တိရစ္ဆာန်စာ မြက်မျိုးရင်ဝင်ပင်များ (၃)

11/11/2025 18:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅) နှင့်တိရစ္ဆာန်စာပဲမျိုးရင်းဝင်အပင်ကြီးများ (Tree Legumes) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင် ရေးသားဆွေး နွေးခဲ့ပြီး ဖြစ်ပါသည်။ ဤစားကျက်သီးနှံများ စိုက်ပျိုးပြုစုခြင်းအကြောင်းကို ဆက်လက်ဆွေးနွေးပါမည်။

စကားချပ် - တိရစ္ဆာန်စာ စားကျက်သီးနှံများ (မြက်/ပဲ) စသည်တို့ကို အိမ်းနီးနားချင်း အရှေ့တောင်အာရှနိုင်ငံများတွင် အောင်မြင်တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိပါသည်။ နို့စား၊ အသားစား ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် နိုင်ငံသူ၊ နိုင်ငံသားများ အာဟာရဓာတ် ဖွံ့ဖြိုးရေး လိုအပ်သော အသားဓာတ် (Protein) ကို ပိုမိုဖြည့်စည်းပေးနေသော နို့၊ အသားများအတွက် စားကျက်သီးနှံစိုက်ပျိုးရေးသည် ပုံမှန်အခြားသီးနှံ (Other Cultivated Crops) များစိုက်ပျိုးပြုစုပုံနှင့် မတူညီ ကွဲပြားပါသည်။ အများစုမှာ နှစ်ရှည် ပဲ/မြက်များဖြစ်ပြီး ကျွဲ နွား၊ စားမြုံပြန်သတ္တဝါများနှင့် သဟဇာတဖြစ်စေသော စိုက်ပျိုးမည့် ဒေသ၊ ရေ၊ မြေ၊ ရာသီ ဥတုနှင့်အညီ လွတ်ကျောင်းဒဏ်ခံနိုင်ရည်ရှိမှု (Grazing Tolerance)၊ တောမီးလောင်မှုဒဏ်ခံနိုင်ရည်ရှိမှု (Fire Tolerance)၊ သစ်ပင်ကြီးများ၏အရိပ်ကျဒဏ်ခံနိုင်ရည်ရှိမှု (Shade Tolerance)၊ မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိမှု (Drought Tolerance)၊ မျိုးစေ့ငုတ်ချိန် ပယ်ဖျက်ပေးမှု (Breaking Dormancy)၊ စားကျက် မြက်/ပဲများမှာ မျိုးစေ့အလွန်သေး ငယ်သဖြင့် ဤမျိုးများ၏ မျိုးစေ့သိပ္ပံနှင့်နည်းပညာ (Pasture Seed Science and Technology) စသည့်  နည်းပညာများစွာ သုတေသနပြုလုပ်ရန် ကျန်ရှိနေပါသည်။ စိုက်ပျိုးရေးကိုဆောင်ရွက်နေသည့် အစိုးရဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူကုသရေး သုတေသန ဦးစီးဌာနနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများသည် နိုင်ငံတော် အတွက်အရေးကြီးသီးနှံ တစ်ခုဖြစ်လာနိုင်သော စားကျက်မြက်/ပဲ သုတေသနများကို စတင်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါသည်။

စားကျက်မြက်များ (Pasture/Forage Grasses)

မြန်မာနိုင်ငံဒေသအများစုသည် အပူပိုင်းဒေသများ (Tropical Regions) တွင် တည်ရှိနေသဖြင့် အပူပိုင်းဒေသစားကျက်မြက်များ (Tropical Pasture Grasses) အကြောင်း စတင်ဆွေးနွေးပါမည်။

ပင်နီကမ်မြက်အုပ်စုများ (Panicum Grasses) - ဤမြက်များသည် အပူပိုင်းဒေသအတွက် သင့်တော်သော မြက်မျိုးများဖြစ်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein) လည်းများပြားစွာ ပါဝင်ပါသည်။ နှစ်ရှည် (perennials) သို့မဟုတ် တနှစ်ခံ (Annuals) အပင်များဖြစ်ကြပါသည်။ မြက်မျိုးရင်းဝင် စပါးနှံပုံ (Panicles) အနားကြယ်ကိုင်းဖြာသော (Loose or contracted, branched) ပန်းခိုင်ရှိသည်။ ထိတ်ဖျားအချွန်မရှိပါ (Awnless) ဤမျိုးစု (Large Genus) တွင် မျိုးစိတ်ပေါင်း (Species) ၅၀၀ ကျော်အထိပါဝင်ပြီး များသော အားဖြင့် အပူပိုင်းဒေသတွင် ပေါက်ရောက် တွေ့ရှိရပါသည်။

(၁-၁) ဂီနီမြက် (Guinea Grass - Panicum maximum (or) Megathyrsus maximus)

