ဩစတေးလျနိုင်ငံ၏ စိုက်ပျိုး၊ မွေးမြူရေး (အပိုင်း - ၂)

20/01/2026 12:21 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

(က) ဩစတေးလျသစ်သီးဝလံ စိုက်ပျိုးရေးလုပ်ငန်း (Australian Fruits Industry) 

ဩစတေးလျနိုင်ငံတွင် သစ်သီးဝလံများသည် စပါး၊ ဂျုံ၊ အသားထုတ်လုပ်မွေးမြူရေးထက် တန်ဖိုးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ (High-Value Crops) ဖြစ်သည်။ ဩစတေးလျ သစ်သီးလုပ်ငန်းသည် နှစ်စဉ် ဘီလျံပေါင်းများစွာသော ဒေါ်လာဝင်ငွေ ရရှိစေပါသည်။ ဩစတေးလျ နိုင်ငံတွင်းရှိ အလုပ်အကိုင်အများအပြားကို ထောက်ပံ့ပေးပါသည်။ ၎င်းတို့မှာ သစ်သီးဝလံစိုက်ပျိုးရေး (Fruit Growing)၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း (Packaging and Processing)၊ အအေးခန်းသိုလှောင်ရေး (Cold Storage)၊ သယ်ယူပို့ဆောင်ရေး (Transport) နှင့် ပို့ကုန်လုပ်ငန်းများ (Exports) ဖြစ်ပါသည်၊ 

ပုံ - ၁ ဩစတေလျသစ်သီးဝလံများ

လတ်ဆတ်သောသစ်သီးဝလံအသစ် (Fresh Fruits) နှင့် ပြုပြင်ထုတ်လုပ်ထားသော သစ် သီးထုတ်ကုန်များ (Processed Fruits) သည် အရေးပါသော စိုက်ပျိုးရေးပို့ကုန်များ (Agricultural Export Earners) ဖြစ်ပါသည်။ ဩစတေးလျနိုင်ငံသည် အစားအသောက် လုံခြုံရေးစံနှုန်းမြင့်မားမှု (High Food Safety Standards)၊ သန့်ရှင်းသပ်ရပ်သော စိုက်ပျိုး ထုတ်လုပ်မှု (Clean and Green Production)၊ အရည်အသွေးမြင့် သစ်သီးဝလံများ (Premium Quality Fruits) အတွက် နိုင်ငံတကာတွင် ယုံကြည်မှုမြင့်မားပါသည်။

ဩစတေးလျနိုင်ငံ၏သစ်သီးဝလံစိုက်ပျိုးရေးသည် တိကျသော ရေသွင်းစနစ် (Precision irrigation)၊ ရာသီဥတုလိုက်လျောညီထွေ စိုက်ပျိုးနည်းများ (CSA-Climate Smart Agriculture)၊ အကာအကွယ်စိုက်ပျိုးရေးနည်းစနစ် (Netting, Greenhouse Technology) စသည့် နည်းပညာအသစ်များဖြင့် ဆောင်ရွက်နေပါသည်။ ခေတ်မီမြေဆီလွှာထိန်းသိမ်းရေး (ဆစ်ဒနီတက္ကသိုလ်က တည်ထွင်ထားသော မြေဆီလွှာ အဟာရဓာတ် ရှာဖွေရေးကိရိယာက ချက်ခြင်းအဖြေထွက်ပါသည်။) နှင့် ပိုးမွှားစီမံခန့်ခွဲမှု (IPM) ကို ထည့်သွင်းအသုံးပြုနေခြင်းက ဩစတေလျ စိုက်ပျိုးရေးကို ရှေ့တန်းသို့ တွန်းပို့နေခြင်းတစ်ခု ဖြစ်ပါသည်။

(ခ) ဩစတေလျဟင်းသီးဟင်းရွက်စိုက်ပျိုးရေးစနစ်များ (Vegetables Growing) 

