေဒ တွဲဖက်ယူရသည့် ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။ ကျွန်တော်တို့ခေတ်သည် တက္ကသိုလ်ဝင် စာမေးပွဲ (Matriculation Exam) ကို ၉ တန်း၊ ၁၀ တန်း သင်ခန်းစာများပေါင်းပြီးမှ မေးမြန်းသည့် စနစ် ဖြစ်ပါသည်။ ကျူရှင်မတက်ခဲ့ရသည့် ကျွန်တော့်မှာ ဇီဝဗေဒ ဆရာ ဦးမောင်မောင်၊ ဦးသန်းမြင့်ဌေးတို့သင်သမျှဘဲ သင်ယူခွင့်ရပြီး ၉ တန်း ဇီဝဗေဒ သင်ခန်းစာများကို မဖြေတတ်တော့ပါ။ တဖန် ထိုစဉ်က မကွေးတွင်နာမည်ကြီး အင်္ဂလိပ်စာ ဆရာဦးဆုမြိုင် ကျူရှင်တွင်သင်ခွင့်မရခဲ့၍  ဆယ်တန်း အောင်စာရင်းထွက်လာသောအခါ ကျွန်တော်တက်ချင်သော ရန်ကုန်မြို့ရှိတက္ကသိုလ်များသို့ မရောက်တော့ပါ။ အမှတ်မမီနေခြင်းဖြစ်သည်။

ပထမနှစ်ကျောင်းသားပုံရိပ်

စိုက်ပျိုးရေးတက္ကသိုလ်ကို ဆင်ပေါင်ဝဲမှ ကျွနော့်မိတ်ဆွေ ကိုသန်းထွန်းက အတူတူလျှောက်ကြရအောင်ဟု အကြံပြုသဖြင့် အတူတူလျှောက်ဖြစ်ရင်း ရောက်လာပါတော့သည်။ ပထမနှစ် ကင်းတားဆောင် (ယခုလက်ရှိငွေတောင်ဆောင်) အဆောင်မှူးဆရာ ဦးညွန့်ရွှေ၊ အဆောင်နည်းပြများသည် ကျွန်တော်တို့ အပေါ်ဆောင်အတွက် ဦးနေဝန်းပေါ်၊ အနောက်ဆောင် ဦးခင်မောင်နီတို့ ဖြစ်ပါသည်။ ရောက်လာတော့လည်း လူငယ်ပီပီဝါသနာပါသွားပြီး ပထမနှစ်ကတည်းက လူငယ်စိုက်ခင်းအသင်း၊ ဝက်မွေးမြူရေးအသင်း၊ မြန်မာစာပေအသင်း စသည်တို့တွင် လုပ်အားပေးခဲ့ပါသည်။ ဒုတိယနှစ်တွင် ဘတ်စကက်ဘောကစားခြင်း၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ဆောက်လုပ်ရေးလုပ်အားပေးစခန်းလိုက်ခြင်း ကျောင်းပိတ်ရက်တွင်မပြန်ဘဲ ခေတ်ဦးသမ လယ်ယာတွင် သူငယ်ချင်းများနှင့်အတူတူ ကြံခုတ်စသည်ဖြင့် အတွေ့အကြုံများစွာရရန် ဟိုစပ်စပ်ဒီ စပ်စပ် လုပ်ခဲ့ပါသည်၊ 

တတိယနှစ်တွင်မူ စမ်းသပ်သမ လယ်ယာ (၃) (ထိုခေတ်က ခေတ်ဦးသမလယ်ယာ - ယခုတော့ဤနေရာမရှိတော့ပါ)၊ အမှတ် (၁) တောင်ငူ လူငယ် အားမာန်သမလယ်ယာက အမှတ် (၂) စသည်ဖြင့် ကျောင်းနေရင်း စပါးစိုက် အတွေ့ အကြုံယူကြပါသည်။ နောက်ဆုံးနှစ်တွင်လည်း နဝင်းအဆောင်မှူး ဆရာကြီး ဦးဟန်ညွန့်၏ အဆောင်တွင် နဝင်းဆောင် အဆောင်သာယာရေး ကော်မတီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးသည်။ ပထမနှစ်ရောက်ခါစက ဆရာဦးနေဝန်းပေါ်ဆီမှ (The Random House Dictionary) ၅၇ - ကျပ်၊ တက္ကသိုလ်စာအုပ်ဆိုင်မှ (Oxford Advanced Learner’s Dictionary) ၂၀ ကျပ်ဖြင့် ဝယ်ယူပြီး အင်္ဂလိပ်စာအတွက် စုဆောင်းခဲ့ရတာကို မှတ်မိနေပါသေးသည်။ ထိုစဉ်ကအကြော်တစ်ခု - ဆယ်ပြား၊ ပျဉ်းမနားသွား ကျောက်ကားစီး -ငါးမူး (ငါးဆယ်ပြား)၊ အဆောင်ကြေး ၄၃-ကျပ်၊ ကျောင်းလခ ၁၄-ကျပ် (ကျန်တော်က မူလတန်းကျောင်းဆရာ၏သားဖြစ်၍ ကျောင်းလခလွတ်ငြိမ်းခွင့်ရ - Free Tuition Fees)ပြီး ထောက်ပံ့ကြေးငွေ (Stipend) ၇၅ ကျပ်ရသဖြင့် မုန့်ဖိုးပင် ပိုထွက်လာပါသေးသည်။ (ယနေ့ခေတ် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် - ကျွန်တော် အဖေ၏ မူလတန်းကျောင်းဆရာ လခမှ ၁၂၆-ကျပ်ဘဲ ရတာကိုး)

