စိုက်ပျိုးရေးအင်ဂျင်နီယာပညာ မိတ်ဆက် အပိုင်း (၁၊ ၂) နှင့် (၃) ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ အမှတ် (၁၇၊ ၁၈၊ ၁၉) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
တဖန် စက်မှုလယ်ယာ (Farm Machinery/Farm Mechanization) အပိုင်းတွင်မှ စာရေးသူ မိတ်ဆွေ အငြိမ်းစားညွန်ကြားရေးမှူးချုပ်၊ ဦးခွန်အေးနိုင်နှင့် မကြာခဏဆွေးနွေး ဖြစ်နေသော စပါးကောက်စိုက်စက်၊ စပါးမျိုးစေ့ချကရိယာ များ အကြောင်း စိုက်ပျိုးရေးရှုထောင့်မှ ဆွေးနွေး ပါရစေ။
စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာကြီး အောက်တွင် စက်မှုလယ်ယာ (Farm Machinery) စက်ကိရိယာ ဘာသာ ရှိပါသည်။ အင်ဂျင်လည်ပတ်မှု အပိုင်းကိုတော့ အင်ဂျင်နီယာများက ရှင်းလင်း၊ ဆွေးနွေးပြီးဖြစ်မည်ထင်ပါသည်။
လယ်ယာသုံးစက်ကိရိယာများကို ၃ မျိုး ခွဲခြားထားပါသည်၊
(က) လယ်ယာသုံးစက်ပစ္စည်းများ (Farm Equipments)
ထွန်စက် (Tractors) များဖြင့် အထူးသဖြင့် ၃-သွားထယ်၊ ၁၆-သွားထွန် စသည်ဖြင့် မစိုက်ပျိုးခင် မြေပြင်ရာတွင် (Land Preparation) အသုံးပြုခြင်းဖြင့်လည်းကောင်း နောက်တွဲယာဉ် (Trailer) အဖြစ် လယ်/ယာ ကွင်းအတွင်း လယ်ယာသုံးပစ္စည်းများ၊ လယ်ယာလုပ်သား များ သယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုလေ့ရှိပါသည်။ အဓိပ္ပာယ်မှာ – စက်ဖြင့်မောင်းနှင်၍ မြေဧရိယာကျယ်ဝန်းသော လယ်ယာလုပ်ငန်း များတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြစ်ပါသည်။
စက်အားအရင်းအမြစ် – စက်အင်ဂျင်၊ မော်တာ (ဒီဇယ်အင်ဂျင်၊ လျှပ်စစ်) ကိုသုံးသည်။
ကုန်ကျငွေ – အလွန်များ၊ စျေးကြီးပြီး ထိန်းသိမ်းစရိတ် အများဆုံးဖြစ်သည်။
ဥပမာ – ထွန်စက် (tractor)၊ ရိတ်သိမ်းချွေလှေ့စက် (combine harvester)၊ လက်တွန်းထွန်စက် (power tiller)၊ ရေစုပ်/ရေသွင်းစက်/ကိရိယာ (irrigation pump)၊ နွားနို့ညှစ်စက် (milking machine) အသုံးပြုမှု – ကျယ်ဝန်းသောလယ်ယာ မြေများတွင် သုံးရန်၊ စိုက်ပျိုး၊ ဆေး၊ မြေဩဇာဖျန်း၊ ရိတ်သိမ်း စက်မောင်း စသည်ဖြင့် လုပ်ဆောင် ကြပါသည်။ ရိတ်သိမ်းပြီး အလုပ်များ (post-harvest processing) ကိုလည်းဆောင်ရွက်သည်။ အသားထုတ်လုပ်မှု၊ နွားနို့ထုတ်လုပ်မှု စသည့် လယ်ယာသုံးတိရိစ္ဆာန် (Farm Animals) မွေးမြူထိန်းသိမ်းမှုများ ကိုလည်း ဆောင်ရွက်လေ့ရှိပါသည်။
ပုံ - ၁ လယ်ယာသုံး စက်ပစ္စည်းများ (အမျိုးအစား-၁)
(ခ) လယ်ယာအကူ၊ ကိရိယာများ (Farm Implements) - ကျွဲနွားများဆွဲသောကိရိယာများ (Animal-drawn implements)၊ စက်ဆွဲကိရိယာများ (Machine-drawn implements) စသည်တို့ဖြစ်ပါသည်။
အဓိပ္ပာယ် – လူ၊ တိရိစ္ဆာန် သို့မဟုတ် ထွန်စက် (tractor) တို့ဆွဲဆောင်ကာ အသုံးပြုသည့် ကိရိယာများ (မိမိကိုယ်တိုင်မသယ်နိုင်သော ပစ္စည်းများ) ဖြစ်သည်၊
စွမ်းအင်အရင်းအမြစ် – လူသား၊ တိရိစ္ဆာန်၊ ထွန်စက်အငယ်များ
