တိရစ္ဆာန်စာအပင်များ စိုက်ပျိုးပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉၊ ၂၀၀) နှင့်တိရစ္ဆာန်စာပဲမျိုးရင်းဝင် အပင်ကြီး များ (Tree Legumes) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ယခုအပိုင်းတွင် စားကျက်ပဲသီးနှံများ၊ ပဲနွယ်ပင်များစိုက်ပျိုး ပြုစုခြင်းအကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။
စားကျက်ပဲမျိုးများကို ရုက္ခဗေဒအမည် အက္ခရာစဉ်အလိုက် ရေးသားတင်ပြပါမည်။
(ဋ) ဗစ်ကနာအုပ်စု (Vigna Savi) မြန်မာနိုင်ငံရှိ ပဲတီစိမ်း (Vigna radiata)၊ မတ်ပဲ (Vigna mungo) တို့ပါဝင်နေသော အုပ်စုဖြစ်ပါသည်။ တနှစ်ခံ (သို့) နှစ်ရှည်ခံပဲမျိုးများဖြစ်ပြီး ရွက်ပြားကြီး ၃ ရွက်မွှာရွက်ပေါင်း များဖြစ်ပါသည်။ မျိုးစိတ်ပေါင်း ၁၅၀ ခန့် (150 species) ရှိ ပြီး တကမ္ဘာလုံး အပူပိုင်း၊ အပူသမပိုင်း နိုင်ငံအားလုံးနီးပါး ပြန့်နှံ့ပေါက်ရောက်နေသော ပဲပင်မျိုးဖြစ်ပါသည်။ ပဲအရိုင်းမျိုးများစွာပေါက်ရောက်နေပြီး ကျွဲနွားစာ (Forage) အနေနှင့် များစွာအသုံးဝင်ပါသည်။ ဥပမာ - မြန်မာနိုင်ငံရှိ ပဲလွမ်း (Cowpea – Vigna unguiculata) သည် အစားအစာပဲ (Food Legume)၊ နွားစာပဲ (Pasture Legume) နှင့် သစ်စိမ်းမြေဩဇာ (Green Manure) အဖြစ်အလွန်အသုံးဝင်သော အပင်ဖြစ်ပါသည်၊
(၁၆) မော့ပဲ (Moth Bean – Vigna aconitifolia Jacq.) ထောင်မတ်သောပင်စည် နှင့်ရှည်ပြန့်သောကိုင်းဖြာသည့် တစ်နှစ်ခံပဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အများဆုံး စိုက်ပျိုးသည်ကို တွေ့ရှိရသည်။ (ပဲယဉ်း - Vigna umbellata နှင့်အနည်းငယ်တူ)

ပုံ - ၁ မော့်ပဲ အပင်၊ အရွက်၊ ပန်းပွင့်၊ အတောင့်၊ အစေ့
(၁၇) အက်ဇူကီပဲ/ဂျပန်ပဲနီလေး (Adzuki Bean – Vigna angularis Wild.) ပင်စည် ၂.၅ ပေ ခန့်မြင့် ထောင်မတ်သော တနှစ်ခံပဲပင်ဖြစ်သည်၊ တဟက်တာ ၁၀-၁၂ တန် ပဲအစိမ်း (Green Fodder) ထွက်နိုင်ပါသည်၊
