ဟင်းသီးဟင်းရွက်သိပ္ပံပညာ၏ မိခင်ဘာသာကြီး ဥယျာဉ်ခြံသီးနှံပညာမိတ်ဆက် (အပိုင်း-၁၊ ၂၊ ၃) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၂၅၊ ၉၅ နှင့် ၉၆) တွင် ဆွေးနွေး ရေးသား ခဲ့ပါသည်။ မိခင် ဥယျာဉ်ခြံသီးနှံပညာဘာသာကြီး အောက်ရှိ သစ်သီးဝလံ (Pomology/Fruit Science) နှင့် ပန်းမာန် (Floriculture/Flower Science) သိပ္ပံနှင့် သီးနှံ၊ ပန်းပင်အချို့၏ စိုက်ပျိုး ထုတ်လုပ်ရေးကို ယခင်ကရေးသားထုတ်ဝေခဲ့သော အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး/စာအုပ်များတွင်လည်း ဖတ်ရှုနိုင်ပါသည်။
ပုံ - ၁ စာရေးသူ၏ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ စာအုပ်အတွဲများ
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အတွဲ-၁ မှ အတွဲ-၄ အထိ ပုံနှိပ်၊ ထုတ်ဝေပြီး ဖြစ်ပါသည်။
ဥယျာဉ်ခြံသီးနှံများ၏ အရေးပါမှု (Importance of Horticultural Crops)
(က) မြေဧရိယာတယူနစ်ပေါ်မှ လယ်ယာသီးနှံများထက်စာလျှင် အထွက်အများဆုံး ပေးနိုင် သည် (Very High Production per Unit Area)၊ ဥပမာ - စပါး - တဟက်တာ ၃-၄ တန်၊ စပျစ် - တစ်ဟက်တာ - ၂၀-တန်၊ ခရမ်းချဉ်သီး - ၃၀-တန်အထိထွက်နိုင်ခြင်း
(ခ) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများက လူသားအားလုံးအတွက် လိုအပ်သော အဟာရ ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပံ့ပိုး ပေးနိုင်ပါသည်၊ ရောဂါဒါဏ် ခံနိုင်ရည်ရှိအောင် ဖြည့်စွမ်းပေးသော/ကာကွယ်ပေးသော သီးနှံများ ဟူ၍ပြောနိုင်ပါသည် (Fruits and vegetables are protective Foods)၊
(ဂ) တနှစ်ပတ်လုံးဝင်ငွေရရှိနိုင်သောသီးနှံဖြစ်ပါသည် (Source of income through the year)၊ ဥပမာ - ဟင်းသီးဟင်းရွက်များ၊ အုန်းသီး
(ဃ) နေ့စဉ် အလုပ်ပေးနိုင်သော သီးနှံများဟု ခေါ်ဆိုနိုင်ပါသည် (Provide employments to both Skilled and Unskillers workers/labourers)၊ နေ့စဉ်ရေလောင်းပေါင်းသင် အလုပ်ရှိနေ၍ဖြစ်ပါသည်၊ လယ်ယာသီးနှံများမှာ ရာသီအလိုက်သာ အလုပ်ရှိပါသည်။
(င) တောင်သူတစ်ဦးချင်းစီ ဧကနဲနဲ၊ ထုတ်လုပ်မှုနဲနဲက နေ တစ်နိုင်ငံလုံးစုပေါင်းလိုက်တော့ နိုင်ငံတစ်ခုလုံး၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး (Contribution to the Gross Domestic Products) တက်လာပါသည်။
(စ) တစ်ချို့ဥယျာဉ်ခြံသီးနှံများမှာနှစ်စဉ်ကုန်ကျစရိတ်နဲပါးသွား (No recurring expenditure) ပါသည်။
(ဆ) ဥယျာဉ်သီးနှံတစ်မျိုးခြင်း၏ကယ်လိုရီတန်ဖိုး (High calorie value) က မြင့်မားပါသည်။
(ဇ) ဥယျဉ်ခြံသီးနှံများမှ စက်ရုံထွက်ပစ္စည်းများစွာ လုပ်ကိုင်ပေးနိုင်ပြီး (Industrial Use) အလုပ်အကိုင်၊ ဝင်ငွေများစွာ ရရှိနိုင်ပါသည်။