ကုန်ကျငွေ – အလယ်အလတ် (လူသုံးကိရိယာများ (Tools) ထက် တန်ဖိုးများပြီး လယ်ယာစက်ပစ္စည်း (Equipments) များထက်တန်ဖိုးနည်းကာ ကုန်ကျပါသည်။
ဥပမာ – ထယ် (plough)၊ ထွန် (harrow)၊ ထွန်ယက်စက် (cultivator)၊ အစေ့စိုက်စက် (seed drill)၊ ဆေးဖျန်းစက် (sprayer)၊ ကောက်စိုက်စက် (transplanter)
အသုံးပြုမှု – မြေထယ်ထိုး၊ ထွန်မွေခြင်း၊ မျိုးစေ့မြေကြဲခြင်း၊ ကောက်စိုက်ခြင်း၊ မြေပြန်ညှိခြင်း၊ အစေ့ အတန်းလိုက် စိုက်ခြင်း၊ သီးနှံကို ဆေးဖျန်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေဧရိယာကျဉ်း ရိတ်သိမ်းစက်တွဲကိရိယာ အသေးများ အသုံးပြုခြင်းတို့ဖြစ်ပါသည်။
ပုံ - ၂ စပါးကောက်စိုက်စက် (လူထိုင်နှင့်လက်တွန်း)
(ဂ) လယ်ယာ အသုံးအဆောင်ပစ္စည်းများ (Farm Tools) အသေးစားလက်ကိရိယာများ ဖြစ်ပါသည်။
အဓိပ္ပာယ် – လူနှင့်လက်ထမ်းအသုံးပြုသော ရိုးရှင်းသည့် လယ်ယာလုပ်ငန်းဆိုင်ရာ ပစ္စည်းများဖြစ်ပါသည်၊
အားအင်ရင်းမြစ် – လူသား၏ လုပ်အားနှင့်ဆောင်ရွက်ရသောပစ္စည်းများဖြစ်ပါသည်။
ကုန်ကျငွေ/စရိတ် – စျေးပေါ၊ ထိန်းသိမ်းစရိတ် နည်းပါးပါသည်၊
ဥပမာ – ပေါက်တူး/ပေါက်ပြား (hoe)၊ တံဇဉ် (sickle)၊ ဂေါ်ပြား (spade)၊ ထွန်ခြစ် (rake)၊ သံလက်/ဥယျာဉ်ခြံသုံးလက်ထိုးတူရွင်း (trowel) အသုံးပြုမှု – ပေါင်းမြက်ရှင်းခြင်း၊ အပင် ဖြတ်ခြင်း၊ မြေတူးခြင်း၊ စိုက်ပျိုးခြင်း တို့ကို ဆောင်ရွက်ပါသည်။ အိမ်ခြံမြေ၊ သေးငယ်သော လယ်ယာများတွင် သင့်တင့်ပါသည်။
ပုံ - ၃ အသေးစားလက်ကိရိယာများ
စပါးကောက်စိုက်စက် (Rice Transplanter) သည် လယ်ယာလုပ်သား ရှားပါးသော အခြေအနေနှင့် ခေတ်မီစိုက်ပျိုးရေးတွင် အရေးပါသော စက်ကိရိယာတစ်မျိုးဖြစ်ပြီး ၎င်း၏ အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် လူထိုင်မောင်းနှင်သည့်စက်နှင့် လူကမတ်တပ်ရပ် မောင်းနှင်သည့်စက်တို့၏ ကွဲပြားမှုများကို အောက်တွင် ရှင်းလင်းတင်ပြထားပါသည်။
စပါးကောက်စိုက်စက် (Rice Transplanter) ၏ အကျိုးကျေးဇူးများ
စိုက်ပျိုးမှုမြန်ဆန်ခြင်း - စက်သည် လက်ဖြင့်စိုက်ပျိုးခြင်းထက် အဆများစွာ မြန်ဆန်စွာ စိုက်ပျိုးနိုင်ပြီး ကြီးမားသော လယ်ကွင်းများကို တိုတောင်းသောအချိန်အတွင်း စိုက်ပျိုးနိုင်သည်။
လုပ်သားအင်အား သက်သာခြင်း - စက်ဖြင့် စိုက်ပျိုးခြင်းသည် လုပ်သားအင်အား လိုအပ်ချက်ကို သိသိသာသာ လျှော့ချနိုင်ကာ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်သည်။
စိုက်ပျိုးမှုတိကျညီညာခြင်း - စက်သည် စိုက်ညှာနှင့် စိုက်အနက်ကို တိကျစွာ ချိန်ညှိပေးနိုင်သဖြင့် အပင်ကြီးထွားမှု ညီညာပြီး အထွက်နှုန်းတိုးစေသည်။
မျိုးစေ့ချွေတာနိုင်ခြင်း - စက်ဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့အသုံးပြုမှုကို လျှော့ချပေးနိုင်ကာ ပုံမှန်အားဖြင့် တစ်ဟက်တာလျှင် မျိုးစေ့ ၃၅ ကီလိုဂရမ်ခန့်သာ သုံးစွဲရသည်။
