သစ်သီးနဲ့ ဝလံ ခွဲခြားနည်း

19/02/2024 11:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (112)  Horticulture - Fruit Science  (Part - 2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၁၂) ဥယျာဉ်ခြံသီးနှံပညာ - သစ်သီးဝလံသိပ္ပံပညာ (အပိုင်း-၂)

ဥယျာဉ်ခြံသီးနှံပညာ (Horticulture) ဘာသာရပ်ထဲက သစ်သီးဝလံသိပ္ပံပညာ (Fruit Science) ထိုမှတစ်ဆင့် သစ်သီးဝလံ တစ်မျိုးချင်း အလိုက် သိပ္ပံပညာ အကြောင်း လေ့လာကြည့်ရအောင်ပါ။ သစ်သီးဝလံ တစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ်များမှာ အလွန်နည်းပါးလှပါသည်။ စိုက်ပျိုးရေးဆိုင်ရာစာရေးဆရာ (Agricultural Writer) တစ်ယောက်ရှုထောင့်မှ ရေးသား၊ ဆွေးနွေးမည်ဖြစ်ပါသည်။

အသီးများအကြောင်းကိုလေ့လာရင်း  ကျန်းမာရေးရှုထောင့်အရ သင်္ဘောသီးတွင် အခြားအသီးများထက် ဗီတာမင်အေ အများဆုံးပါဝင်ပြီး၊ မာလကာသီးသည် ဗီတာမင်စီ အများဆုံးပါဝင်နေသည်ကို တွေ့မြင်နေရပါသည်။

ဥယျာဉ်ခြံသီးနှံပညာ မိတ်ဆက်ကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၂၅) တွင် စတင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ အစိမ်းရောင်လမ်းတွင်  ကျွန်တော်အပတ်စဉ် ရေးသားခဲ့သော အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အတွဲ (၁) ကို စာအုပ်အနေနှင့်လည်း ပုံနှိပ်၊ ထုတ်ဝေ ရောင်းချနေပါပြီ။

ဥယျာဉ်ခြံသီးနှံပညာနှင့် ပတ်သက်၍ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘဝကတည်းက သင်ကြားပေးခဲ့ကြပါသော ဆရာကြီးများ ဒေါက်တာစိန်လှဗိုလ်၊ ဦးလှအောင်၊ ဦးခင်မောင်နီနှင့်တကွ ဩစတေလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ အားလုံးတို့နှင့်အတူ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဤနေရာမှ ဂါရဝပြု၊ ကန်တော့အပ်ပါသည်။

သစ်သီးဝလံသိပ္ပံသည် (Fruit Science/Pomology)  ဥယျာဉ်ခြံသီးနှံပညာ၏ ဘာသာခွဲတစ်ခုဖြစ်ပြီး ဂရိဘာသာ (Greek Word – Poma - Fruit)၊ လက်တင်ဘာသာ (Latin Word – Pome - Fruit) သစ်သီးနှင့် လက်တင်ဘာသာ (Logos - Culture) စိုက်ပျိုးခြင်း တို့ စုပေါင်းထားခြင်းဖြစ်ပါသည်။ နှစ်ရှည်သီးနှံပင် (Perennial Crops/Plants) ဖြစ်သည်နှင့်အညီ အဓိပ္ပာယ်အကျယ်အနေနှင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ခြင်းတွင် ပျိုးခင်းများပြုလုပ်ပျိုးထောင်ခြင်း၊ စိုက်ခင်းတွင် စိုက်ပျိုးပြုစုခြင်း၊ တစ်နှစ်ပတ်လုံး ပြုစု၊ ဆောင်ရွက်ခြင်း၊ ရိတ်သိမ်းဆွတ်ခူးခြင်း၊ ရိတ်သိမ်းပြီးလုပ်ငန်းနောက်ပိုင်း နည်းပညာ၊ သိုလှောင်ခြင်းနှင့်ရောင်းချခြင်း နည်းပညာ တို့လည်း ပါဝင်ပါသည်။ (A branch of Horticulture which deal with various aspects of fruit production including nursery raising, growing of fruit plants, providing various inter-cultural practices, harvesting, ripening, storage (Post-harvest Technology) and marketing)။