ပုံ - ၂ ဂျပန်ပဲနီလေး အပင်၊ အရွက်၊ ပန်းပွင့်၊ အတောင့်၊ အစေ့
(၁၈) ဖရူတီဆင်းပဲ (Vigna frutescens A.Rich.) သစ်နွယ်ပင်စည် နှစ်ရှည်ခံ ပဲပင် ဖြစ်သည်။ ရေဝပ်ခံနိုင်ပြီး တဟက်တာ ၁၀-၁၂ တန် ပဲအစိမ်း (Green Fodder) ထွက်နိုင်ပါသည်။
(၁၉) ကွန်ဇီပဲ (Kuntze – Vigna luteola Jacq.) နှစ်ရှည်ခြုံပုတ်ပင်မျိုးဖြစ်ပြီး ပင်စည်က ၉-၁၀ ပေခန့်အထိ ရှည်နိုင် ပါသည်။ အာဖရိကစိမ့်ညွန် မြက်ခင်းများ (Swampy or Wet Grasslands) တွင်အောင်မြင်ဖြစ်ထွန်းနေသော စားကျက်ပဲ များဖြစ်ပါသည်။ ရေဝတ်ရာ နေရာများတွင်အောင်မြင်ဖြစ်ထွန်းသော ဒေရမ်ပယ် (Cultivar - Dalryymple) မျိုးသည် ဩစတေလျှနိုင်ငံ တွင် နာမည်ကြီးပါသည်။
(၂၀) မာရီနာပဲ (Vigna marina Burm.) နှစ်ရှည်ခံနွယ်တက်ပင်မျိုးဖြစ်ပြီး အတောင့် အရွယ် ၈-၉ မီလီမီတာ အထိ ကြယ်ပြန့်သော အတောင့်ကြီးဖြစ်ပါသည်၊ ပဲအစိုထွက် တဟက်တာ ၆၅-၈၈ တန် (65-88 t fresh fodder/ha) အထိအထွက်ကြမ်း သော မျိုးလည်းဖြစ်ပါသည်။
ခြုံပုတ်သဏ္ဌာန်စားကျက်ပဲမျိုးများ (Shrub Legumes)
(ဌ) ဒက်မင်သတ်စ်အုပ်စု (Desmanthus Willd. Subfamily Mimosoidae) သစ်ပင် (Trees)၊ ခြုံပုတ် (Shrubs)၊ နှစ်ရှည်ပင်အုပ်စု (Perennial herbs) ဖြစ်ပြီး အရွက် ၂ ရွက်မွှာ ရွက်ပေါင်းပုံစံ (Bipinnate leaves) ဖြစ်သည်၊ အရွက်မွှာကလေး (Leaflets) ၄၀-ခန့်ရှိ သောအပင်များဖြစ်သည်။
ပုံ - ၃ ၂ ရွက်မွှာရွက်ပေါင်းပုံသဏ္ဌာန်
(၂၁) ဒက်မင်သတ်စ်/ကိုအာအပင်ပု (Desmanthus/Dwarf Koa – Desmanthus virgatus L.) အပင်အမြင့် ၆-ပေခန့်အထိရှိသော ခြုံပုတ်အပင်မျိုး (Shrubby or Herbaceous Plant) ဖြစ်သည်။ ၂ ရွက်မွှာရွက်ပေါင်း ၄-၈ စင်တိမီတာ လောက်အရှည် ရှိသည်။ ပန်းပွင့်အရောင်အဖြူ၊ အကိုင်းထိပ်တွင် အတောင့် (Pod) ၃-၅ ခုလောက်တွေ့ နိုင်သည်၊ အပူပိုင်းဒေသနိုင်ငံများတွင် အောင်မြင်စွာပေါက်ရောက်နိုင်ပြီး ကျွဲနွားများ စားသောက်နိုင် (Palatable to cattle) ပြီး လွတ်ကျောင်းမှုဒါဏ်ကောင်းစွာခံနိုင် (Tolerates Grazing) ပါသည်။ ရိတ်သိမ်း ကျွေးမွေးမည်ဆိုပါက ၃-ပေ အရှည်ရှိအပင် များမှ တခါရိတ်လျှင် အစို ၃၀-ကီလိုဂရမ်ခန့် ထွက်နိုင်ပါသည်။