စိုက်ပျိုးရေးကုန်ကျစရိတ် သက်သာခြင်း - စက်ဖြင့် စိုက်ပျိုးခြင်းသည် စရိတ်ကျဉ်းနိုင်ပြီး ဝင်ငွေကို တိုးမြင့်စေနိုင်ကာ ပျမ်းမျှအားဖြင့် တစ်ဟက်တာလျှင် ၄ မီလီယံမှ ၄.၅ မီလီယင် ဗီယက်နမ်ဒေါင်အထိ ဝင်ငွေတိုးစေနိုင်သည်။
စပါးကောက်စိုက်စက် (Rice Transplanter) ၏ အားနည်းချက်များ
(က) ကနဦးရင်းနှီးမြှုပ်နှံမှုမြင့်မားခြင်း: စက်ဝယ်ယူရန် စတင်ရင်းနှီးမြှုပ်နှံမှုမြင့်မားပြီး သေးငယ်သော လယ်သမားများအတွက် ဝယ်ယူရန် ခက်ခဲနိုင်သည်။
(ခ) ပြုပြင်ထိန်းသိမ်းမှုလိုအပ်ခြင်း: စက်များသည် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် ကျွမ်းကျင်သော လုပ်သားများ လိုအပ်သည်။
(ဂ) မြေပြင် (မြေပြန့်/တောင်စောင်း) အခြေအနေအပေါ်မူတည်ခြင်း: စက်များသည် ညီညာသောမြေပြင်တွင် အကောင်းဆုံးအလုပ်လုပ်နိုင်ပြီး မညီညာသော သို့မဟုတ် တောင်စောင်းမြေပြင်များတွင် အကျိုးရှိစွာအသုံးပြုရန် ခက်ခဲနိုင်သည်။
(ဃ) စွမ်းအင်သုံးစွဲမှု: စက်များသည် လောင်စာဆီ (ဒီဇယ်/ဓာတ်ဆီ) သုံးစွဲမှုမြင့်မားနိုင်ပြီး စွမ်းအင်အရင်းအမြစ်များ ကန့်သတ်ထားသော ဒေသများတွင် စိုးရိမ်စရာဖြစ်နိုင်သည်။
လူထိုင်မောင်းစက် (Riding Type) နှင့် လူကမတ်တပ်ရပ်မောင်းစက် (Walking Type) ၏ နှိုင်းယှဉ်ချက်
စာရေးသူ၏ အတွေးတစ်စနှင့်အကြံပြုချက်များ
စပါးကောက်စိုက်စက်များသည် စိုက်ပျိုးရေးလုပ်ငန်းကို ခေတ်မီတိုးတက်စေပြီး လုပ်သား အင်အား လိုအပ်ချက်ကို လျှော့ချကာ အထွက်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။ သို့ရာတွင် စက်ဝယ်ယူရန် ကနဦးရင်းနှီးမြှုပ်နှံမှုမြင့်မားခြင်း၊ ပြုပြင်ထိန်းသိမ်းမှုလိုအပ်ခြင်းနှင့် မြေပြင်အခြေအနေအပေါ် မူတည်ခြင်းစသော စိန်ခေါ်မှုများလည်း ရှိနေပါသည်။
လူထိုင်မောင်းစက်သည် ကြီးမားသောလယ်ကွင်းများအတွက် သင့်တော်ပြီး လူက မတ်တပ်ရပ် မောင်းစက်သည် သေးငယ်သောလယ်ကွင်းများနှင့် မညီညာသောမြေပြင်များ အတွက် ပိုမိုသင့်တော်သည်။ လယ်သမားများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များနှင့် မြေပြင်အခြေအနေပေါ် မူတည်၍ သင့်တော်ရာ စက်အမျိုးအစားကို ရွေးချယ်အသုံးပြု သင့်ပါသည်၊
ထို့အပြင် အစိုးရနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် လယ်သမားများအား စက်ဝယ် ယူရန် ငွေကြေးပံ့ပိုးမှုများပေးခြင်း၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ စက်မောင်းနှင် နည်းနှင့် ပြုပြင်ထိန်းသိမ်းနည်းများ သင်တန်းပေးခြင်း (ပုဂ္ဂလိက လယ်ယာသုံးစက် ကရိယာရောင်းချသော ကုမ္ပဏီများအပါအဝင်) တို့ဖြင့် စက်အသုံးပြုမှုကို အားပေးသင့်ပါသည်။
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Kepner, R. A.; Roy Bainer, E. L. Barger (1980) Principles of Farm Machinery. 3rd Ed. 527p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