ကျွန်တော့်မှာ နယ်က ဖြစ်၍ အင်္ဂလိပ်စာကတော့ညံ့ပါသည်။ အင်္ဂလိပ်စာကျူရှင်ဆိုသည်မှာ ၁၀-တန်း မကွေးရောက်မှ တက်ခဲ့ဖူးခြင်းဖြစ်ပါသည်။ သို့သော် ဘွဲ့ကြို ကျောင်းသား ဘဝစာကြည့်တိုက်ရှိ ဘာသာရပ်ဆိုင်ရာ မူရင်းစာအုပ်များ (Original Text and Reference Books) ၏ ဓာတ်ပုံများ၊ အပင်ပုံများကို အဓိကကြည့်ရှုငှားရမ်းဖတ်ရှုရင်း တဖြည်းဖြည်း နားလည်လာပါတော့သည်။

၁၉၇၉ ခုနှစ် စက်တင်ဘာလ နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးသောအခါ လယ်ယာသီးနှံဌာနမှ ပါမောက္ခ ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်းမှ ကျောင်းဆရာ (နေ့စား၊ လပေး) လုပ်မလားဟူ၍ ကမ်းလှမ်းလာသည်နှင့် သူငယ်ချင်းဦးဆန်ဂျေကူးမားနဲ့ အတူ မဟာ စိုက်ပျိုးရေးသိပ္ပံ (ပထမဆုံးဝန်ထမ်းမဟုတ်သောကျောင်းသားများ - First Private Post-Graduate Students at YAU) အနေနှင့် တက်ရောက်ရင်း ရေဆင်းတွင်သောင်တင်ပါတော့သည်။ စိုက်ပျိုးရေးကျောင်းဆရာ ပိုးကလည်း ဝင်သွားပါပြီ (အပင်ရောဂါဗေဒဌာနမှ ကျွန်တော့်ဆရာ ပါမောက္ခဒေါက်တာတိုးလှိုင်ကလည်း သူ့ဌာနမှာ ကျောင်း ဆရာ လုပ်ဖို့ခေါ်ပါသည်။ ကျွန်တော်ကမူ ဓာတ်ခွဲခန်းထဲတွင် အနုကြည့်မှန်ပြောင်း (Microscopes) များနှင့် အလုပ်ရှုပ်နေသည်ထက် ကွင်းထဲသွားလာနေရတာ အပင်များကို တိုင်းထွာနေရ သည်ကိုပိုသဘောကျပါသည်) 

၁၉၇၉ ကျောင်းပြီးသွားသည်မှ လယ်ယာသီးနှံဌာန (Agronomy Department) တွင် နေ့စား၊ လပေး သရုပ်ပြဆရာ လုပ်ဆောင်ရင်း မဟာသိပ္ပံသင်တန်းကို တက်ရောက်ခဲ့ပါသည်။ သင်ကြားခဲ့ရသော ဘာသာရပ်များမှာ ဆရာကြီးဒေါက်တာ စိုင်းမြင့်လွင်၏ အဆင့်မြင့်စာရင်း အင်းပညာ (Advanced Statistics)၊ ဆရာကြီး ပါမောက္ခဒေါက်တာ ဆလိုင်းထွန်းသန်း၏ ပဲမျိုးစုံ (Food Legumes)၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာလှတင်ဦး၏ အဆင့်မြင့် အပင်ဇီဝကမ္မဗေဒ (Advanced Plant Physiology)၊ ဆရာကြီး ဦးစံသိန်း၏ သီးနှံပင်များ ၏ အဟာရဗေဒ (Crop Nutrition)  စသည်တို့ကို သင်ယူရင်း အင်္ဂလိပ်စာ ကျွမ်းကျင်မှု (English Skills) နှင့်အတူ ဘွဲ့လွန်သင်တန်း၏ သဘာဝ (Nature of Postgraduate Programs in Agriculture) တွေကို တစ်ဖြေးဖြေး သိနား လည်လာပါ တော့သည်။