မူရင်းဒေသ: အာဖရိကတိုက်ဖြစ်ပါသည်၊ ဝိသေသလက္ခဏာများ: ပင်စည်ထောင်ပြီး ချုံဖုတ်သဖွယ် ပေါက်ရောက်တတ်သည်။ ၀.၅ မီတာ မှ ၄.၅ မီတာ (တစ်ပေခွဲမှ ၁၅-ပေခန့်) အထိအပင်မြင့်နိုင်သည်။ အရွက်ကြီးများထွက်ပြီး သန်မာသည်။

ကြီးထွားမှုပုံစံ: လျှင်မြန်သည်။ အခုတ်ခံ/လွတ်ကျောင်းဒါဏ်ခံရသော်လည်း  ပြန်လည် ရှင်သန်အားကောင်းနိုင်စွမ်း မြင့်မားသည်။ များသောအားဖြင့် ပင်စည် ထောင်မတ်သည်။

အာဟာရဓာတ်: ပရိုတင်းဓာတ်ပါဝင်မှုနှုန်း ကောင်းမွန်ပြီး (၁၀-၁၄%)၊ တိရစ္ဆာန်များက နှစ်သက်စွာ စားသုံးကြသည်။

စိုက်ပျိုးခြင်း: အပင်ကိုင်းဖြတ်မှတစ်ဆင့် စိုက်ပျိုးနိုင်သလို၊ မျိုးစေ့မှလည်း စိုက်ပျိုးနိုင်သည်။ မြက်အခြောက်အထွက်က အမြင့်ဆုံး တဟက်တာ ၄၀-၅၀ တန် (40-50 DM t ha-1) အထိထွက်နိုင်ပါသည်၊သင့်တော်သော တိရစ္ဆာန်များ: နွားများ၊ ကျွဲများ၊ ဆိတ်များ၊ သိုးများ။ 

ပုံ - ၁ ဂီနီမြက်

(၁-၂) အစိမ်းရောင်ပင်းနစ်မြက် (Green Panic Grass - Panicum maximum var. trichoglume)

အာဖရိကတိုက် ကမူရင်းဒေသဖြစ်သော်လည်း ၁၉၃၂-ခုနှစ် မတိုင်မှီ ဩစတေလျနိုင်ငံသို့ တင်သွင်းသောမျိုးများမှ အပင်ရွေးချယ်ခြင်း (Plant Selection) စနစ်ဖြင့် ပက်ထရီ (Petrie) ဆိုသောမျိုးဖြား (Variety) ရကာ အောင်မြင်စွာစိုက်ပျိုးနေသော အပူပိုင်းဒေသ မြက်မျိုး တစ်မျိုးဖြစ်ပါသည်၊

သစ်တောများအောက်ခြေတွင်အောင်မြင်စွာ ပေါက်ရောက်ပါသည်။ မာကြောပြီး အပင်မြင့်ကာ နွေရာသီတွင်ပေါက်သော နှစ်ရှည်မြက်မျိုး (A tufted, tall, summer growing perennials) ဖြစ်ပါသည်၊ များသောအားဖြင့် ၃၀ ဒီဂရီ တောင်၊ မြောက်လတ္တီတွတ် (30* S and N Latitude) အကြား ပင်လယ်ရေပြင်အမြင့် ပေ ၆၀၀၀-အထိ စိုက်ပျိုးတွေ့ရှိနိုင် ပါသည်။ တစ်နှစ်မိုးရေချိန် ၁၂၀-လက်မ အောက်ရွာသွန်းသော အပူပိုင်းဒေသများ အတွက် အသင့်တော်ဆုံး စားကျက် မြက်ပင်ဖြစ်ပါသည်၊ မိုးခေါင်ဒဏ် အသင့်အတင့်ခံနိုင်ပါသည် (ရုတ်မြက် (Rhodes Grass) ထက် မိုးခေါင်ဒဏ်ပို ခံနိုင်ပြီး ဘတ်ဖယ်မြက် (Buffel Grass) လောက်တော့ မိုးခေါင်မှု မခံနိုင်ပါ။ ဂီနီမြက်ထက် အရွက်များက ပိုစိမ်းပြီး အရည်ရွမ်း၍ ကျွဲနွားများ ပိုကြိုက်နှစ်သက်ပါသည်၊ နိုက်တြိုဂျင်များများကျွေးနိုင်ပါက မြက်အခြောက်အထွက်က တဟက်တာ ၁၁-၂၀ တန် (11-20 DM t ha-1) အထိထွက် နိုင်ပါသည်၊ ပရိုတိန်းကြမ်း (CP – Crude Protein 20%) ၂၀ ရာခိုင်နှုန်း အထိရရှိသော မြက်ဖြစ်ပါသည်။ 

ပုံ - ၂ အစိမ်းရောင်ပင်းနစ်မြက်

(၁-၃) မာကာရီကာရီမြက် (Makarikari Grass - Panicum coloratum L.)