ဟင်းသီးဟင်းရွက်များသည်  ကမ္ဘာ့လူဦးရေအားလုံး/လူတိုင်း နေ့စဉ်စားသုံးမှု (Daily Consumption for Every one) အတွက် အရေးပါဆုံး စိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်ပါ သည်။ ဩစတေးလျတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးသည် တန်ဖိုးမြင့် စိုက်ပျိုးရေးကဏ္ဍ (High-Value Agriculture Sector) တစ်ခုဖြစ်ပြီး လယ်ယာလုပ်ငန်းဝင်ငွေ အများ အပြား ရရှိစေပါသည်။

ဤစနစ်က စိုက်ပျိုး၊ ရိတ်သိမ်း၊ ထုပ်ပိုး၊ သယ်ယူပို့ဆောင်ရေး၊ အအေးခန်းသိုလှောင်ရေးစသည့် လုပ်ငန်းများတွင် အလုပ်အကိုင်များစွာ ဖန်တီးပေးပါသည်။ ဩစတေးလျနိုင်ငံတွင် ရာသီဥတုမျိုးစုံရှိသောကြောင့် တနှစ်ပတ်လုံး ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ပါသည် (Year-round vegetable growing systems)။ ခေတ်မှီရေသွင်း (New Irrigation Techniques) နည်းပညာတိုးတက်မှုကြောင့် ရေရှားပါးဒေသများတွင်ပါ စိုက်ပျိုးနိုင်လာ ပါသည်။ ဟင်းသီးဟင်းရွက်ပို့ကုန် အားသာချက်များ မှာ ဩစတေးလျသည် အစား အ သောက် လုံခြုံရေးစံနှုန်းမြင့်မားမှု (High-Standard in Food Security)၊ ပိုးမွှား ထိန်းချုပ် ရေးစနစ်ကောင်းမွန်မှု (Good Pest Control)၊ အအေးခန်းနည်းပညာ (Cold chain) တိုးတက်မှု ကြောင့် နိုင်ငံတကာဈေးကွက်များတွင် ယုံကြည်မှုရရှိထားပါသည်။

အနာဂတ် ဟင်းသီးဟင်းရွက် ပို့ကုန်အလားအလာများမှာ အာရှနိုင်ငံများတွင် သန့်ရှင်း လုံခြုံသော ဟင်းသီးဟင်းရွက်များအတွက် လိုအပ်ချက် တိုးလာခြင်း၊ ဩဂဲနစ်ဟင်းသီး ဟင်းရွက် (Organic vegetables) နှင့် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက် (Premium vegetables) များအတွက် ဈေးကွက်ဖွင့်လှစ်လာခြင်း၊ လွတ်လပ်စွာ ကုန် သွယ်နိုင်မှု (FTAs-Free Trade Agreements) ကြောင့် ကုန်သွယ်ရေး အခွင့်အလမ်း ပိုမိုရရှိလာခြင်းတို့ကြောင့် လိုအပ်ချက်ပိုမိုလာနိုင်ပါသည်။

ပုံ - ၂ ဩစတေးလျဟင်းသီးဟင်းရွက်နှင့်စိုက်ပျိုးပုံစနစ်များ

(ဂ) ဝိုင်အတွက် စပျစ် (Grapes for Wine) 

စပျစ်စိုက်ပျိုးရေးသည် ဩစတေးလျနိုင်ငံ၏ အရေးပါဆုံး သစ်သီးစိုက်ပျိုးရေး ကဏ္ဍများအနက် တစ်ခု ဖြစ်ပါသည်။ စပျစ်ကို စားသောက်ရာသုံး စပျစ် (Table grapes)၊ ဝိုင်လုပ်ငန်းသုံး စပျစ် (Wine grapes) ဟူ၍ နှစ်မျိုးအဓိက ခွဲခြားစိုက်ပျိုးပါသည်။ ဝိုင်လုပ်ငန်းသည် လယ်ယာမှ စက်မှုလုပ်ငန်းအထိ ဆက်စပ်လုပ်ငန်းများကို ဖန်တီးပေးပြီး ဘီလျံဒေါ်လာအဆင့် ဝင်ငွေ ရရှိစေပါသည်။

ဩစတေးလျစပျစ်လုပ်ငန်းသည် စိုက်ပျိုး၊ ရိတ်သိမ်း၊ ဝိုင်ပြုလုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ ခရီးသွား လုပ်ငန်း (Wine tourism) အထိ အလုပ်အကိုင်အများအပြား ဖန်တီးပေးပါသည်။

