ဤပညာရပ်များအကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါးအမှတ်စဉ် (၈၀) (၈၁) နှင့် (၉၉) နှင့် အမြစ်ကြီးထွားမှု အမှတ်စဉ် (၁၁၀) တို့တွင် တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ တောင်သူ ဦးကြီးများအတွက်တိုက်ရိုက် အထောက်အကူမပြုသော်လည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျောင်းသား/ကျောင်းသူများ၊ သုတေသနပညာရှင်များအတွက် အသုံးဝင်ပါက တောင်သူလယ်သမားဦးကြီးများ သီးနှံတိုးထုတ်လုပ်ရေးအတွက် သွယ်ဝှိုက်အသုံးပြုနိုင်ရန် ဆက်လက်ဆွေးနွေး ကြည့်ရအောင်ပါ။
အပင်ဇီဝကမ္မဗေဒ (Plant Physiology) ဘာသာရပ်ကြီးမှ သီးနှံဇီဝကမ္မဗေဒ (Crop Physiology) ဘာသာခွဲ ထွက်ရာတွင် အချို့ အပိုင်းများမှာ အရင်ဆောင်းပါးများမှာ ဆွေးနွေးပြီး ဖြစ်ပါသည်။ လေ့လာစရာ ဘာသာရပ်ခွဲများမှာ -
(က) ကြီးထွားမှုဆိုင်ရာသီးနှံဇီဝကမ္မဗေဒ (Crop Growth Physiology)
အပင်ကြီးထွားမှုဖြစ်စဉ်တွင် အကိုင်း၊ အခက်၊ အရွက်၊ အညွန့်၊ အဖူးများ ပုံမှန် ဖြစ်စဉ်တွင် အလင်းရောင်/နေရောင်ခြည်ရရှိမှု အနည်းအများကြောင့်လည်းကောင်း၊ အာဟာရဓာတ်အနည်းအများကြောင့်လည်းကောင်း၊ ရေ/အစိုဓာတ်ရရှိမှု အနည်းအများကြောင့်လည်းကောင်း၊ အပင် ကြီးထွားထိခိုက်များ၊ ပိုမိုသန်စွမ်းမှုများကို လေ့လာသောပညာဖြစ်သည်။ သက်မှတ် အချက်များ/အညွှန်းကိန်း (Parameters/Indicators) အနေနှင့် အပင်စုစုပေါင်း အခြောက်အလေးချိန်၊ စုစုပေါင်းအထွက် (TDM – Total Dry Matter/ Dry Weight/Total Yeild)၊ မျိုးပွားပိုင်းဆိုင်ရာ အခြောက်အလေးချိန်/စီးပွားရေးအရ အရေးပါသောအထွက်နှုန်း ဥပမာ - အနှံများအလေးချိန် (Economic Yield/Grain (Reproductive) Yield/Dry Matter)၊ အရွက်ဧရိယာအညွန်းကိန်း (LAI – Leaf Area Index) တို့ကို တိုင်းထွာသည်။
(ခ) ဆဲလ်အဆင့်အပင်ဇီဝကမ္မဗေဒ (Cell Physiology)
အပင်ဆဲလ်ဗေဒ (Plant Cytology) ကို ဘာသာရပ်တစ်ခုအနေနှင့်အသေးစိတ်လေ့လာပြီး အပင်ဇီဝကမ္မဖြစ်စဉ် များနှင့်ချိတ်ဆက်ပေးသော ပညာရပ်ဖြစ်ပါသည်။ စာရေးသူတို့ နိုင်ငံတွင် ဆဲလ်ဇီဝကမ္မပညာရှင် (Cell Physiologist) မရှိသေးဟု ထင်မြင်မိပါသည်။
(ဂ) မျိုးစေ့ဆိုင်ရာဇီဝကမ္မဗေဒ (Seed Physiology)
မျိုးစေ့အညှောက်ပေါက်ရာတွင် ထိမ်းချုပ်ထားသော အစေ့ငုတ်ချိန် (Dormancy)၊ အအေးဓာတ်လိုအပ်ချိန် (Vernalization) စသည့်ဇီဝကမ္မဖြစ်စဉ်များကို လေ့လာပါသည်။