နှစ်ရှည်မြက်ဖြစ်ပြီး အလယ်ပင်စည်ထောင်မတ်ကာ ကျန်သားတက်ပင်စည်များက မြေကြီးပေါ်တွားသွားနေသည့် (Long Creeping Stems) မြက်ပင်မျိုးဖြစ်ပါသည်။ ဤမျိုးဖြားက အရွက် အရှည် တစ်ပေကျော် (၅-၄၀ စင်တီမီတာ) အထိနှင့် အရွက် အကျယ် ၄-လက်မ (၄-၁၄ မီလီမီတာ) အထိတွေ့ရှိနိုင်ပါသည်၊ အချို့က ပင်ခြားဝတ် မှုံကူးမှုဖြစ်နိုင် (Cross-pollination) ပါသည်၊ ရေ၊ မြေကိုက်ပါက တနှစ် ၂-လတစ်ခါ ရိတ်လျှင်  မြက်အခြောက်အထွက်က တဟက်တာ ၁၈-၁၉ တန် (18-19 DM t ha-1) အထိထွက်နိုင်ပါသည်။ ပရိုတိန်းကြမ်း (CP – Crude Protein 13.8%) ၁၃.၈ ရာခိုင်နှုန်း အထိရရှိသောမြက်ဖြစ်ပါသည်။ 

ပုံ - ၃ မာကာရီကာရီမြက်

(၂) ဘရာခီရားရားမြက်အုပ်စုများ (Brachiaria Grasses) တနှစ်ခံ (သို့) နှစ်ရှည်ခံမြက် အုပ်စု များပင်ဖြစ်ပါသည်၊ မြက်ဖုတ်/အမွေးစုတ်နှင့်တွားသွားမြက်အုပ်စု (Tufted and Creeping Grasses) လည်းဖြစ်ပြီး မြက်အနှံ (Pamicle) က တစ်ခုမှ အနည်းငယ်သာပါပြီး တစ်ခုနှင့်တစ်ခု ကွာဝေးပါသည်၊ အနှံ၏ အောက်ပိုင်းပန်းပွင့်ငယ် (Floret) က အဖိုပွင့် (Male flower) ဖြစ်ပြီး အပေါ်ပိုင်း ပန်းပွင့်ငယ်များက လိင်စုံပွင့် (သို့မဟုတ်) အမပွင့်များ (Bisexual or female flowers) ဖြစ်ပါသည်။

(၂-၄) ဆစ်ဂနယ်မြက် (Signal or Palisade Grass – Brachiaria brizantha Hochst) 

ခြုံပုတ်သဏ္ဌာန်နှစ်ရှည်ခံမြက်မျိုး (Tufted perennial) ဖြစ်ပြီး ၃-ပေခန့်အထိမြင့်နိုင် ပါသည်၊ မျိုးစေ့မှမျိုးပွား (Propagated by seeds) လေ့ရှိပါသည်။ ဤမြက်သည် ရေဝတ် မှုဒဏ်မခံနိုင် (Not tolerate flooding) ဘဲ မိုးခေါင်ဒဏ်အတော်အသင့် ခံနိုင် (Fairly drought tolerant) ပါသည်၊

မြက်အခြောက်အထွက်က တဟက်တာ ၂၀-၃၀ တန် (20-30 DM t ha-1) အထိထွက် နိုင်ပါသည်၊ ပရိုတိန်းကြမ်း (CP – Crude Protein 15-20 %) ၁၅-၂၀ ရာခိုင်နှုန်း အထိရရှိသောမြက်ဖြစ်ပါသည်။ 

ပုံ - ၄ ဆစ်ဂနယ်မြက်

စာရေးသူ၏ ဆောင်းပါးလေးများ ရေးသားဖြန့်ဝေရခြင်း၊ အပတ်စဉ် စနေနေ့ညတိုင်း ဗဟုသုတမျှဝေခြင်း ဟောပြောပွဲများ (Online Webinar) ပြုလုပ်နေခြင်း ရည်ရွယ်ချက်များမှာ အကြောင်းအမျိုးမျိုးကြောင့် စိုက်သိပ္ပံ၊ စိုက်တက္ကသိုလ် သို့ မတက်ရောက်နိုင်ကြသော လက်တွေ့စိုက်ပျိုး၊ မွေးမြူနေကြသော တောင်သူဦးကြီး၊ တောင်သူဒေါ်ကြီး၊ ကျေးလက်နေ လူငယ်အားလုံးအတွက် သိပ္ပံနည်းကြ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဖတ်ရှု၊ နားထောင်၊ ဆွေးနွေးရင်း၊ ဗဟုသုတ ရစေလိုသော စိတ်စေတနာဖြင့်ရေးသား ဆောင်ရွက်နေခြင်း ဖြစ်ပါ သည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bogdan, A.V. (1977) Tropical Pasture and Fodder Plants.

Bor, N.L. (1960) The Grasses of Burma, Ceylon, India and Pakistan. Pergamon Press. 767p.

Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.

Skerman, P.J. and Riveros, F. (1990) Tropical Grasses. FAO. 832p.

Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်