ဟင်းသီးဟင်းရွက်သိပ္ပံပညာ (အပိုင်း - ၂)

19/08/2025 10:12 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ဟင်းသီးဟင်းရွက်သိပ္ပံပညာ၏ မိခင်ဘာသာကြီး ဥယျာဉ်ခြံသီးနှံပညာမိတ်ဆက် (အပိုင်း-၁၊ ၂၊ ၃) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၂၅၊ ၉၅ နှင့် ၉၆) တွင် ဆွေးနွေး ရေးသားခဲ့ပါသည်။ မိခင်ဥယျာဉ်ခြံသီးနှံပညာဘာသာကြီးအောက်ရှိ သစ်သီးဝလံ (Pomology/Fruit Science) နှင့် ပန်းမာန် (Floriculture/Flower Science) သိပ္ပံနှင့် သီးနှံ၊ ပန်းပင်အချို့၏ စိုက်ပျိုးထုတ်လုပ်ရေး ကို ယခင်ကရေးသားထုတ်ဝေခဲ့သော အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး/စာအုပ်များတွင်လည်း ဖတ်ရှုနိုင်ပါသည်။ ဟင်းသီးဟင်းရွက်သိပ္ပံပညာ အပိုင်း (၁) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၁၈၃) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဟင်းသီးဟင်းရွက်များ၏ ကျန်းမာရေးအတွက် အရေးပါမှု (Main Nutrient Components of vegetables)

လူသားများအားလုံးအတွက် အာဟာရလိုအပ်ချက် အုပ်စု ၅ မျိုးခွဲနိုင်ပါသည်။

(က) ကစီဓာတ်/ကာဘိုဟိုက်ဒြိတ် (Carbohydrate)

(ခ) အသားဓာတ်/ပရိုတိန်း (Protein)

(ဂ) အဆီဓာတ် (Fat)

(ဃ) ဗီတာမင်ဓာတ် (Vitamins)

(င) သတ္တုဓာတ် (Minerals) တို့ဖြစ်ပါသည်။ 

ဟင်းသီးဟင်းရွက်များက လူသားတို့လိုအပ်သည့် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များစွာ ကိုပံ့ပိုးပေးပါသည်။ 

ပုံ - ၁ ဟင်းသီးဟင်းရွက်များစားသုံးခြင်းအကျိုးကျေးဇူးများ

ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၏ အကျိုးကျေးဇူးများ (Benefits of Eating Vegetables)

ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ၏ အရေးပါဆုံး အစိတ်အပိုင်းများဖြစ်ပြီး အောက်ပါအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါသည်။

(က) အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း

ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာပါဝင်သည်။

ဗီတာမင် အေ - Vitamin A (မုန်လာဥနီ၊ ဟင်းနုနွယ်) အမြင်အာရုံနှင့် အရေပြား ကျန်းမာရေး

ဗီတာမင် စီ - Vitamin C (ခရမ်းချဉ်၊ ငရုတ်ပွ) ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ပိုတက်ဆီယမ် - Potassium (ကန်စွန်းဥ၊ ငှက်ပျောသီး) သွေးပေါင်ချိန်ထိန်းညှိပေးခြင်း

သံဓာတ် - Iron (ဟင်းနုနွယ်၊ ကိုက်လန်) သွေးအားနည်းရောဂါကာကွယ်ပေးခြင်း

(ခ) ရောဂါများကို ကာကွယ်ပေးခြင်း

(ခ-၁) နှလုံးရောဂါနှင့် သွေးတိုးကျစေခြင်း - အမျှင်ဓာတ် (Fiber) ပါဝင်မှု ကြောင့် ကိုလက်စထရော (Cholesterol) ကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

ပိုတက်ဆီယမ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ (ဥပမာ - ကန်စွန်းဥ၊ ငရုတ်သီး) သည် သွေးတိုးကို ထိန်းညှိပေးသည်။