(ဃ) အာဟာရဓာတ်ဆိုင်ရာ သီးနှံဇီဝကမ္မဗေဒ (Nutriophysiology/ Nutritional Crop Physiology)
၎င်း၏အဓိပ္ပာယ်မှာ အပင်အမြစ်များမှ အပင်အာဟာရဓာတ်ကိုစုပ်ယူမှု၊ ဖြန့်ဝေပေးမှု၊ အာဟာရဓာတ်အချင်းချင်းဆက်နွယ်မှုကို လေ့လာသော ပညာဖြစ်ပါသည်။ (Nutriophysiology deals with how plants acquire, distribute, and interact with nutrients)
(င) ရေ/အစိုဓာတ်ဆိုင်ရာ သီးနှံဇီဝကမ္မဗေဒ (Water Stress Physiology) အပင်အတွင်း ရေအစိုဓာတ် ရောက်ရှိ၊ ရရှိမှုကို အစိုဓာတ်ရရှိမှု အနည်း/ရေငတ်မှု (Drought) ရေများနေမှု (Water-logged condition) စသည်တို့ကြောင့် အပင်မှ ပြန်လည်တုံ့ပြန်မှုဖြစ်စဉ်ကို လေ့လာသော ပညာဖြစ်သည်။
(စ) ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Flowering Physiology)
ပန်းပွင့်ခြင်း၊ ဝတ်မှုံကူးခြင်း (Pollination)၊ သန္ဓေအောင်ခြင်း (Fertilization)၊ အသီးဖြစ်တည်ခြင်း (Fruit/Grain Formation)၊ အစေ့ဖြစ်ခြင်း (Seed Setting) စသည့် ကိစ္စများပါဝင်သည်။
(ဆ) အပင်ကြီးထွားမှုဆိုင်ရာပစ္စည်း/ဟော်မုန်းများ (Plant Growth Regulators/Plant Hormones)
အပင်ဟော်မုန်းအမျိုးမျိုးအကြောင်း အသေးစိတ် လေ့လာရန်လိုသည်။
(ဇ) သီးနှံအထွက်နှုန်းနှင့် မျိုးပွားခြင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Crop Yeild and Crop Reproductive Physiology)
ဥပမာ - အထွက်နှုန်းညွှန်းကိန်း (HI – Harvest Index) ကို တိုင်းထွာ၍ အထွက်ကောင်းမကောင်း ခန့်မှန်းခြင်း၊ လေ့လာခြင်းတို့ဖြစ်ပါသည်။
(ဈ) ရိတ်သိမ်းပြီးနောက်ပိုင်း ဇီဝကမ္မဗေဒ (Post-Harvest Physiology)
ရိတ်သိမ်းပြီးနောက်ပိုင်း အသီးအနှံများ၊ သစ်သီးဝလံများ အကြောင်းကို အသေးစိတ်လေ့လာခြင်းဖြစ်ပါသည်။
(ည) ပန်းပွင့်ခြင်းဆိုင်ရာဇီဝကမ္မဗေဒ (Physiology of Flowering)
ပန်းပွင့်ခြင်းနှင့်အသီးသီးခြင်းသည် သီးနှံစိုက်ပျိုးသူများ၊ တောင်သူဦးကြီးများ အတွက် အလွန်အရေးကြီးပါသည်။ ယေဘုယျအားဖြင့် ပန်းများများပွင့်၊ အသီးအနှံများများရ အထွက်ကောင်းရနိုင်သည်။ ဤသို့သုံးသပ်နိုင်ပါသည်။ သို့သော် ပန်းများပွင့်တိုင်း အသီးများများ မတင် သည့် ဖြစ်စဉ်များစွာရှိနေပါသေးသည်။
