အမြစ်များကြီးထွားမှုကို လေ့လာခြင်း

05/02/2024 12:30 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (110)  Crop Physiology  (Part - 3) –  Root Growth

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၁၀) သီးနှံဇီဝကမ္မဗေဒ - အမြစ်များကြီးထွားမှုကို လေ့လာခြင်း  (အပိုင်း - ၃)

မိတ်ဆက် (Introduction) 

သီးနှံအုပ်စုများ နောက်တစ်ခု မပြောင်းခင် ဘာသာရပ်ဆိုင်ရာအကြောင်း ဆောင်းပါးတစ်ပုဒ်လောက် ဆွေးနွေးပါရစေ။

ကျွန်တော်တို့ ကျောင်းသားဘဝက အပင်နှင့် သီးနှံဇီဝကမ္မဗေဒ (Plant and Crop Physiology) အကြောင်း သင်ပေးပါသော ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်လှတင်ဦး၊ ဆရာကြီးဦးစံသိန်းနှင့် ဘွဲ့လွန်သင်တန်းများမှ Dr. K.S.Fisher (Australia), Dr. Shu Fukai (Australia), Dr. Andreas Buerkert (Germany) တို့နှင့်အတူ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤနေရာမှ ဂါရဝပြု၊ ကန်တော့အပ်ပါသည်။

အပင်ဇီဝကမ္မဗေဒနှင့် အသုံးချသီးနှံဇီဝကမ္မဗေဒ (Applied Crop Physiology) ဆောင်းပါးများ အမှတ်စဉ် ၁-၂ တို့ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် ၈၀ (ဥစားသီးနှံအပင်များ) နှင့်  ၊ ၈၁ ဥစားသီးနှံအပင်များ (၂) တွင် ဖတ်ရှုနိုင်ပါသည်။ 

အမြစ်ကြီးထွားမှုများအကြောင်း (Root Growth)

အမြစ်များသည် ပင်ပိုင်းဆိုင်ရာကြီးထွားရေးအတွက် အဓိကအစိတ်အပိုင်းဖြစ်ပြီး အပင်အစိတ်ပိုင်းအားလုံးနီးပါး လိုအပ်ချက်များဖြစ်သော ရေ (Water)၊ အာဟာရဓာတ်များ (Minerals and Essential Nutrients) နှင့် အခြားအပင်ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် ပစ္စည်းများ (Substances essential for plant growth and development) အားလုံးကို မြေကြီးထဲမှ စုပ်ယူပေးပါသည်။

ပုံ - ၁ အပင်အမြစ်၏ လုပ်ငန်းများ

အမြစ်စနစ် (Root System) သည် အပင်အောက်ကိုထိုးဆင်းသည့်စနစ် (Descending – Growing Downward) သို့မဟုတ် မြေကြီးသို့ဦးတည်သွားသော/ကမ္ဘာ့မြေဆွဲအားသို့ ကွေးညွှတ်ခြင်းဖြစ်စဉ် (Geotropism/Gravitropism) ရှိသည်။

အမြစ်ကို လေ့လာမှုသည် အပင်အပေါ်ပိုင်းထက်စာလျှင်  အလွန်နည်းပါးသော်လည်း အမြစ်ပတ်ဝန်းကျင် ( Rhizosphere – Root Environment) ရှိ လေ (Air)၊ ရေ (Water)၊ အာဟာရဓာတ် (Mineral Nutrients) များသည် လယ်ယာသီးနှံနည်းစနစ်များ (Agronomic Practices) ဖြင့် သီးနှံပင် အထွက်တိုးစေရန် ပြုလုပ်နိုင်မှုက အပင်အပေါ်ပိုင်း (Plant Shoots) ပင်စည်၊ အရွက်၊ ပန်းပွင့်၊ အသီး များထက် ပိုမိုလက်တွေ့ကြပါသည်။