စွန်ပလွန်ပင် (Date Palm Tree) သည် ကမ္ဘာ့ရှေးအကျဆုံး သစ်သီးပင်ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံဒေသအများစုမှာ အပူပိုင်းဒေသတွင် ကျရောက်သဖြင့် အပူပိုင်းဒေသရှိသစ်သီး၊ ဝလံများ (သစ်သီး - သစ်ပင်ကြီးမှရရှိသော အသီး၊ ဝလံ - နွယ်ပင်မှ ရရှိသော အပင်) အကြောင်းဆွေးနွေးပါမည်။ 

အပူပိုင်းဒေသ (Tropical Region) ဆိုသည်မှာ မြောက်ဝန်ရိုးတန်းနှင့် တောင်ဝန်ရိုးတန်း လတ္တီတွတ်၂၃ဒီဂရီ ၂၇ မိနစ်ကြား (Between the Tropics of Cancer and the Tropics of Capricorn) ရှိဒေသများကို ခေါ်ပါသည်။

ပုံ - ၁ အပူပိုင်းဒေသများ

အပူချိန်သည် တနှစ်ပတ်လုံးပူနွေးနေပြီး ပျှမ်းမျှ ၂၇-ဒီဂရီဆဲလ်စီယပ် လောက်ရှိပါသည်။

ကျွန်တော်တို့နိုင်ငံရှိ ကျော်ကြားသော အပူပိုင်းနှင့်အပူလျော့ပိုင်း သစ်သီး၊ ဝလံများမှာ - ဌက်ပျော၊ သရက်၊ ဩဇာ၊ ဖရဲ၊ အုန်း၊ စပျစ်၊ မာလကာ၊ သင်္ဘော၊ လိုင်ချီး၊ သလဲ၊ နာနတ်၊ သခွားမွေး၊ ရှောက်၊ သံပရာ၊ ပိန္နဲ၊ မင်းဂွတ်၊ ကြက်မောက်စသည်တို့ဖြစ်ပါသည်။

ပုံ - ၂ အပူပိုင်းနှင့်အပူလျော့ပိုင်း သစ်သီးဝလံများ

အပူပိုင်းအပြင် အပူလျော့ပိုင်း (Sub-Tropics) လတ္တီတွတ်၄၀ ဒီဂရီအထိ စိုက်ပျိုး၍ရနိုင်သော သစ်သီးများ အကြောင်းလည်း ဆွေးနွေးပါမည်။

သစ်သီးဝလံများ၏ အရေးပါမှု၊ အသုံးဝင်မှုတို့မှာ -

(က) လူမှုရေးကိစ္စများ (Social)

(ခ) ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာကိစ္စများ (Arts and Culture)

(ဂ) ဘာသာရေးကိစ္စများ (Religious)

(ဃ) ကျန်းမာရေးရှုထောင့်မှ အာဟာရဓာတ် ဗီတာမင်၊ သတ္တုဓာတ်များ ရရှိမှု (Nutritive Value)

(င) စီးပွားရေးအရ အရေးပါမှု (Economic Importance) 

(စ) ပတ်ဝန်းကျင်ဂေဟဗေဒဆိုင်ရာ ရှုထောင့် (Ecological Valance)

(ဆ) ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာအရေးပါမှု (Trade and Industrial Importance) စသည်ဖြင့် ကျယ်ပြန့်လှပါသည်။

သစ်သီး (Fruit) ကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် ပန်းပွင့်မှနေဖြစ်ပေါ်လာသော ရင့်မှည့်သော အစေ့အိမ်/မျိုးဥအိမ် (Matured and Ripened Ovary) တွင်ဖြစ်ပေါ်သည့် စားသုံးနိုင်သော၊ လတ်ဆက်သော အစိတ်အပိုင်း (Edible and Fleshy Portion) ဖြစ်သည်။