ပန်းပွင့်ခြင်းဖြစ်စဉ်မှာ အညွန့်ဖြစ်စေမည့်ထိပ်ဖူးမယ်ရစ်စတမ်/ ထိပ်ဖျားဆဲလ် အစု အဝေး/ထိပ်ဖျားပိုင်း ကွဲပွားနေသောဆဲလ်နေရာ (Shoot Apical Meristem) မှ ပန်းပွင့်ဖြစ်ပေါ်လာခြင်းကို (Floral Evocation) ဟုခေါ်ဆိုနိုင်ပါသည်။
အဆင့် ၃-ဆင့်ရှိပါသည်။
(က) ပန်းပွင့်ရန်အလိုအလျောက် လှုံ့ဆော်ပေးခြင်း (Autonomous Regulation) အပင်အတွင်းဖွံ့ဖြိုးမှုဆိုင်ရာအချက်များ (Internal Development Factors) အလိုအလျောက်ဖြစ်ခြင်း
(ခ) အရည်အသွေးဆိုင်ရာ တုံ့ပြန်ခြင်း (Obligate/Qualitative Response) အပင်မှ ပတ်ဝန်းကျင်ဆိုင်ရာလိုအပ်ချက် (Environmental Clues) အပေါ်မူတည်ပြီး ပန်းပွင့်ရန် စတင်လုပ်ဆောင်လာခြင်း
(ဂ) အရည်အတွက်ဆိုင်ရာတုံ့ပြန်ခြင်း (facultative/Quantitative Response) ရာသီဥတုဆိုင်ရာ နေ့တာတိုရှည်မှု (Photoperiodism)၊ အအေးလိုအပ်မှု (Vernalization)၊ ဟော်မုန်း (Hormone) စသည်တို့အပေါ်မူတည်၍ ပန်းပွင့်ချိန်ကို တိကျစွာသတ်မှတ်ပေးပါသည်။
ပုံ - ၁ ပန်းပွင့်ခြင်းဖြစ်စဉ်
အပင်ကြီးထွားမှုဖြစ်စဉ် (၃) ရပ် ရှိပါသည်။
(က) အပင်ငယ်စဉ်အဆင့် (Juvenile Phase) ပန်းပွင့်နိုင်လောက်သည့်အခြေအနေ အပင် ကြီးထွားမှုမရသေးပါ။
(ခ) အပင်ကောင်းစွာကြီးထွားမှုအဆင့် (Mature/Adult Phase) အပင်သက်တမ်း အလယ်ပိုင်းအဆင့်ဖြစ်ပြီး အပင်ကောင်းစွာကြီးထွားနေကာ ပန်းပွင့်ခြင်းကို စတင် လှုံ့ဆော်ပေးပါသည်၊
(ဂ) မျိုးပွားမှုဆိုင်ရာ ကြီးထွားမှုအဆင့် (Reproductive Phase) သင့်တော်သော အချိန်တွင် ပင်ပိုင်းဆိုင်ရာကြီးထွားမှုအဆင့် (Vegetative Stage) မှ ပန်းပွင့်ခြင်း (Flowering Phenomenon) စတင်ကာ အဖူး၊ အပွင့်၊ အသီးများ ယေဘုယျအားဖြင့် စတင်ဖြစ်ပေါ်သည်။
ပုံ - ၂ အပင်ကြီးထွားမှုဖြစ်စဉ်အဆင့်ဆင့်
ပန်းပွင့်ခြင်းကို လွှမ်းမိုးနေသောအချက်များ (Factors Affecting Flowering)
(က) ဗီဇလွှမ်းမိုးမှု (Genetic Control) ပန်းပွင့်ခြင်းကိုလွှမ်းမိုးထားသောဗီဇများ ဥပမာ - ဖက်တီဗီဇ (FT gene)၊ လယ်ဖက်ဝိုင်ဗီဇ (LFY gene)
(ခ) ပတ်ဝန်းကျင်ဆိုင်ရာအချက်များ (Environmental factors)
(ခ-၁) နေ့တာတိုရှည်ရရှိမှု (Daylength/Photoperiodism) အပင်များ နေရောင်ခြည်/ အလင်းရောင် ရရှိမှုအပေါ် မူတည်ပြီး ပန်းပွင့်ခြင်း -