ဥပမာ - အပင်ပတ်ဝန်းကျင်ရှိ မြေဆီလွှာအပူချိန် (Soil Temperature) ကို ထယ်ထိုး၊ ထွန်မွေ (Tillage) ၍လည်းကောင်း၊ မြေဖုံးပစ္စည်းများ (Mulching) ထည့်၍လည်းကောင်း၊ အပင်အစိုဓာတ် (Plant  Moisture) ပြောင်းလဲရန် ရေသွင်း၊ ရေဖြန်း (Irrigation) ပေး၍၎င်း၊ အပင်အ ဟာရဓာတ် (Plant Nutrients) ရရှိစေရန် မြေဩဇာကြွေး (Fertilization) ၍၎င်း ပြုပြင်နိုင်ခြင်း စသည့် အားသာချက်များစွာ ရှိပါသည်၊ အပင်အပေါ်အစိတ်အပိုင်းများသည် မျက်စိဖြင့်မြင်ရသော်လည်း ပြုပြင်ပြောင်းလဲပေးရန် အလွန်ခက်ခဲပါသည်။

အမြစ်၏လုပ်ငန်းများ (Functions of Roots)

အပင်ကြီးထွား သန်မာမှုရရှိရန် အမြစ်များ ကြီးထွားသန်မာမှု (Vigorous Root growth) ရှိနေရန် လိုပါမည်။ အမြစ်များသည် ဇီဝ (Biological)၊ သဘာဝ (Physiological)၊ လက်ရှိ ထွန်ထယ်၊ ပေါင်းထိုး ကရိယာ (Mechanical Disturbances) စသည်တို့ကြောင့် လုပ်ငန်းဆောင်တာများ လျော့ပါးသွားလျှင် (Become less functional) အညွန့်ပိုင်းမှလည်း ကြီးထွားဖွံ့ဖြိုးမှု အရှိန်လျော့သွားပြီး ကျွန်တော်တို့ နောက်ဆုံး ရည်မှန်းချက်ဖြစ်သော အထွက်လည်း လျော့ (Decreased Yield) သွားပါလိမ့်မည်။ 

အမြစ်၏အဓိကလုပ်ငန်းများမှာ -

(က) ရေ၊ အဟာရဓာတ်များစုပ်ယူပေးခြင်း (Absorption)

ရေသောက်မြစ်ထိပ်ဖြား (The Root Tips) နှင့် အမြစ်မွေးများ (Root hairs) က အဓိကစုပ်ယူပါသည်။ အမြစ်အိုများ (Older Roots) က အာဟာရဓာတ် ပစ္စည်းများသိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်ပါသည်။

အပင်အမြစ်များ ရေနှင့်အဟာရဓာတ်စုပ်ယူခြင်း

(ခ) အပင်ကို ထောင်မတ်ပေးခြင်း (Anchorage)

အမြစ်သည် ပထမ မူလရေသောက်မြစ် (Primary or Tap Root) ထွက်ပြီး အောက်ကို ဆင်းသည်။ ပြီးမှ ဘေးမြစ် (Secondary Branches – Secondary and Tertiary Roots) များ ထွက်ပေါ်လာပါသည်။ ဤအမြစ်များသည် မြေကြီးကို ကုတ်တွယ်ထားပြီး အပင်ထောင်မတ်၍ မယိုင်လဲအောင် ကြံ့ကြံ့ခံနေစေပါသည်။ အပင်အပေါ်ပိုင်း၊ ကြီးထွား၊ လေးလံလာမှုကြောင့်လည်း အပင်လဲမသွားစေရန် အမြစ်များမှာ တာဝန်ယူပေးနေရပါသေးသည်။

အပင်အမြစ်များ မြေကြီးကို ကုတ်တွယ်ထား၍ အပင်ထောင်မတ်စေခြင်း

(ဂ) အချို့အစားအစာများကို သိုလှောင်ပေးခြင်း (Storage)

အမြစ်များ အထူးသဖြင့် အစေ့ရွက်စုံအမြစ်များ (Dicot Roots) နှင့် ကျူဗာ (Tuber)တွင်ရှိသော အမြစ်အူတိုင် (Pith)၊  (Cortex)  နှင့်  (Parenchymous Tissue) များမှာသိုလှောင်ထားလေ့ရှိပါသည်၊ ဥပမာ - သကြားမုံလာ (Sugar Beet)၊ အယ်လ်ဖာဖာ (Alfalfa)၊ အာလူး (Potato)၊ ကန်ဇွန်းဥ (Sweet Potato)၊ ပိန်းဥ (Taro) စသည့် ဥစား/အမြစ်စားသီးနှံ အပင်များ (Root and Tuber Crops) တို့ဖြစ်သည်။