ပုံ - ၃ ဩစတေးလျစပျစ်နှင့်ဝိုင်ထုတ်လုပ်ပုံစနစ်များ

ဩစတေးလျသည် ကမ္ဘာ့ဝိုင်ထုတ်လုပ်သော နိုင်ငံကြီးများထဲတွင် ပါဝင်ပါသည်။ နိုင်ငံတကာတွင် အရည်အသွေးကောင်းမွန်မှု၊ အရသာထူးခြားမှု၊ စံနှုန်းမြင့်ထုတ်လုပ်မှုကြောင့် လူ သိများပါသည်။ အရေးပါသော ဝိုင်စပျစ်အမျိုးအစားများမှာ ရှီရမျိုး (Shiraz ဩစတေးလျ ၏ အထင်ကရမျိုး)၊ ကာဘာရက်ဆိုဗစ်နွန် (Cabernet Sauvignon)၊ ချာဒိုနေး (Chardonnay)၊ မာလော့ (Merlot)၊ ဆိုဗစ်နန်ဘလန့် (Sauvignon Blanc)၊ ရိုက်စလင်း (Riesling) တို့ဖြစ်ပါသည်၊

(င) အသားစား နှင့်နို့စားနွားမွေးမြူရေး (Beef and Dairy Cattle Industry)

အသားစားနွားလုပ်ငန်းသည် ဩစတေးလျနိုင်ငံ၏ အကြီးကျယ်ဆုံး မွေးမြူရေး လုပ်ငန်း (Biggest Animal Industry) ကဏ္ဍ ဖြစ်ပါသည်။ နိုင်ငံအနောက်မြောက်ဒေသနှင့် မြောက် ပိုင်းဒေသများတွင် မြေဧကကြယ်ပြန့်၊ ကြီးမားသော လယ်ယာကွက်များဖြင့် စိုက်ပျိုးမွေး မြူနေပါသည်။ ဤကဏ္ဍမှ ပြည်တွင်းစားသုံးမှုအပြင် နိုင်ငံခြားပို့ကုန်အတွက် အဓိက အခန်းကဏ္ဍ (Main Export Sector) ကနေ ထမ်းဆောင်ပါသည်။

ရှေ့အလားအလာများ (Future Prospects) မှာ အာရှနိုင်ငံများတွင် အသားစားသုံးမှု တိုးတက်လာခြင်း၊ ကမ္ဘာ့အရည်အသွေး အကောင်းဆုံးအမဲသားများ - လွတ်ကျောင်းနွား၊ နှံ စားသီးနှံကျွေးနွား၊ ဩဂဲနစ်နွားများ (Premium beef - Grass-fed, Grain-fed, Organic beef) အတွက် လိုအပ်ချက်မြင့်မားလာနေခြင်း၊ နေရာအလိုက်လိုအပ်ချက်များကို ရှာဖွေ သည့်နည်းစနစ် (Traceability)၊ တိရစ္ဆာန်များစနစ်တကျပြုစုစောင့်ရှောက်ရေး (Animal welfare) စံနှုန်းများ မြင့်မားလာခြင်း၊ ဂျီနူန်း (Genomics)၊ ခေတ်မှီစနစ်တကျကျွေးမွေး နည်းစနစ် (Smart feeding)၊ ဒီဂျစ်တယ်နည်းဖြင့်နွားများအားစီမံခန့်ခွဲခြင်း (Digital livestock management) စသည့် နည်းပညာအသုံးပြုမှု တိုးတက်လာခြင်း တို့သည် ဩစတေးလျနွားမွေးမြူရေးကဏ္ဍကို ရှေ့တန်းရောက်အောင်ပို့နေဦးမည် ဖြစ်ပါသည်။

အသားစားနွား ပို့ကုန်အလားအလာ (Beef Export Potential) များမှာ အဓိက ပို့ကုန်ဈေးကွက်များဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများတို့ရှိနေဆဲဖြစ်ပြီး ပို့ကုန်အမျိုးအစားများမှာ လတ်ဆတ်နှင့် အအေးခံ အမဲသား (Fresh & chilled beef)၊ အလွန်အေးစနစ်သုံး ကြာရှည်ခံအမဲသား (Frozen beef)၊ နွားကောင်ရေအလိုက် အရှင်ပို့စနစ် (Live Cattle Exports - အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ) တို့ကြောင့် လုပ်ငန်းတိုးချဲ့နေရပါဦးမည်။