နေ့တာတိုပင် (Short Day Plant) တစ်နေ့အလင်းရောင် ၁၂-နာရီထက်လျှော့ရမှ ပန်းပွင့်သော အပင်များ ဥပမာ - ဒေသ စပါးမျိုး (Traditional Rice Varieties)၊ ဂန္ဓမာပန်း (Chrysanthemum)
နေ့တာရှည်ပင် (Long Day Plant) တနေ့အလင်းရောင် ၁၂-နာရီထက် ပိုရသော အပင်များ ဥပမာ - သကြားမုံလာ (Sugarbeet)၊ ဆလပ် (Lettuce)
နေ့တာတိုရှည်မှုနှင့်ပတ်သက်မှု မရှိသောအပင်များ (Day Neutral Plants) ဥပမာ - ခရမ်းချဉ်သီး (Tomato)၊ ပြောင်းဖူး (Maize)၊ နေကြာ (Sunflower) စသည်ဖြင့်ခွဲခြားနိုင်ပါသေးသည်။
ပန်းပွင့်ခြင်းအတွက် မော်လီကျူလာဆိုင်ရာထိန်းချုပ်မှု (Molecular Regulation of Flowering)
ကွန်စတင်ကိုဗီဇ (CONSTAN – CO Gene) နေ့တာတိုရှည်မှုကိုတုံ့ပြန်၍ ပန်းပွင့်ခြင်းကို ထိန်းချုပ်ခြင်း။
လိုကပ်စ်တီဂျင်း (FLOWERING LOCUS T – FT Gene) ဖလော်ရီဂျင် (Florigen) အင်ဇိုင်းကြောင့် ပန်းပွင့်ခြင်းကို အားပေးခြင်း၊
အေပီတယ်လာ-၁ နှင့် အရွက်ထွက်ဗီဇ (APETALA1 – AP1 and LEAFY – LFY Gene) များက အရွက်နှင့်အပွင့် (တစ်နည်းအားဖြင့် ပင်ပိုင်းနှင့်မျိုးပွားပိုင်း ဖြစ်ပေါ် မှု ကို အားပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသော အင်ဇိုင်းများ ဖြစ်ပါသည်၊
အပင်ဇီဝကမ္မဗေဒဆိုင်ရာဖြစ်စဉ်များ (Physiological Processes) ကိုအသေးစိတ် ပြန် ဆွေးနွေးရလျှင် မျိုးစေ့အညောက်ပေါက်မှု (Seed Germination)၊ အဟာရဓာတ်များ စုတ်ယူမှု (Ion Absorption)၊ အပင်အဟာရဓာတ်များရွေ့လျားမှု/သယ်ယူပို့ဆောင်ခြင်း (Translocation)၊ အလင်းဖွဲ့ ဖြစ်တည်မှု/အလင်းရောင်ဖြင့်အစာချက်လုပ်ခြင်း (Photosynthesis)၊ ဓာတ်ငွေ့များ လဲလှယ်မှု/စွမ်းအင်ပြုအစာဖြိုခွဲခြင်း (Respiration)၊ ပင်ရည်ငွေ့ ပြန်မှု (Transpiration)၊ စတိုမာများ ဖွင့်ခြင်း/ပိတ်ခြင်း (Stomatal Opening and Closing)၊ ချက်လုပ်သောအစာအဟာရများစုဆောင်းမှု (Assimilation)၊ ပန်းပွင့်ခြင်း (Flowering)၊ မျိုးစေ့ဖြစ်ပေါ်ခြင်း (Seed Formation) စသည်တို့ ပါဝင် ပါသည်။
ပုံ - ၃ အပင်ဇီဝကမ္မအတွက်တိုင်းတာကရိယာများ
စာရေးသူ၏ အတွေးအမြင်