မြက်မျိုးရင်းဝင်အပင်များ၏ (Grass Roots) အမြစ်မှာမူ အရွယ်အစားသေးပြီး အပင်အတွက် အစားအစာများ သိုလှောင်ထားရန် ခက်ခဲပါသည်။

အစာအဖြစ်သိုလှောင်ထားသောအပင်အမြစ်များ

(ဃ) ရေနှင့်အဟာရဓာတ်များကို ရေကြော (Xylem)၊ အစာကြော (Phloem) များမှ တစ်ဆင့်သယ်ယူပို့ဆောင်ပေးခြင်း (Transport) အပင်အပေါ်ပိုင်းမှ ချက်လုပ်ပြီးစီးသော အစာအဟာရဓာတ်များကိုလည်း အမြစ်များ ရှင်သန်ကြီးထွားပွားများစေရန် အပေါ်မှအောက်သို့ ပို့ဆောင်ပေးရပါဦးမည်။ အစိမ်းရောင်ရှိ အရွက်များသည် အစာချက်လုပ်သည့် (Source) ဖြစ်ပြီး အမြစ်အသစ်များသည် အစာလက်ခံသည့် (Sink) များဖြစ်ပါသည်။

(င) တစ်ချို့အမြစ်များသည်မျိုးပွားပေးခြင်း (Propagation)

တစ်ချို့ အမြစ်များက မူခြားမြစ် (Adventitous Roots) များထွက်ရှိသဖြင့် ၎င်းတို့မှတစ်ဆင့် မျိုးပွားနိုင်စွမ်း ရှိပါသည်။ တစ်ချို့အမြစ်များသည် ထိုကဲ့သည့် လုပ်ငန်းများကို လုပ်ဆောင်ပေးပါသည်။

အမြစ်ကြီးထွားမှုနှင့်ပျံ့နှံ့မှုကိုလွမ်းမိုးနေသောအချက်များ(Factors Affecting Root Growth and Distribution)

(၁) အပင်၏ဗီဇ (Genotype)

အပင်မျိုးမွေးမြူခြင်းနှင့်ရွေးချယ်ခြင်းနည်းစနစ် (Plant Breeding and Selection) အရ အပင်ဗီဇအပေါ်မူတည်၍ အမြစ်ကြီးထွားမှုနှင့်ပြန့်ပွားမှု အမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။ အမြစ်လက္ခဏာများ (Root Characteristics)၊ အမြစ်အရေအတွက်ကအစ ဗီဇ (Genes) လွှမ်းမိုးပါသည်။ မြေဆီလွှာပတ်ဝန်းကျင် (Soil Environment) အပေါ်မှာလည်း မူတည်ပါသည်။

(၂) အပင်အချင်းချင်းပြိုင်ဆိုင်မှု (Plant Competition)

ပင်ခြားတန်းကြား အကွာအဝေးအလိုက် အစိတ်၊ အကြဲအမျိုးမျိုး စသည့် စိုက်ပျိုးပုံလည်းမူတည်ပါသည်။ ဥပမာ ပြောင်းဖူးပင် တစ်ဟက်တာ ၁၂၀၀၀ မှ ၆၂၀၀၀ထိ တိုးစိုက်ထားသည့် သုတေသနတွင် တစ်ပင်ခြင်း၏ အမြစ်အခြောက် အလေး ချိန် ၇၂ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါသည်။ အပင်အချင်းချင်း ပြိုင်ဆိုင်မှုမှာ အမြစ်မှ အဆိပ်အတောက်ဖြစ်စေသောအရည် (The secretion of Toxic or Inhibitory Substances) ကြောင့်လည်း အမြစ်ထွက်မှု လျော့ဆင်းသွားစေပါသည်။ ဤဖြစ်စဉ်ကို အလီလိုပက်သီ (Allelopathy) ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်၊

(၃) အပေါ်ပိုင်း အရွက်ကြွေမှု၊ ခြွေမှု (Defoliation)

ရှေးစကား ‘To prune the shoots is to prune the roots‘ ကြောင့်လည်း အပေါ်ပိုင်း အစာချက်လုပ်မှုမှ ပို့ဆောင်ရရှိသော အစာများ အပေါ်မှီခိုရမှကြောင့်လည်း သက်ဆိုင်နိုင်ပါသည်။