(ဈ) မိုးနဲပြီး အခြားသီးနှံများ မစိုက်ပျိုးနိုင်သောနေရာ (Utilization of dry land areas) တွင်လည်း စိုက်ပျိုးနိုင်ပါသည်။
(ည) မြေမညီညာဘဲ လှိုင်းထနေသော မြေမျိုး (Use of undulating lands and barren lands) များမှာလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
(ဋ) နိုင်ငံခြားဝင်ငွေ ထပ်မံရှာဖွေပေးနိုင်သော၊ အလားအလာရှိသော (Potential for foreign exchange) သီးနှံများဖြစ်ပါသည်။
(ဌ) မီးဖိုချောင်စရိတ် သက်သာစေနိုင် (Saving Household Money) ပါသည်၊
(ဍ) သစ်သီးဝလံများက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်စောင့်ရှောက် (Fruit Crops reduce environmental pollution) ပေးသည်။
(ဎ) ဥယျာဉ်ခြံသီးနှံအချို့၏ အရွက်များက တိရစ္ဆာန် အစာ (Fodder for Cattle) အဖြစ်အသုံးပြုနိုင်သည်။
(ဏ) ဤသီးနှံများက လူမှုရေး၊ ယဉ်ကျေးမှုကိစ္စများ တစ်ချို့ (Social importance) အသုံးပြုနိုင်ပါသည်။
စိုက်ပျိုးရေးတွင် ဟင်းသီးဟင်းရွက်သိပ္ပံ၏ အခန်းကဏ္ဍနှင့် အရေးပါမှု (The Role and Importance of Vegetable Science in Agriculture)
ဟင်းသီးဟင်းရွက်သိပ္ပံ (Vegetable Science) သည် ဟင်းသီးဟင်းရွက်သီးနှံများ ၏ ထုတ်လုပ်မှု၊ အရည်အသွေးမြှင့်တင်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဥယျာဉ်ခြံသီးနှံပညာရပ် (Horticulture) ၏ အရေးကြီးသော ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရ၊ ဝင်ငွေတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး တို့တွင် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ပုံ - ၂ ဟင်းသီးဟင်းရွက်သိပ္ပံပညာ
ဟင်းသီးဟင်းရွက်သိပ္ပံ၏ အဓိက အခန်းကဏ္ဍများ (The Role of Vegetable Science)
(က) စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ
(က-၁) ဗီတာမင်နှင့် သတ္တုဓာတ်များ (ဥပမာ - ဟင်းနုနွယ်တွင် သံဓာတ်၊ မုန်လာဥနီတွင် ဗီတာမင် အေ) ကို ဖြည့်ဆည်းပေးသည်။ အာဟာရချို့တဲ့မှုများ (ဥပမာ - သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ) ကို ကာကွယ်ပေးသည်။
(က-၂) မုန်လာဥ၊ ဆလတ်ရွက်ကဲ့သို့ မြန်မြန်ရိတ်သိမ်းနိုင်သော သီးနှံများသည် စားနပ်ရိက္ခာအတွက် အရေးပေါ်အထောက်အပံ့ဖြစ်စေသည်။
(ခ) စီးပွားရေးအရ အရေးပါမှု
(ခ-၁) ခရမ်းချဉ်၊ ငရုတ်သီးစသည့် ဈေးကောင်းရသော သီးနှံများသည် စပါး၊ ပြောင်းထက် ဝင်ငွေပိုမိုရရှိစေသည်။
(ခ-၂) သီးနှံပြုပြင်ခြင်း (processing)၊ ပို့ကုန်နှင့် မျိုးစေ့လုပ်ငန်းများကို အထောက် အကူပြုသည်။
