စားကျက်သီးနှံများ စိုက်ပျိုးသင့်သောအကြောင်းရင်းများ

14/10/2025 10:21 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

စာရေးသူ၏ ဆောင်းပါးလေးများ ရေးသားဖြန့်ဝေရခြင်း၊ အပတ်စဉ် စနေနေ့ညတိုင်း ဗဟုသုတမျှဝေခြင်းဟောပြောပွဲများ (Online Webinar) ပြုလုပ်နေခြင်း ရည်ရွယ်ချက်များမှာ အကြောင်းအမျိုးမျိုးကြောင့် စိုက်သိပ္ပံ၊ စိုက်တက္ကသိုလ် သို့ မတက်ရောက်နိုင်ကြသော လက်တွေ့စိုက်ပျိုး၊ မွေးမြူနေကြသော တောင်သူဦးကြီး၊ တောင်သူဒေါ်ကြီး၊ ကျေးလက်နေလူငယ် အားလုံးအတွက် သိပ္ပံနည်းကြ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဖတ်ရှု၊ နားထောင်၊ ဆွေးနွေးရင်း၊ ဗဟုသုတ ရစေလိုသော စိတ်စေတနာဖြင့်ရေးသား၊ ဆောင်ရွက်နေခြင်း ဖြစ်ပါ သည်။

တိရစ္ဆာန်စာ/စာကျက်သီးနှံများ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆)၊ တိရစ္ဆာန်စာပဲမျိုးရင်းဝင်အပင်ကြီးများ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃)၊ တို့တွင် ရေးသားဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ဤစာကျက်သီးနှံများ စိုက်ပျိုးပြုစုခြင်းအကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။  

စားကျက်သီးနှံများ စိုက်ပျိုးသင့်သောအကြောင်းရင်းများ

(က) မွေးမြူရေးအတွက် အဓိကအစာဖြစ်ခြင်း

စားကျက်သီးနှံ (Forage crops) ဥပမာ – မြက်၊ ပဲ) တို့သည် စားမြုံ့ပြန်တိရစ္ဆာန်များ (Ruminant animals) ဥပမာ - နွား၊ ဆိတ်၊ သိုး များအတွက် အဓိကအစာဖြစ်သည်။

သက်တမ်းရှည်၊ အာဟာရပြည့်ဝသောအစာဖြစ်ပြီး နွားနို့ထွက်နှုန်း၊ အသားအရည်အသွေး၊ အသားတိုးနှုန်းတို့ကို တိုးတက်စေသည်။

(ခ) မြေဆီလွှာထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှု

စားကျက်သီးနှံသည် မြေဆီလွှာ ပျက်စီးမှုကိုလျှော့ချပြီး မြေဆီလွှာအဟာရဓာတ် အရည် အသွေး (Soil Fertility Improvement) ကိုတိုးတက်စေသည်။

မြေဆီလွှာတိုက်စားမှု၊ ရေစီးဆင်းမှု တို့ကို ထိန်းချုပ်နိုင်ပြီး  သဘာဝအပင်များမှ ကာဗွန် သိုလှောင်ခြင်း (carbon sequestration) ပြုလုပ်နိုင်သည်။

(ဂ) စီးပွားရေးအကျိုးအမြတ်ရခြင်း

စားကျက်သီးနှံ သည် အခြားအစားအစာများထက် စျေးသက်သာပြီး စိုက်ပျိုး ကုန်ကျ စရိတ်နည်းသည်။

အမေရိကန်တွင်သာမက ကမ္ဘာတစ်ဝှမ်းတွင် စားကျက်သီးနှံများထုတ်လုပ်မှု (Forage production) သည် စိုက်ပျိုးမြေ၏ ၅၀% ခန့်ကိုဖုံးလွှမ်းပြီး အမေရိကန်ဒေါ်လာ ၁၈-ဘီလီယမ် ($18 billion) ခန့်အထိ စီးပွားရေးတန်ဖိုးရှိနေပါသည်။

(ဃ) အခြားသီးနှံများနှင့် ပေါင်းစပ်စိုက်ပျိုးနိုင်မှု

စားကျက်သီးနှံ ကို သီးနှံလှည့်စိုက်နည်းစနစ် (Crop rotation) တွင် အသုံးပြုနိုင်သည်။

ဥပမာ – ပဲပင်များသည် မြေထဲသို့ နိုက်ထရိုဂျင်ဓာတ် (Nitrogen) ဖြည့်စွက်ပေးနိုင်ပြီး အခြားသီးနှံများအတွက် အထောက်အကူဖြစ်စေသည်။

(င) အစားအသောက်လုံခြုံရေးအတွက် အခြေခံဖြစ်ခြင်း

စားကျက်သီးနှံသည် နို့ (Milk)၊ အသား (Meat)၊ မွေးမြူရေးထုတ်ကုန် (Animal products) များ၏ အရင်းအမြစ်ဖြစ်သည်။

လူဦးရေတိုးလာမှုနှင့်အမျှ အစားအသောက်၊ ပရိုတန်းဓာတ် (Protein) လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