(၄) မြေဆီလွှာပတ်ဝန်းကျင် (Soil Atmosphere)

မြေအတွင်းရှိ အထူးသဖြင့် အောက်ဆီ ဂျင် (Oxygen - အမြစ်ကအသုံးပြု) နှင့်  ကာဗွန်ဒိုင်အောက်ဆိုက် (Carbon Dioxide) အနည်းအများသည်လည်း အမြစ်များစွာထွက်ရှိမှု၊ ရှင်သန်ကြီးထွားမှုနှင့် သက်ဆိုင်ပါသည်။ အောက်ဆီဂျင်သည် မက်တာဘောလစ်ဖြစ်စဉ် (Metabolic Process) နှင့် အစာ၊ ရေများ သယ်ယူပို့ဆောင်မှုဖြစ်စဉ် (Active absorption and transport) အတွက် မရှိမဖြစ် လို အပ်ပါသည်၊ ထို့ကြောင့် အမြစ်များ အောက်ဆီဂျင်ရရှိစေရန် ကြားပေါင်းလိုက်ခြင်း၊ အပင်များ မြေတောင်မြှောက်ပေးခြင်း၊ စပါးခင်းတွင် တမန်းနှိုးပေးခြင်း (Intercultivation) စသည့် လယ်ယာသီးနှံစိုက်ပျိုးခြင်းဆိုင်ရာလက်တွေ့လုပ်ဆောင်မှုများ (Agronomic Practices) စသည်တို့ကို သီးနှံအထွက်တိုးစေရန် ပြုလုပ်ပေးလေ့ရှိပါသည်။

(၅) မြေအချဉ်အငံဓာတ် (Soil pH)

ယေဘုယျအားဖြင့် မြေပီအိတ်ချ် ၅-၈ အတွင်းသာ အမြစ်ကြီးထွားမှုကို ကောင်းမွန်စေပြီး သတ်မှတ်နှုန်း၏ အပြင်သို့ရောက်သွားပါက အမြစ်ကြီး ထွားမှုကို ထိခိုက်သွားပါတော့သည်။ မြေပီအိတ်ချ် ၆-အောက်ရောက်သွားပါက အလူမီနီယမ် (Aluminum)၊ မင်ဂနီးစ် (Manganese)၊ သံဓာတ် (Iron) တို့ ပျော်ဝင်မှုပိုများ ပြီး အမြစ်များကို အဆိပ်အတောက်ဖြစ်စေကာ ကြီးထွားမှုတုန့်နှေးသွားစေပါသည်။ (Toxic and limit root growth)၊ အပင်မျိုးမွေးမြူရေးပညာရှင်များ (Plant Breeders) သည် ထိုဓာတ်များ အဆိတ်အတောက်ဖြစ်မှုကို ခံနိုင်ရည်ရှိသော မျိုးများ (Aluminum, Manganese and Iron-tolerant Lines) ကိုမွေးမြူထုတ်လုပ်ပေးနိုင်ပါသည်။

(၆) မြေကြီး၏အပူချိန် (Soil Temperature)

အမြစ်များအတွက် အသင့်တော်ဆုံးအပူချိန် (Optimum Temperature for Root Growth) သည် အပင်အပေါ်ပိုင်း (Plant Shoots) အတွက် အတွက်လိုအပ်သော အပူချိန်ထက် လျော့နည်းသည်ကို သတိထားရပါမည်။ သီးနှံပင်မျိုးအပေါ်မူတည်၍လည်း အပူချိန်ခံနိုင်ရည်ရှိမှု ကွာခြားနိုင်ပါသည်။

မြေဆီလွှာအပူချိန်အပေါ်မူတည်၍အမြစ်ဖွံ့ဖြိုးမှုများ

(၇) မြေဆီလွှာအာဟာရဓာတ် (Soil Fertility) 

အမြစ်များ ကြီးထွား၊ သန်မာ၊ ဖွံ့ဖြိုးရန်အတွက်လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝစွာရရှိရန် လိုအပ်ပါသည်။ အမြစ်သည် ရေနှင့်အာဟာရဓာတ်များကို အညွန့် (Shoot) များသို့ပို့ဆောင်ပေးရပါသည်။