(ခ-၃) လုပ်သားအင်အား (စိုက်ပျိုးရေး၊ ဈေးကွက်ရောင်းချရေး၊ ပြုပြင်ထုပ်ပိုးရေး) အတွက် အလုပ်အကိုင်များ ဖန်တီးပေးသည်။
(ဂ) ရေရှည်တည်တံ့သော စိုက်ပျိုးရေး
(ဂ-၁) ဟင်းသီးဟင်းရွက် ဖြစ်သောပဲသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရကို ပြန်လည်ဖြည့်တင်းပေးသည် ဥပမာ - ပဲတိုင်ထောင်၊ ပဲစောင်းလျှား။
(ဂ-၂) မြို့ပြစိုက်ပျိုးရေး (ဥပမာ - မိုးမျှော်တိုက်ဥယျာဉ်၊ ရေမြေအောက်စိုက်ပျိုးနည်း) ဖြင့် စားသုံးသူနှင့် နီးကပ်စွာ ထုတ်လုပ်နိုင်သည်။
(ဂ-၃) ရာသီဥတုဒဏ်ခံနိုင်သော မျိုးများ (ဥပမာ - မိုးခေါင်ဒဏ်ခံ ခရမ်းချဉ်၊ အပူဒဏ်ခံ ပဲမျိုးစုံ) ကို မွေးထုတ်ပေးသည်။
(ဃ) နည်းပညာဆိုင်ရာ တိုးတက်မှုများ
(ဃ-၁) အထွက်တိုး မျိုးစပ်သီးနှံများ (ဥပမာ - Bt ဗိုင်းရပ်စ်ပါခရမ်းချဉ်၊ ဗိုင်းရပ်စ်ဒဏ်ခံ သင်္ဘောသီး)။
(ဃ-၂) တိကျသော စိုက်ပျိုးရေးနည်းလမ်းများ (ဥပမာ - ရေငွေ့ပျံအားနည်းသော ရေပေးစနစ်၊ မြေသြဇာထိုးသွင်းစနစ်)။
(ဃ-၃) ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းပြီးနည်းပညာ (အအေးခန်းသိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း) ဖြင့် အလဟာသဖြစ်မှုကို ၃၀-၄၀% အထိ လျှော့ချနိုင်သည်။
ဇယား - ၁ ကမ္ဘာ့ဟင်းသီးဟင်းရွက် တစ်မျိုးခြင်းအလိုက် ထုတ်လုပ်မှု အများဆုံး ၃ နိုင်ငံ
ဇယား - ၂ မြန်မာ၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်အထွက်နှုန်း နှိုင်းယှဉ်မှု (တန်/ဟက်တာ)
စာရေးသူ၏အတွေးတစ်စ
မြန်မာနိုင်ငံ ခရမ်းချဉ်သီးအထွက်သည် ကမ္ဘာ့ ပျမ်းမျှအထွက်နှင့်ယှဉ်လျှင် ၃-ဆခန့်၊ အထွက်အများဆုံး ၆-ဆခန့် တိုးတက် အထွက်တိုး (Increased Yield) ထုတ်လုပ်နိုင်ပါသေးသည်။
ငရုတ် ၁၀-ဆ မှ အဆ ၄၀-ခန့်
ဂေါ်ဖီထုတ် ၂-ဆ ခန့်
ကြက်သွန်နီ/ကြက်သွန်ဖြူ ၂-ဆ မှ ၃-ဆခန့် ပိုမို တိုးတက်ထွက်ရှိနိုင်သဖြင့် နည်းပညာ၊ သွင်းအားစု၊ ရေရရှိမှု မှန်ကန်လျှင် ပိုမိုထွက်ရှိ နိုင်ပါသေးကြောင်း သတိထားမိပါသည်။
ကြိုးစားကြပါဦးစို့
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bird, C. (2014) Fundamentals of Horticulture: Theory and practice. Cambridge University press. 464p.
Hazra, P. (2019) Vegetable Science and Technology. NIPA New India Publishing Agency
Rice, L.W. and R.P. Rice (2011) Practical Horticulture. 7th Edi. Prentice Hall.438p.
Schroeder, C.B. (1997) Introduction to Horticulture. 2nd Edi. IST Interstate publishers, US. 660p.
(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ပါမောက္ခ ဒေါက်တာစောထိုလွီထူး တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။