(ခ-၂) ဆီးချိုသွေးချိုရောဂါ ကာကွယ်ပေးခြင်း - အမျှင်ဓာတ်များ သော  ဟင်းသီးဟင်းရွက်များ (ဥပမာ - ပန်းဂေါ်ဖီ၊ မုန်လာဥ) သည်  သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည်။

(ခ-၃) ကင်ဆာရောဂါကာကွယ်နိုင်ခြေမြင့်မားစေခြင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ (Antioxidants) ပါဝင်သော ဟင်းသီးဟင်းရွက်များ (ဥပမာ - ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်) သည် ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးကွေးစေသည်။

(ဂ) ကိုယ်အလေးချိန်ထိန်းသိမ်းရာတွင် အထောက်အကူပြုခြင်း

ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များသော  ဟင်းသီးဟင်းရွက်များသည် ဗိုက်ပြည့်စေကာ အဝလွန်ခြင်းကို ကာကွယ်ပေးသည်။

ဥပမာ: သခွားသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်တို့သည် အဆီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုသည်။

(ဃ) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

အမျှင်ဓာတ်များ (Fiber) သည် အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ ဥပမာ- ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲပိစပ်တို့သည် အစာကြေလွယ်စေပြီး အူမကြီးကျန်းမာရေးကို ကောင်းမွန်စေသည်။

(င) အသားအရေနှင့် အရွယ်တင်နုပျိုစေခြင်း

ဗီတာမင် စီ - Vitamin C (ခရမ်းချဉ်၊ ငရုတ်ပွ) နှင့် ဗီတာမင် အီး - Vitamin E (ဟင်းနုနွယ်၊ ရွှေဖရုံသီး) တို့သည် အရေးအကြောင်းများကို လျှော့ချပေးပြီး အသားအရေကို စိုပြေစေသည်။

ရေဓာတ်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များ (ဥပမာ - သခွားသီး၊ မုန်လာဥဖြူ) သည် အသားအရေကို ရေဓာတ်ဖြည့်ပေးသည်။

(စ) စိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း

ဖောလိတ် (Folate) ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ (ဥပမာ - ဟင်းနုနွယ်၊ ပန်းဂေါ် ဖီ) သည် စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးသည်။

မဂ္ဂနီဆီယမ် Magnesium (ငရုတ်ပွ၊ ကန်စွန်းရွက်) သည် စိတ်ဖိစီးမှုကိုလျှော့ချပေးသည်။

ဟင်းသီးဟင်းရွက်များကိုအမျိုးအစားခွဲခြားခြင်း (Classificaion of Vegetable Crops)

(၁) ရုက္ခဗေဒနည်းအားဖြင့် အမျိုးအစားခွဲခြားခြင်း (Botanical Classification)

(၁-က) စေ့ရွက်ထီးပင်အုပ်စု (Monocotyledoneae)

(၁-ခ) စေ့ရွက်စုံပင်အုပ်စု (Dicotyledonae)

** တဟက်တာ - တစ်တန် = ၂၅၁-ပိဿာ/ဧက

Reference – U Thein Tun, East-West Seeds

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bird, C. (2014) Fundamentals of Horticulture: Theory and practice. Cambridge University press. 464p.

Hazra, P. (2019) Vegetable Science and Technology. NIPA New India Publishing Agency

ဝင်းတင်ဝင်း (၂၀၁၉) သုတအဘိဓာန်မြန်မာ့အပင်များ၊ နေဝင်းနီစာပေ၊ ၅၅၆-မျက်နှာ 

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခ (ငြိမ်း)  ဒေါက်တာခင်သီတာမြင့်၊ ပါမောက္ခ ဌာနမှူး ဒေါက်တာစောထိုလွီထူး၊ များနီမျိုးစေ့ကုမ္ပဏီမှ ၁၉၉၁-စိုက်ပျိုးရေးဘွဲ့ရ ဦးသိန်းထွန်း တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်