နှစ်ရှည်ပင်ဖြစ်၍ တနှစ်တွင် တစ်ဟက်တာကို ၇-၈ တန် အထိထွက်နိုင်ပါသည်။ ပရိုတိန်းကြမ်း အပင် ၁၀-၁၂ ရာခိုင်နှုန်း၊ အရွက် ၂၂-၂၄ ရာခိုင်နှုန်းအထိ ရရှိနိုင်ပါသည်။
ပုံ - ၄ ဒက်စ်မင်းသတ် အပင်၊ အပွင့်၊ အသီး
(ဍ) ဒက်စမိုဒီယမ်ပဲမျိုးအုပ်စု (Desmodium Desv. Group) နှစ်ရှည်ခြုံပုတ်ပင် ဖြစ်ပါ သည်၊ တစ်ရွက် (သို့) သုံးရွက်မွှာရွက်ပေါင်းဖြစ်ပါသည်၊ ဤမျိုးစုက ကြီးမားပြီး (Large Genus) မျိုးစိတ်ပေါင်း ၃၀၀-ခန့် အထိ တွေ့နိုင်ပါသည်၊
(၂၂) အစိမ်းရောင်ဒက်စမိုဒီယမ် (Greenleaf Desmodium – Desmodium intortum Mill.) နှစ်ရှည်ခံအပင်ကြီးမျိုးဖြစ်ပြီး ကိုင်းဖြာမှုများ ပါသည်။ ဤပဲမျိုးက ပင်လယ်ရေပြင်အမြင့် ၂၅၀၀-မီတာ (ပေ ၇၀၀၀လောက်) အထိ စိုက်ပျိုးနိုင်သော အပူပိုင်း၊ သမပိုင်းပါ စိုက်ပျိုးနိုင်သော စားကျက်ပဲမျိုးဖြစ်ပါသည်။ မိုးရေချိန်ကတော့ ၁၀၀၀-မီလီမီတာ (၄၀-လက်မ) ခန့်အထက်ရွာသွန်းမှသာ အောင်မြင် ဖြစ်ထွန်းနိုင်ပါသည်၊
ပုံ - ၅ အစိမ်းရောင်အရွက်ဒ က်စမိုဒီယမ် အရွက်၊ အပွင့်၊ အသီး
ဤစားကျက်ပဲ အခြောက်အလေးချိန်က တဟက်တာ ၃-၂၀ တန် အထိထွက်ရှိနိုင်ပြီး ပရိုတိန်းကြမ်း ၁၀-၂၄ ရာခိုင်နှုန်းအထိရရှိနိုင်ပါသည်၊ အခြားဒက်စမိုဒီယမ်မျိုးများ
(ဍ-၂) Desmodium adscendens (Sw.)
(ဍ-၃) Desmodium barbadum (L.)
(ဍ-၄) Desmodium canum (J.F.Gmel.)
(ဍ-၅) Desmodium discolor (Vog.)
(ဍ-၆) Desmodium heterocarpon (L.)
(ဍ-၇) Desmodium heterophyllum (DC.)
(ဍ-၈) Desmodium leiocarpum (Spreng.)
(ဍ-၉) Desmodium pabulare (Hoehne.)
(ဍ-၁၀) Desmodium sandwicense (E.Mey.)
(ဍ-၁၁) Desmodium tortuosum (DC.)
(ဍ-၁၂) Desmodium triflorum (L.)