ပုံ - ၄ ဩစတေလျအသားစားနွားမွေးမြူရေး

နို့စားနွားလုပ်ငန်း (Dairy Cattle Industry) ၏ အရေးပါမှုမှာ နို့စားနွားလုပ်ငန်းသည် ပြည်တွင်းနို့နှင့်နို့ထွက်ပစ္စည်းဖူလုံမှု၊ လုံခြုံမှုအတွက် အရေးပါသောကဏ္ဍ ဖြစ်နေခြင်း ဖြစ်ပါသည်။ ဤမွေးမြူရေးလုပ်ငန်းများသည် ဝိတိုရိယ (Victoria)၊ တပ်စမေးနီးယား (Tasmania)၊ နယူးဆောက်ဝေးလ် (NSW) နှင့် တောင်ဩစတေးလျ(South Australia) ပြည်နယ်များတို့တွင် အဓိက တည်ရှိပါသည်။ နွားနို့ကို နို့မှုန့် (Milk Powder)၊ ဒိန်ချဉ် (Yoghurt)၊ ထောပတ် (Butter)၊ ဒိန်ခဲ/ချိစ် (Cheese) စသည့် ထုတ်ကုန်များအဖြစ် ပြုပြင် ထုတ်လုပ်နေပါသည်။ ရှေ့အလားအလာများ (Future Prospects) မှာ အာရှနိုင်ငံများတွင် နို့နှင့်နို့ထွက်ပစ္စည်း စားသုံးမှုတိုးလာခြင်း၊ အဆင့်မြင့်နို့ထွက်ပစ္စည်းများ (High-value Dairy Products  e.g. Cheese, Infant formula) အတွက် လိုအပ်ချက်မြင့်မားလာခြင်း၊ တိကျသောနို့စားနွား မွေးမြူရေး (Precision Dairy Farming)၊ စက်ဖြင့်နို့ညှစ်ခြင်း (Robotic Milking) စနစ်များ အသုံးပြုလာခြင်း၊ မီသိန်းထုတ်လုပ်မှုနည်းပါးသော မွေးမြူ ရေးစနစ်များ (Methane Reduction & Low-emission Dairy Systems) ဖွံ့ဖြိုးလာခြင်း စသည်တို့ဖြစ်ပါသည်။

အားသာချက်များနှင့် စိန်ခေါ်မှုများ

အားသာချက်များ - မြေဧကကြီးမားပြီး လွတ်ကျောင်းနွား မွေးမြူရန် သင့်တော်ခြင်း၊ ဇီဝလုံခြုံမှု (Biosecurity) စနစ်ကောင်းမွန်ခြင်း၊ နိုင်ငံတကာ ဈေးကွက်တွင် ယုံကြည် မှုမြင့်မားခြင်း၊ သုတေသနနှင့် နည်းပညာ အထောက်အပံ့ အားကောင်းခြင်း

စိန်ခေါ်မှုများ - ရာသီဥတုပြောင်းလဲမှုနှင့် မိုးခေါင်မှု၊ ကျွေးမွေးစရိတ်ကြီးမားမှု (Feed Cost) နှင့် လုပ်သားရှားပါးလာမှု၊ တိရိစ္ဆာန်များ သက်သာချောင်ချိရေး (Animal Welfare) စံနှုန်းများ တင်းကျပ်လာခြင်းနှင့် နိုင်ငံတကာဈေးနှုန်း မတည်ငြိမ်မှုတို့ဖြစ်ပါသည်။

ပုံ - ၅ ဩစတေးလျနို့စားနွားမွေးမြူရေး

(စ) သိုးမွေးမြူရေး (အသားနှင့် သိုးမွှေး - Lamb and Wool Industry)