ပုံ - ၃ သစ်သီးနှင့် သစ်စေ့ အတွင်းအစိတ်အပိုင်းများ

ဇယား - ၁ သစ်သီးများ၏ အာဟာရဓာတ်တန်ဖိုးအချို့(စားသုံးနိုင်သောအပိုင်း-၁၀၀ ဂရမ်) ( Calories and Nutrients per 100g Edible Portion)

* Vitamin C (mg/100g)

Source – Samson (1982); ChatGPT 2024

ဇယား-၁ အရ သင်္ဘောသီးတွင် အခြားအသီးများထက် ဗီတာမင်အေ အများဆုံးပါဝင်ပြီး၊ မာလကာသီးသည် ဗီတာမင်စီ အများဆုံးပါဝင်နေသည်ကို တွေ့မြင်နေရပါသည်။

သစ်သီးများကို အမျိုးအစားခွဲခြားခြင်း (Classification of Fruits)

(၁) ကြီးထွားမှုပုံစံကိုမူတည်၍ခွဲခြားခြင်း (Growth Habit)

(၁-က) သစ်ပင်ကြီး (Tree) ဥပမာ - သရက်၊ လိုင်ချီး

(၁-ခ) သစ်ပျော့ပင်/ခြုံ  (Herbaceous/Herbs) ဥပမာ - ဌက်ပျော၊ သင်္ဘော

(၁-ဂ) သစ်မာပင်/ခြုံ (Shrubs) ဥပမာ - ရှောက်မျိုးရင်းဝင်

(၁-ဃ) နွယ်တက်ပင် (Vine/Climbers) ဥပမာ - စပျစ်၊ စတော်ဘယ်ရီ

(၁-င) တွားသွားပင်များ (Creepers) ဥပမာ - ဖရဲ

ပုံ - ၄ အပင်ကြီးထွားပုံကြည့်၍ သစ်သီးပင်အမျိုးအစားခွဲခြင်း 

(၂) သစ်သီး၏မူလဇစ်မြစ်ကို ကြည့်၍ခွဲခြားခြင်း (Origin of Fruits)

(၂-က) သစ်သီးအစစ် (True Fruit) မျိုးဥအိမ် (Ovary) မှ အသီးဖြစ်ပေါ်ခြင်း  ဥပမာ - သရက်၊ စပျစ်

(၂-ခ) သစ်သီးယောင်/အတု (False Fruit) မျိုးဥအိမ် (Ovary) က အသီးဖြစ်တာ မဟုတ်ဘဲ ပွင့်ရင်းခံကနေ တမူထူးခြားပြီး အသီးပုံစံဖြစ်ပေါ်လာခြင်း။ ဥပမာ - ပန်းသီး၊ နာနတ်၊ စတော်ဘယ်ရီ

ပုံ - ၅ အသီးစစ်နှင့် အသီးယောင် 

(၃) သက်တန်းကို ကြည့်၍ခွဲခြားခြင်း (Life Cycle)

(၃-က) တစ်နှစ်ခံပင် (Annual/Monocarpic) ဥပမာ - ဌက်ပျော

(၃-ခ) နှစ်ရှည်ပင် (Perrenial/Polycarpic) ဥပမာ - သရက်

(၄) ဝတ်မှုံကူးမှုကို အခြေခံ၍ခွဲခြားခြင်း (Pollination)

(၄-က) ပင်ထီးဝတ်မှုံကူးခြင်း (Self-Pollination) ဥပမာ - သရက်

(၄-ခ) ပင်ခြားဝတ်မှုံကူးခြင်း (Cross-Polination) ဥပမာ - သင်္ဘော

(၅) ရာသီဥတုလိုအပ်ချက် ကို အခြေခံ၍ခွဲခြားခြင်း (Climatic Requirement)

(၅-က) အပူပိုင်းသစ်သီးများ (Tropical Fruits)  - တနှစ်ပတ်လုံး အပူချိန်များပြီး၊ စိုထိုင်းဆများသော ဒေသ (Hot and Humid Regions) တွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံများ ဥပမာ - သရက်၊ အုန်း၊ 