(ဍ-၁၃) ငွေရောင်ဒက်စမိုဒီယမ် (Silver Leaf Desmodium Desmodium uncinatum (L.) အရွက်ကြီးနှစ်ရှည်ပဲပင်မျိုးဖြစ်ပြီး ၁၅-ပေခန့်အထိ ရှည်နိုင်ပါသည်၊ အရွက်အရောင် ငွေရောင်အကြား အမွေးရှိပါသည်၊ မျိုးစေ့အရောင် အညိုနုရောင် (Light brown)၊ သံလွင် ရွက်အစိမ်းရောင် (Olive green) ပုံစံရှိပါသည်၊ ၁၉၅၀-ခုနှစ် ခန့်ကတဲက ဩစတေလျှ တိုက်သို့ ဘရာဇီးနိုင်ငံမှ တင်သွင်းစိုက်ပျိုးသည်၊
ပဲအခြောက်ထွက် ၈-၂၁ တန်ခန့် အထိထွက်သည်။ ပရိုတိန်းကြမ်း ၁၂-၂၄ ရာခိုင်နှုန်း ရှိပါသည်။
ပုံ - ၆ ငွေရောင်အရွက်ဒက်စမိုဒီယမ် အရွက်၊ အပွင့်၊ အသီး
(ဎ) အင်ဒီကိုအုပ်စု (Indigo - Indegofera L.) တနှစ်ခံ (သို့) နှစ်ရှည်ခံခြုံပုတ်ပင် ဖြစ် သည်၊ အရွက်က အများအားဖြင့် ရွက်မွှာစုံရွက်ပေါင်း (Imparipinnate) မှနေ တစ်ချို့ မျိုးတွေ ၃-ရွက်မွှာ ရွက်ပေါင်း (Tri-foliate) အထိတွေ့နိုင်ပါသည်၊ ဤမျိုးစုက မျိုးစိတ် ပေါင်း ၇၀၀-ခန့် (700 species) အထိတွေ့နိုင်ပါသည်၊ အချို့နွားစာအဖြစ်သုံးနိုင်သော် လည်း အချို့မျိုးစိတ်တွေက အထူးသဖြင့် မြင်းများကို အဆိပ်ဖြစ်စေ (Suspected to be Toxic) နိုင်ပါသည်။
(၂၃) တွားသွားအင်ဒီကို (Trailing Indigo – Indigofera spicata Forsk.) တွားသွားတတ်သော နှစ်ရှည်စားကျက်ပဲပင် ဖြစ်ပြီး ရွက်မွှာစုံ ရွက်ပေါင်း ၅-၁၁ ရွက် (5-11 Leaflets) အရွက်အရှည် ၅ စင်တိမီတာ (၂-လက်မခန့်) အထိရှည်နိုင်ပါသည်။
ဤပဲသည့်ကောင်းသည့် အချက်က မိုးခေါင်ဒဏ်ခံနိုင်ခြင်း (Drought resistant) ဖြစ်၍ ခြောက်သွေ့အပူပိုင်းဒေသ မွေးမြူရေးတိရိစ္ဆာန်များ အတွက်သင့်တော်ပါသည်၊ ပဲလွန်း အုပ်စုရိုက်ဇိုဘီယမ် (Cowpea-type Rhizobium) ကိုလူးနယ်စိုက်ပျိုးပါက ပဲထွက်ပို ကောင်းပါသည်၊ ပန်းပွင့်မှုက မနက်စောတွင် ဖြစ်ပြီး မနက် ၁၁-နာရီ မတိုင်မှီ ပန်းပွင့် မှုပြီးဆုံး သန္နေအောင်သွားပါသည်၊ တစ်ချို့ပန်းပွင့်တွေက အင်းဆက် (Insect) အကူ အညီဖြင့် အောင်မြင် (Fertilization) သွားပါသည်၊ ဤပဲမျိုးစေ့က တစ်ကီလို ၄၅၀,၀၀၀ မျိုးစေ့ခန့်ရှိပါသည်။
ပုံ - ၇ တွားသွားအင်ဒီဂို အရွက်၊ အပွင့်၊ အသီး
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Longman, London. 475p.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.
Skerman, P.J.; Cameron, D.G. and Riveros (1988) Tropical Forage Legumes.
FAO. 692p.
(ရုက္ခဗေဒဆိုင်ရာ ဝေါဟာရများကို ဖြေကြားပေးသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အပင်မျိုးမွေးမြူရေးဌာနမှ ကထိကဒေါ်တင်လဲ့လဲ့ထွေးအား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်