ရေဆင်းတွင်ဘွဲ့လွန်သင်တန်းတက်ခဲ့ရသော အတွေ့အကြုံအချို့ကို ပထမဆုံး မျှဝေလိုပါသည်။ ပထမဦးစွာ ဆရာကြီး ဒေါက်တာစိုင်းမြင့်လွင်၏ သင်ခန်းစာများပါ။ ဆရာကြီးက အချိန်သမားဆိုတော့ အချိန်အတိအကျ (မနက် ၈-နာရီ) စပါသည်။ သူ့တွင် ရေးမှတ် စ ရာ ဘောပင်၊ ရောင်စုံခဲတံများ၊ ခဲဖျက်၊ ပေတံစုံလင်ပါသည်။ သင်ခန်းစာများ (Lecture Notes/Handouts) ကို ကြိုတင်ဝေငှထားပါသည်။ ကြိုတင်ဖတ်ထားရန် အလုပ်တာဝန် (Reading Assignments) များ ဖြစ်သည်။ ဆရာမဒေါ်ဖြူဖြူလွင်၊ သူငယ်ချင်း ဦးဆန်ဂျေကူးမားတို့နှင့်အတူသင်ကြားကြရင်း ဆရာကြီးက နှစ်ပတ်တစ်ခါ စာမေးပွဲ စစ်ပါသည်။ 

ကျွန်တော်သိသလောက် ၁၉၇၈-ခုနှစ်ကတည်းက စတင်ခဲ့သော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ဘွဲ့လွန်စိုက်ပျိုးရေးစနစ်သည် မြန်မာနိုင်ငံတက္ကသိုလ် သမိုင်းတွင် ပထမဆုံး သင်ရိုးနာရီစနစ် (Semester-Credit System) ကိုကျင့်သုံးသော တက္ကသိုလ်အဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင် ရမည်ဖြစ်ပါသည်။ ယခုဘွဲ့ကြို သင်တန်းများပါ ဤစနစ်ကိုကျင့်သုံးနေပါပြီ။

အမေရိကန်စနစ်အရ အမှတ်/ဂရိတ်ကို (Grade - A+, A, A-, ……, E, F (Failed), S - Satisfactory), US - Unsatisfactory) စသည်ဖြင့် ပေးပါသည်။ မှတ်မှတ်ရရ ပထမဆုံးစာမေးပွဲမှာ ကျွန်တော်ရသည့် အမှတ်က (D-) နောက်ဆုံး (B) နဲ့ဘဲ ကျေနပ်လိုက်ရပါသည်။ ဆရာကြီး၏ အချိန်လေးစားပြီး တိကျစွာပြုလုပ်ပေးသည့်စနစ်ကို ကျွန်တော်ယနေ့အထိလေးစား လိုက်နာကျင့်သုံးရင်း ကွယ်လွန် သွားပြီဖြစ်သော ဆရာကြီးကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုကန်တော့အပ်ပါသည်။ 

ဆရာမကြီး ဒေါက်တာဒေါ်လှတင်ဦးသည် စာသင်ရာတွင် ယူကေပါရဂူ (UK Trained PhD) ဖြစ်သည်နှင့်အညီ မြန်မာလို တစ်ခွန်းမှ မပြောပါ။ အင်္ဂလိပ်လိုဘဲ ပြောပြီး စာသင်ပါသည်။ ဆရာကြီးဦးဟန်ညွန့်၊ ဆရာကြီးဦးလှအောင်တို့နဲ့အတူတူ ကျောင်းတက်ခဲ့သူလည်း ဖြစ်သည်။ နောက်ဆုံးတစ်ဦးချင်း တင်ပြမှု (Presentation Assignment) ကို အိုးနင်းခွက်နင်း ပြောဆိုရင်း စာမေးပွဲဖြေဆိုခဲ့ရပါသည်။

ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်းကတော့ J.Smart ၏ Tropical Pulses စာအုပ်ကို ထွက်ကာစပင် ပြဌာန်းစာအုပ် (Text Book) ပြုလုပ်ကာ ဗဟုသုတ ဖြစ်ဖွယ်များဖြင့် သင်ပေးပါသည်။

ဆရာကြီး ဦးစံသိန်း၏ (Crop Nutrition) တွင်တော့ သင်ခန်းစာများကို ကြိုတင်ရိုက်ဝေငှထားပြီး ပထမဆုံးစာ‌မေးပွဲ (First Quiz) တွင် သူကြိုဝေထားသော (Course and Instructor Evaluation Forms) များကို မဖြည့်မိသဖြင့် ဆရာမ ဒေါ်နီနီထွန်းနဲ့ အခြား ဆရာမတစ်ဦး မမှတ်မိတော့တို့ကို မေးခွန်းမပေးဘူး လုပ်နေသဖြင့် ထိုပုံစံများဖြည့်ပြီးမှ ဆရာမတို့ ဖြေရသည်ကို မှတ်မိနေပါသည်။ ကျွန်တော် ဩစတေလျကပြန်လာတော့ ကျောင်းသားတွေကို အဲဒီပုံစံမျိုးလုပ်တာ မန္တလေး ကိုခင်မောင်စိုး (၁၉၉၄-ခုနှစ်ဆင်း) က အခုအထိ အဲဒီအကြောင်း ပြောနေပါသေးသည်။

ကျွန်တော့်ကို ဆရာကြီးဦးစံသိန်းက ကြီးကြပ်ဆရာ (Supervisor) လုပ်ပြီး ထိုစဉ်ကခေတ်စားနေသော မြေပဲပင်၏ ကြီးထွားမှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း၊ ကြီးထွားမှု အဆင့်ဆင့်ကိုလေ့လာခြင်း (Peanut Crop Growth Analysis) သုတေသနပြုလုပ်ရန် စမ်းသပ်စိုက်ပျိုးခဲ့ရပါသေးသည်။ ကျွန်တော်၏ ဆရာကြီး ဦးမြသောင်းကလည်း အိန္ဒိယနိုင်ငံ အပူပိုင်းဆိုင်ရာသုတေသနဌာန (ICRISAT – International Crop Research Institute for Semi-Arid Tropics, India) မှရရှိလာသော ပင်ထောင်မြေပဲမျိုးများစွာ ကို သုတေသနပြုနေလျက်ရှိရာ လယ်ယာသီးနှံ -၁ (မိုးစိုက်) လယ်ယာသီးနှံ-၂ (ဆောင်းစိုက်) စသည်ဖြင့် စမ်းသပ်ထုတ်လုပ်၊ မွေးမြူလျက် ရှိနေပါပြီ။ ဤမျိုးများ ပျောက်ဆုံးကုန်သည်မှာ အလွန်မတန်ဝမ်းနည်းဖွယ် ကောင်းလှပါသည်။

ကျွန်တော်၏ ဆရာပေါက်စဘဝ နောက်အမှတ်တရတစ်ခုမှာ အင်္ဂလိပ်စာဆရာ အေဘယ်အက်ဒဝပ် (Abel Edwards) ၏ ရုံးပိတ်ရက် သင်ပေးသော အင်္ဂလိပ်စာ ကျူရှင်ကို  ကျွန်တော်ကိုယ်တိုင် ၆-ကြိမ်တိတိ အကြိမ်ကြိမ်၊ ထပ်ခါတလည်းလည်း (Repeated) တက်ရောက်ခဲ့ခြင်းပါ။ ဆရာက ဒီစာအုပ်ကိုဘဲ အကြိမ်ကြိမ် သင်ပေးခြင်းပါဟူ၍ ပြောသော်ငြားလည်း ကျွန်တော်ကိုယ်တိုင် စာအဆက်မပြတ်ချင်လို့ပါဟူ၍ ဆရာအေဘယ်ကို မေတ္တာရပ်ခံရင်း တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ တက်ရောက်ခဲ့ခြင်းက နောင်တစ်ချိန် ကျွန်တော် ပညာတော်သင်စာမေးပွဲ ဖြေဆိုသောအခါ အကျိုးရှိလာပါသည်။