စားကျက်သီးနှံများ စိုက်ပျိုးပြုစုရာတွင် အောက်ပါအချက်များကို ပထမဦးစွာသိရှိထားရပါမည်။

(က) သဘာဝစားကျက်သီးနှံစိုက်ခင်း (Native Pasture) လမ်းဘေး၊ စိုက်ခင်းဘေး၊ အ ဆောက်အဦများ ဘေး, အနီးအနားတွင် သဘာဝအတိုင်းရှိနေသည့် မြက်နှင့် အပင်များ ဖြစ်သည်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များ လွတ်လပ်စွာနေထိုင်နိုင်သော်လည်း အာဟာရဓာတ် နည်းပါးခြင်း၊ ထုတ်လုပ်မှုနည်းခြင်းကြောင့် တိရစ္ဆာန်၏ ကြီးထွားနှုန်း နှေးကွေးသည်။

(ခ) စိုက်ပျိုးထားသော စားကျက်သီးနှံစိုက်ခင်း (Sown or Planted Pasture) တောင်သူ လယ်သမားတို့မှ မြက်ပင်များ၊ စားကျက်ပဲသီးနှံများကို ရွေးချယ်စိုက်ပျိုးထားသော အခြေအနေဖြစ်သည်။ အသားဓာတ်ရှိ၊ အာဟာရမြင့်သည့်မြက်ပင်မျိုးများစွာ ထုတ်လုပ်နိုင် သည်။ အထွက်နှုန်းမြင့်၍ တိရစ္ဆာန် မွေးမြူရေးတွင် အကျိုးအတွက်ပိုမိုဖြစ်သည်။ ဒေသအလိုက် မိုးရွာသွန်းမှု၊ မြေအမျိုးအစား၊ ရာသီဥတု အခြေအနေ အရ စိုက်ပျိုးမှုကို  စီမံဆောင်ရွက်နိုင်သည်။

ကမ္ဘာ့နိုင်ငံအလိုက် နေရာဒေသအပေါ်မူတည်၍ စားကျက်သီးနှံ - မြက်၊ ပဲ များကို အပူပိုင်း နှင့် သမပိုင်း သီးနှံများအဖြစ် အောက်ပါအတိုင်းခွဲခြားနိုင်ပါသည်။

(ဂ) အပူပိုင်း နှင့်အပူလျော့ပိုင်းဒေသစိုက်ပျိုးသော မြက်/ပဲ (Tropical and Sub-Tropical Grasses/Tropical and Sub-Tropical Legumes) 

(ဂ-၁) အပူပိုင်းဒေသစိုက်မြက်/ပဲမျိုးများ (Tropical Grasses/Legumes)

အဓိပ္ပာယ် – အပူပိုင်းဒေသ (လတ္တီတွတ် မြောက် ၂၃.၅°N နှင့် တောင် ၂၃.၅°S အကြား) တွင် အပူချိန် မြင့်မားပြီး ရာသီ အပြောင်းအလဲများ ကြားတွင် တွေ့နိုင်သည့် မြက်မျိုးများ၊ ပဲမျိုးများ ဖြစ်ပါသည်။

ရာသီဥတု – အပူချိန် ≥ ၂၀°C, နေထွက်ချိန်များ, မိုးရာသီကွဲပြားမှုကြီးမား။

ဥပမာ (မြက်) – နပီယာမြက် Napier grass (Pennisetum purpureum), ဂီနီမြက် Guinea grass (Panicum maximum), ဘူဖယ်မြက် Buffel grass (Cenchrus ciliaris)

ဥပမာ (ပဲ) – စတိုင်လို Stylo (Stylosanthes spp.), ဆင်ထရို Centro (Centrosema pubescens), ဘောစကိုင်း Leucaena (Leucaena leucocephala)

(ဂ-၂) အပူလျော့ပိုင်း မြက်/ပဲမျိုးများ (Sub-tropical Grasses/Legumes)

အဓိပ္ပါယ် – အပူပိုင်းနှင့် အပူလျော့ပိုင်းအကြား (၂၃.၅° – ၃၅° တောင်၊ မြောက် လတ္တီကျု) အကြား တွင်တွေ့နိုင်သည့် မြက်/ပဲအမျိုးအစားများဖြစ်ပါသည်။

ရာသီဥတု – နွေရာသီအပူချိန် ၂၀–၃၀°C ဆောင်းတွင် အေးသော်လည်း အနည်းငယ် ရေခဲနိုင်သည်။

ဥပမာ (မြက်) – ဘာမူဒါမြက် Bermuda grass (Cynodon dactylon), ရုဒ်မြက် Rhodes grass (Chloris gayana)

ဥပမာ (ပဲ) – လျူဆန်း/အယ်ဖာဖာပဲ Lucerne/Alfalfa (Medicago sativa), စီရာထရိုပဲ (Macroptilium atropurpureum), ဒက်စမိုဒီယမ်ပဲ (Desmodium spp.)