ဩစတေးလျသည် ကမ္ဘာပေါ်တွင် သိုးမွေးနှင့် သိုးသား ထုတ်လုပ်ရေးအတွက် အရေးပါ ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ သိုးမွေးမြူရေးသည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး သမိုင်းနှင့် အလွန်နက်ရှိုင်းစွာ ဆက်နွယ်နေပါသည်။ ဤလုပ်ငန်းသည် မြေဧရိယာ ကျယ် ဝန်းပြီး ခြောက်သွေ့ဒေသများတွင်ပါ မွေးမြူနိုင်သောကြောင့် မြေအရင်းအမြစ် (Land Resources) ကို ထိ ရောက်စွာ အသုံးချနိုင်သော လုပ်ငန်း ဖြစ်ပါသည်။

သိုးငယ်သား (Lamb) သည် နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးမြင့်၊ အရသာကောင်းသော အသားအဖြစ် လူသိများပါသည်။ ပြည်တွင်းစားသုံးမှုအပြင် ပို့ကုန်အပေါ် အလွန်မှီခိုနေသော လုပ်ငန်းဖြစ်ပါသည်။ ရှေ့အလားအလာများ (Future Prospects) အနေနှင့် အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် သိုးသားစားသုံးမှု တိုးတက်လာခြင်း၊ အရည်အသွေးကောင်းသိုးသား (Premium lamb, Grass-fed Lamb, Organic Lamb) များအတွက် လိုအပ်ချက်မြင့်တက်လာခြင်း၊ ဟာလာပြုလုပ် ထားသောမှတ်ပုံတင်သိုးသား (Halal-certified Lamb) အတွက် စျေးကွက် တိုးတက် လာခြင်း၊ သိုးမျိုးကောင်းများ (Genetic Improvement)၊ ကျွေးမွေးနိုင်မှုစွမ်းရည် (Feed Efficiency)၊ ဒီဂျစ်တယ် စနစ်သုံးစောင့်ကြည့်မှတ်သားစစ်ဆေးသော (Digital Livestock Monitoring) စနစ်များ တိုးတက်လာခြင်း တို့ကြောင့်အောင်မြင်လျှက် ရှိနေပါသည်။

သိုးမွေးလုပ်ငန်း (Wool Industry) ၏ အရေးပါမှုမှာ ဩစတေးလျသည် ကမ္ဘာ့အကြီးဆုံး မာရီနိုသိုးမွေး (Merino Wool) ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ပါသည်။ ဤသိုးမွေးသည် အနူးညံ့ဆုံး၊ အရည်အသွေးအမြင့်ဆုံး၊ အပြိုင်အဆိုင်မရှိသော သဘာဝ သိုးမွေး/ဖိုင်ဘာ (Natural Fiber) အဖြစ် နိုင်ငံတကာတွင် လူသိများပါသည်။

ပုံ - ၆ ဩစတေလျသိုးနှင့် သိုးမွေးထုတ်လုပ်ရေး

(ဆ) ဩစတေလျကြက်မွေးမြူရေး (Australian Poultry Production Industry) 

ဩစတြေးလျနိုင်ငံရဲ့ ကြက်မွေးမြူရေးလုပ်ငန်းဟာ ခေတ်မီနည်းပညာများ၊ မြင့်မားသော ဇီဝလုံခြုံရေးစံနှုန်းများနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုစနစ်များကြောင့် ကမ္ဘာတစ်ဝှမ်း ထင်ရှားပါသည်။ နည်းပညာတိုးတက်မှုအရ အလိုအလျောက်မွေးမြူရေး စနစ် များ တိုးချဲ့အသုံးပြုခြင်း၊ အင်တာနက်နှင့်ဉာဏ်ရည်တု (IoT & AI Monitoring) အခြေပြု စောင့်ကြည့်ထိန်းချုပ်ရေးစနစ်များ အသုံးပြုချင်း၊ ရာသီဥတုထိန်းသိမ်းသည့် ကြက်မွေးမြူ ရေးခြံများ ကြောင့်အောင်မြင်လျက်ရှိနေပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Henzell, T. (2007) Australian Agriculture: Its History and Challenges. CSIRO Publishing. 321p.

McKerrow, P. (1986) Australian Agriculture: A Broad Introduction. DPI, Western Australia. 39p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်