(၅-ခ) အပူလျော့ပိုင်းသစ်သီးများ (Sub-Tropical Fruits) - သိပ်မပူဘဲ ‌နွေးသော နွေရာသီ (Warm Summer) နှင့် သိပ်မအေးသောဆောင်းရာသီ (Mild Winter) ရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သောသီးနှံများ ဥပမာ - ရှောက်၊ သံပုရာမျိုးရင်းဝင်များ၊ လိမ္မော်၊ ထောပတ်၊ မာလကာ

(၅-ဂ) သမပိုင်းသစ်သီးများ (Temperate Fruits) အေးသောဆောင်းရာသီ (Cold Winter) တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သောသီးနှံများဥပမာ - ပန်းသီး၊ သစ်တော်သီး၊ ချယ်ရီ၊ စတော်ဘယ်ရီ

(၆) စားသုံးမှုပုံစံ အခြေခံ၍ခွဲခြားခြင်း (Eating Habit ) 

(၆-က) တစ်ချို့ သစ်သီးများမှာ လတ်ဆက်စွာ စားသုံးရသော အသီးများ (Fleshy Fruits) ဖြစ်ပြီး ၎င်းမှထပ်၍ အသားများစွာစားရသော အသီး (Stone Fruit/Drupe) ဥပမာ - သရက်၊ ဘယ်ရီသီး (Berry Fruit) ဥပမာ - စတော်ဘယ်ရီ၊ စားသုံးရသောအပိုင်းသည် သာလာမတ်စ်(Thalamus) ကဖြစ်သည်။ ဥပမာ - ပန်းသီး၊ သစ်တော်သီး၊ ဟက်စပါရီဒီယမ် (Hesperidium) အသီးများကို ဌက်မွေးပုံအစင်းကြောင်းများ (A leathery Rind) နှင့်ဖုံးအုပ်ထားသော အသီးများ ဥပမာ - ရှောက်၊ သံပရာမျိုးနွယ်ပင် အသီးများ (Citrus Fruits) စသည်တို့ဖြစ်ပါသည်၊

(၆-ခ) အသီးခြောက်များ (Dried Fruits) တစ်ချို့အသီးများမှာ ပါဝင်သော ရေဓါတ် ကို နေလှမ်း၍ဖြစ်စေ၊ သဘာဝအတိုင်း အခြောက်ခံပြီးမှဖြစ်စေ ထားပြီးမှ စားသုံး ကြသော အသီးများ ဥပမာ - စပျစ်သီးခြောက် (Raisins)၊ စွန်ပလွန်သီး (Dates) စသည် တို့ဖြစ်ပါသည်။ 

တစ်ချို့ သီးနှံများကိုအမျိုးအစားခွဲရာတွင်-

(က) ရိုးရိုး၊ ပုံမှန်အသီး (Simple Fruit ) မျိုးဥအိမ်တစ်ခုထည်းမှ ဆင်းသက် ဥပမာ - သရက်၊ မက်မန်း

(ခ) ပန်းပွင့်ပေါ်မှာ အမခိုင်များစွာပါဝင် (Aggregate Fruit) သော အသီး ဥပမာ - စတော်ဘယ်ရီ

(ဂ) ပန်းပွင့်များစွာပေါ်မှာမှ အသီးတစ်လုံးထဲဖြစ် (Multiple Fruit) သော အသီး  ဥပမာ - နာနတ်

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Bleasdale, J.K.A. (1979) Plant Physiology in Relation to Horticulture. MacMillan Press. 144p.

Childers, N.F. (1966) Modern Fruit Science. 3rd Ed. Rutger University. 893p.

Paull, R.E. and Duarte, O. (2012) Tropical Fruits: Volume 2. 2nd Ed. CABI. 371p. 

Samson, J.A. (1982) Tropical Fruits. Longman. 250p. 

(ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါက်တာ စောထိုလွီထူး၊ ပါမောက္ခ၊ ၊ ဒေါက်တာချောစုစုထွေး၊ တွဲဖက်ပါမောက္ခဌာန၊ ဥယျာဉ်ခြံသီးနှံဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး) လှည်းကူးနယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်