(ဃ) သမပိုင်းဒေသစိုက်ပျိုးသော မြက်/ပဲ (Temperate Grasses/Temperate Legumes)

(ဃ-၁) သမပိုင်း မြက်/ပဲမျိုးများ (Temperate Grasses/Legumes)

အဓိပ္ပာယ် – လတ္တီကျု ၃၅° ထက် အထက်ရှိ အအေးပိုင်းဒေသများတွင် တွင်ကြရသည့် အမျိုးအစားများ။

ရာသီဥတု – အေးမြသောရာသီဥတု (၁၀–၂၅°C)၊ ဆောင်းတွင် ရေခဲ/နှင်းကျ ရောက်ခြင်း များ၊ အအေးဆုံးလအတွင်း ဖြစ်နိုင်ပါသည်။

ဥပမာ (မြက်) – ရိုင်မြက် Ryegrass (Lolium perenne), အော်ချပ်မြက် Orchardgrass (Dactylis glomerata), တီမိုသီမြက် Timothy (Phleum pratense)

ဥပမာ (ပဲ) – ကလိုဘာအဖြူပဲ White clover (Trifolium repens), ကလိုဘာအနီပဲ Red clover (Trifolium pratense), ဌက်ခြေထောက်ပုံပဲ Birdsfoot trefoil  (Lotus corniculatus)စသည်ဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။ 

တစ်ဖန်စားကျက်သီးနှံ အမျိုးမျိုးကို 

(င) Forage Crops (မွေးမြူထားသောတိရိစ္ဆာန်များအတွက် စိုက်ပျိုးသောမြက်နှင့် အပင်များ)

စားကျက်ပင် (Forage crops) ဆိုသည်မှာ တိရစ္ဆာန်တွေ စားဖို့အတွက် သီးသန့် စိုက်ပျိုးထားသည့် အပင်များဖြစ်ပါသည်။ ၎င်းအပင်များကိုတိရစ္ဆာန်များ တိုက်ရိုက်လွှတ်ကျောင်းစားနိုင်သလို (Grazing)၊ ခုတ်ဖြတ်၊ သယ်ယူပြီး စားခိုင်းခြင်း (Cut-and-carry)၊ အခြောက်သိုလှောင်ခြင်း (Hay)၊ အစိုအချဉ်ဖောက်သို လှောင်ခြင်း (Silage) စသည့် ပုံစံမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါသည်။

ဥပမာများ -  နေပီယာမြက် (Napier grass), လူဆန် (သို့) အယ်ဖာဖာ (Lucerne/Alfalfa)၊ ကလိုဗာ (Clover) 

(စ) Fodder Crops (ဖြတ်ယူ၍ တိရစ္ဆာန်အစာစိမ်းအဖြစ် အသုံးပြုသော စိုက်ပျိုးပင်များ)

တိရစ္ဆာန်စာသုံးနိုင်သောအပင်များ (Fodder crops) ဆိုတာ တိရစ္ဆာန်အစာအဖြစ် ဖြတ်ယူပြီး စားခိုင်းဖို့အတွက် စိုက်ပျိုးတဲ့ အပင်များ ဖြစ်ပါတယ်။ များအားဖြင့် အသီး၊ အဖူးများကို စားခြင်း မဟုတ်ဘဲ ဖြတ်ယူပြီး စားခိုင်းကြတတ်ပါသည်။

အသုံးပြုပုံ - သက်တောင့်သက်သာဖြစ်အောင် အပင်စိမ်း (Green fodder) ဖြတ်ယူပြီး စားခိုင်းခြင်း၊ အခြောက်သို (Hay) သို့မဟုတ် အစိုသို့ (Silage) ပုံစံဖြင့် အသုံးပြုခြင်း

ဥပမာများ - ပြောင်းဖူး (Maize)၊ နှံစားပြောင်း (Sorghum)၊ ပဲလွန်း (Cowpea)၊ အုတ် (Oat)၊ ဆူဒန်မြက် (Sudan grass)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.

Singh, A.K.; Khan, M.A.; Subash, N. and Singh, K. M. (2011) Forages and Fodder: Indian Perspective. Daya Publishing House, Delhi, India 472p.

Singh, J.V.; Chhillar, B.S.; Yadav, B.D. and Joshi, U.N. (2010) Forage Legumes. Scientific publishers, India. 391p.

Skerman, P.J. and Riveros, F. (1990) Tropical Grasses. FAO. 832p.

ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (၂၀၁၁) တိရိစ္ဆာန်စားကျက်ပင်များနှင့် ဖြည့်စွက်စာများ၊ NAG-Network Activity Group/Dan Church Aid -DCA ၁၀၈-မျက်နှာ

ဒေါက်တာလှလှသိန်း (၂၀၀၈) ကျေးလက်အဆင့်တိရိစ္ဆာန်မွေးမြူရေး မွေးမြူရေးအစာကြမ်း (Forage) FSWG – Food Security Working Group၊ ၄၅-မျက်နှာ

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော  တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်