ထိုခေတ် (မြန်မာ့ဆိုရှယ်လစ်ခေတ်) က တက္ကသိုလ်ဆရာများ နိုင်ငံခြားသွားရောက်ရလျှင် ပြန်ရောက်ပြီး ၃ နှစ်အတွင်း နောက်တစ်ခေါက်ပြန်မထွက်ရတော့ပါ။ ဒီအတွက် လယ်ယာသီးနှံဌာန ကျွန်တော်၏ စီနီယာ ဆရာမကြီး ၂ ယောက် နိုင်ငံခြားသင်တန်း တက်ရောက်ရန် ထွက်သွားရာ နောက်တစ်ခေါက် ဌာနအတွက် အပူပိုင်းဆိုင်ရာသီးနှံသိပ္ပံ (Tropical Crop Science) မဟာသိပ္ပံ ဘာသာရပ် ပညာတော် သင်ဆုလာရာ ကံတရားအရ ကျွန်တော် တစ်ဦးတည်းသာ ဖြေကြားခဲ့ရပါတော့သည်။  ထိုခေတ်က ကျွန်တော်တို့ တက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်) ၏ ကြီးကြပ်မှုအောက်တွင် တည်ရှိပါသဖြင့် တော်ရုံ သတင်းများ မသိရပါ။ သို့သော် ဩစတေလျ အစိုးရ ပညာသင်ဆု (ထိုစဉ်က - AIDAB Australian International Development Assistance Bureau, နောက် AusAID) ကို ကိုလန်ဘိုစီမံကိန်း (Colombo Plan) အရ မြန်မာနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်ရှိ သင်ကြားရေးဆရာများအတွက် သီးသန့်ပညာ သင်ဆုဖြစ်သဖြင့် ကျွန်တော်တို့ တက္ကသိုလ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတော့သည်။

ပညာသင်ဆုအရွေးချယ်ခံရပြီး ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာသင်သိပ္ပံ (IFL – Institute of Foreign Langauge) (ယခုနိုင်ငံခြား ဘာသာသင် တက္ကသိုလ်) တွင် အင်္ဂလိပ်စာ သင်တန်း ၃-လ တက်ရောက်ရပါသည်၊  ထိုစဉ်က ကျွန် တော်တို့ကို သင်ပေးလိုက်သော ဆရာမ (နာမည်မမှတ်မိတော့ပါ) ကို အလွန်ကျေးဇူးတင်ခဲ့မိပါသည်။   အင်္ဂလိပ်စာနှင့် တပြိုင်နက် တက္ကသိုလ်များကွန်ပျူတာဌာန (UCC – University Computer Centre) လှိုင်နယ်မြေတွင် အခြေခံကွန်ပျူတာပညာ (Basic Computer Skill) ကို တွဲဖက်သင်ကြားခဲ့ရပါသည်။ ကျွန်တော်တို့မှာ ယခင်က ကွန်ပျူတာကို  မမြင်ဘူးပါ။ မွေးမြူရေးတက္ကသိုလ်က ဆရာကြီး ဦးအောင်သန်း (ကွယ်လွန်) က ‘ထို့ကြောင့် ဤအရာကိုကွန်ပျူတာဟူ၍ခေါ်ဆိုပါသည်’ ဆိုပြီး ကျေးဇူးတင်စကားပြောကြားခဲ့ရာ တဝါးဝါးပွဲကျခဲ့ရပါသည်။

အင်္ဂလိပ်စာ ဘာသာအဆင့်ဆင့် လေ့လာသင်ယူခဲ့မှုတွေက ဩစတေလျသံရုံးတွင် ဘာသာစကားနည်းလည်နိုင်မှုစွမ်းရည်စစ်ဆေးမှု (English Language Skill Test) တွင် အတော်အသုံးဝင်ခဲ့ပါသည်။ ထိုစဉ်က နားထောင်နိုင်မှုစွမ်းရည် (Listening Skill) ကို ကက်ဆက်ကြီးဖွင့်ပြပြီး အနားတိုးကာ နားထောင်ဖြေဆိုခဲ့ရသည်ကို သတိရနေပါသည်။ နောက်ဆုံးတွင်တော့ အင်္ဂလိပ် ဘာသာစကားလေ့လာရေးဌာန (EPC – English Preparation Centre) ဆစ်ဒနီမြို့ (Sydney) တွင် ၅-လသင်တန်း တက်ရောက်ရန်လို အပ်ချက်ဖြင့် ဩစတေလျနိုင်ငံ သို့ရောက်ရှိခဲ့ပါတော့သည်။

ဒုတိယပိုင်း ဆက်လက်ရေးသားပါဦးမည်..   

References

Boote, K.J. (1982) Growth Stages of Peanut. Peanut Science 9 (1):35-40.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်