 မြေဆီလွှာ အာဟာရဓာတ်အပေါ်မူတည်၍အမြစ်ဖွံ့ဖြိုးမှုများ

(၈) မြေဆီလွှာအတွင်းရှိရေ (Soil Water)

ရေဓာတ်သည် အမြစ်များအပါအဝင် တစ်ပင်လုံးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ မြေကြီးခြောက်နေသောနေရာများ (Dry Soil Layers) သို့ အမြစ်များ မသွားရောက်ပါ။ တစ်ချို့အပင်များတွင် မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိမှု ဖြစ်စဉ် (Water-Stress Adjustment Mechanism) ကိုလည်းပြုလုပ်နိုင်ပါသည်။ မြေကြီးအစိုဓာတ်ခြောက်သွားပါက အပင်မသေဘဲ အမြစ်စု စည်းမှုပုံစံ ပြောင်းသွားသည့် ဖြစ်စဉ် လည်း တွေ့နိုင်ပါသည်။ ရေသွင်း (Irrigation e.g. Furrow, Sprinkler, Drip) ပေးပါက အမြစ်ထွက်ရှိမှု ပုံစံ ပြောင်းသွားပါလိမ့်မည်။

မြေဆီလွှာရေအပေါ်မူတည်၍အမြစ်ဖွံ့ဖြိုးမှုများ

(၉) မြေအမျိုးအစား၊ လူ၊ ကျွဲနွား၊ စက်ကရိယာများကြောင့်ထိခိုက်မှု (Mechanical and Physical Forces)

အမြစ်များသည် ပတ်ဝန်းကျင်ဆိုးဝါးမှုဒဏ် ခံနိုင်ရည်ရှိသော ဖြစ်စဉ် (Environmental Adverse Mechanism) ဥပမာ - မြေကြီးအရွယ်အစား (Particle size) သဲ -၀.၀၅ - ၂ မီလီမီတာ၊ နုံး - ၀.၀၀၂-၀.၀၅ မီလီ၊ မြေစေး - ၀.၀၀၂ ထက်နဲ)၊၊ မြေသားအနုအကြမ်းဖွဲ့စည်းမှုမကောင်း (Lack of Aggregation)၊ မြေဆီလွှာကြံ့ခိုင်မှု (Soil Strength)၊ မြေဆီလွှာသိပ်သည်းမှု (Compaction) တို့အပေါ်မူတည်ပါသည်၊ ပြောင်းဖူးမြစ်များသည် မြေကြီးအကြမ်း (Coarse-textured Soil) ပုံစံတွင် ၆-ပေလောက် ထိုးဖောက်နိုင်ပြီး မြေစေးမြေ (Fine-textured soil) တွင် ၃-ပေခန့်သာ ထိုးဖောက်နိုင်သည်ကို သုတေသနစမ်းသပ်ချက်များ အရ တွေ့ရှိရပါသည်။ ထွန်စက်ကြီးများ အချိန်ကြာစွာ မောင်းနှင်ခြင်းဖြင့်လည်း အလေးချိန်ကြောင့် မြေဆီလွှာ သိပ်သည်းသွားပြီး အမြစ်ထိုး ဖောက်ရခက်ခဲခြင်းမျိုး ဖြစ်တတ်ပါသည်။ အဓိကသည် မြေဆီလွှာအတွင်း အောက်ဆီဂျင်ရရှိမှုနည်းသွားခြင်းကြောင့် အမြစ်မှ အောက်ဆီဂျင်ရရှိမှုနည်းကာ ကြီးထွားမှု လျော့နည်းခြင်း ဖြစ်ပါသည်။ သီးနှံပင်နှင့် ပေါင်းပင်များစွာ ယှဉ်ပြိုင်ပေါက်ရောက်မှုကြောင့် သီးနှံပင်အတွက် ရေ၊ အောက်ဆီဂျင်နှင့် အဟာရဓာတ်များနည်းပါးပြီး အမြစ်ကြီးထွားသန် မာမှု လျော့နည်းသွားခြင်း စသည်တို့ဖြစ်ပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း(Reference Paper)

Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India) 

Russel, R.S. (1977) Plant Root Systems: Their Function and Interaction with the soil. McGraw-Hill, London. 298p.

 (ဒေါက်တာစုစုဝင်း၊ ဒုတိယညွန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူး နယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်