(က) စိုက်ပျိုးရေး၊ သစ်တော၊ ရုက္ခဗေဒ ပညာရပ် အားလုံးနှင့်ဆိုင်သော အပင်ဇီဝကမ္မဗေဒကို နိုင်ငံတကာ တက္ကသိုလ်များတွင် သင်ကြားရေး၊ သုတေသနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပညာရပ်ဆိုင်ရာသုတေသနများ (Academic Research) ကို ရုက္ခဗေဒ ပညာရှင်များ (Botanist – Plant Physiologists) ကပြုလုပ်လေ့ရှိပါသည်။ ပညာရပ်ဆိုင်ရာ သုတေသနတွေ့ရှိချက်များကို အခြေခံပြီး စိုက်ပျိုးရေး၊ သစ်တော စသည့်ပညာရှင်များက အသုံးချသုတေသန (Applied Research) ပြုလုပ်လေ့ရှိပါသည်။ မြန်မာနိုင်ငံတွင်တက္ကသိုလ်များက ဝန်ကြီးဌာနများက စီမံကွပ်ကဲသည့်စနစ်ကြောင့် (Centralized Systems) မည်သည့်ပညာရှင်က မည်သည့် သုတေသနလုပ်နေသည်။ ဥပမာ သီးနှံ ဇီဝကမ္မပညာရှင် (Crop Physiologists)၊ သစ်တောသစ်ပင် ဇီဝကမ္မဗေဒပညာရှင် (Tree Physiologists) ဘယ်နှစ်ဦး ရှိနေသလဲ။ ဥပမာ - စပါးတွင် ဘယ်နှစ်ဦးက (Rice Physiology) သင်ကြားသုတေသန လုပ်နေသည်၊ မြေပဲတွင် ဘယ်နှစ်ဦးက (Groundnut Physiology) သင်ကြား သုတေသနလုပ်နေ သည်မသိပါ။ နိုင်ငံအဝှမ်းလိုက် နောက်ဆုံးရပညာရှင်စာရင်း (Updated Scientists for Crop Physiology, Crop Breeding, etc.) စနစ်တကျပြုစုသင့်ပါသည်။
(ခ) သီးနှံဇီဝကမ္မတွင်လည်း မျိုးစေ့၊ ကြီးထွားမှု၊ ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒစသည်တို့ကို သီးနှံအလိုက် စုပေါင်းလေ့လာ၊ သုတေသနပြုသင့်ပါသည်၊ ဥပမာ - စပါး၊ သရက်၊ ပဲစဉ်းငုံ စသည်ဖြင့်။
(ဂ) တက္ကသိုလ်အချို့ကိုလည်း ဘာသာစုံသင်ကြားသော သုတေသနအခြေပြုတက္ကသိုလ် (Comprehensive Research-oriented Universities) အဖြစ် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Gardner, F.P. (1985) Physiology of Crop Plants. Iowa State University Press. 327p.
ဒေါက်တာကြည်တိုး (၂၀၂၃) ပန်းများပွင့်ကြသည်ဆိုရာဝယ်နှင့် အပင်ဇီဝကမ္မဗေဒ မှတ်စု များ၊ အောင်သုတစာပေ ၁၅၈-မျက်နှာ
(ငယ်စဉ်ဘဝ မူလတန်းပညာရေးမှစတင်၍ ကျွန်တော်အား စိုက်ပျိုးရေးပညာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များစွာကို သင်ယူခွင့်ရအောင် ဆုံးမသွန်သင်၊ ထောက်ပံ့ကူညီ၊ အားပေးခဲ့ပါသော ကျွန်တော်၏ မူလတန်းဆရာ မိဘနှစ်ပါး - ဦးဆိုင်၊ ဒေါ်အေးတင်နှင့် ကျွန်တော် ၏မိသားစုအား ကျေးဇူးတင်ရှိပါသည်)
ရုက္ခဗေဒ ဆိုင်ရာဝေါဟာရများ အတွက် ဖြေဆိုပေးပါသော ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ လှည်းကူးနယ်မြေ ကျောင်းအုပ်ကြီး ဒေါက်တာကြည်တိုး၊ ကထိက ဒေါ်တင်လဲ့လဲ့ထွေးတို့အားလည်း ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။