ဩစတေးလျတက္ကသိုလ်များ၏ အဝေးသင် သင်တန်းများ

10/02/2026 15:45 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Open University Australia (OUA)သည် ဩစတြေးလျတက္ကသိုလ်များနှင့် ပူးပေါင်း၍ အွန်လိုင်းသင်တန်းများကို စုစည်း ပေးသော ပလက်ဖောင်း (Online Platform) ဖြစ်ပါသည်။

OUA မှတဆင့် ရနိုင်သော စိုက်ပျိုးမွေးမြူရေးသင်တန်းများ

ဘွဲ့ကြိုလက်မှတ်ရသင်တန်း (Undergraduate Certificate in Agriculture)၊ စိုက်ပျိုး မွေးမြူရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးဒီပလိုမာ (Diploma of Agribusiness)၊ ဘွဲ့ လွန် သင်တန်းများ (Graduate Certificate in Agribusiness, Graduate Diploma in Agribusiness, Master of Agribusiness)၊ ဤတက္ကသိုလ်များမှ အဝေးသင်စနစ်ဖြင့်  အွန်လိုင်း ၁၀၀% သင်ယူနိုင်ခြင်းသည် အဓိကအားသာချက်ဖြစ်ပါသည်။

(ခ-၃-၁) ကွင်းစလန်တက္ကသိုလ် (University of Queensland_UQ) လယ်ယာထွက်ကုန်များကူးသန်းရောင်းဝယ်ရေးဘွဲ့လွန် လက်မှတ်ရအွန်လိုင်းသင်တန်း Online Program on Graduate Diploma in Agribusiness (OUA) မှာ ၆-လခန့်ကြာ မြင့်နိုင်ပြီး အချိန်ပြည့် (Full-Time) သို့မဟုတ် အလုပ်မအားပါက အချိန်ပိုင်းဖြင့် (Part-Time) လည်း မိမိ နေရပ်မှပင် လေ့လာသင်ယူနိုင်ပါသည်၊ စုစုပေါင်း ဩစတေလျ ဒေါ်လာ ၅၀၀၀-ခန့်ကုန်ကျနိုင်ပြီး ၄-ဘာသာသင်ယူရပါမည်၊ ဩစတေးလျနိုင်ငံသား၊ ကျေးလက်နေ လူငယ်များ အတွက် ပညာသင်ဆုလျှောက်ထားနိုင်၊ ကျောင်းလခကို ဩစတေလျှ အဆင့် မြင့်ပညာချေးငွေအစီအစဉ် (Australian Higher Education Loan Program_HELP) မှလည်း ငွေချေးယူ ပြီးလျှင် အလုပ်လုပ်ငွေပြန်ဆပ်နိုင်ပါသည်။

ဤကူးသန်းရောင်းဝယ်ရေးပညာ ဆိုသည်မှာ စားသုံးသူများ၊ လက်လီရောင်းချသူများ၊ စျေးကွက်ရှာဖွေရေးလုပ်ငန်းရှင်များနှင့် အဓိက စိုက်ပျိုးထုတ်လုပ်သူများကို လေ့လာသင်ကြားပေးခြင်း၊ သင်ယူခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေးထုတ်လုပ်မှုမှ စျေးကွက်သို့ ရောက် ရှိသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးကို အမြတ်ရရှိစေရန် ထိရောက်စွာ လည်ပတ်နိုင်အောင် စီမံခန့်ခွဲလုပ်ဆောင်သည့် စီးပွားရေးပညာရပ်တစ်ခု ဖြစ်ပါသည်။

ဤသင်တန်းအစီအစဉ်သည် အလုပ်အကိုင်အုပ်စု သုံးမျိုး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ၎င်းတို့မှာ

(၁) လက်ရှိ စိုက်ပျိုးစီးပွားရေး လုပ်ငန်းများတွင် လုပ်ကိုင်နေပြီး စီမံခန့်ခွဲမှုအရည်အချင်း များကို တိုးတက်မြှင့်တင်လိုသူများ၊

(၂) မိမိ၏ အလုပ်အကိုင်လမ်းကြောင်းကို စိုက်ပျိုးစီးပွားရေးဘက်သို့ ပြောင်းလဲလိုသူများ၊

(၃) စီးပွားရေးပညာ သို့မဟုတ် စိုက်ပျိုးရေး/ကျေးလက်ဒေသဆိုင်ရာ သိပ္ပံဘွဲ့များကို အသစ်ပြီးမြောက်ထားသော ဘွဲ့ရများဖြစ်ပြီး မိမိတို့၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုတိုးတက်စေလိုသူများ ဖြစ်ပါသည်။ ကျောင်းသားများသည် မိမိတို့၏ အသိပညာ၊ ကျွမ်း ကျင်မှုနှင့် လက်တွေ့အလုပ်လုပ် နိုင်စွမ်းများကို မြှင့်တင်နိုင်သည့် အခွင့်အလမ်းများ ရရှိ နိုင်ပြီး၊ ကိုယ်ပိုင်အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သကဲ့သို့၊ သြစတေလျနိုင်ငံ၏ ကုန်ထုတ် လုပ်ငန်းများအတွက် ပိုမိုကောင်းမွန်ပြီး အမြတ်အစွန်း ရရှိ စေသော ရလဒ်များကို ဖန်တီး ပေးနိုင်ပါသည်။ ထို့အပြင် သင်တန်းသား/သူများသည် အမျိုး မျိုးသော သတင်းအချက် အလက်ရင်းမြစ်များမှ အချက်အလက်များကို ရှာဖွေစု ဆောင်းခြင်း၊ နားလည်ဖော်ထုတ် ခြင်း၊ ပေါင်းစပ်ဆန်းစစ်ခြင်းနှင့် လက်တွေ့အသုံးချခြင်း တို့ကို သင်ယူနိုင်ပါသည်။ ဘွဲ့ရ/ လက်မှတ်ရရှိသူများသည် စိုက်ပျိုးမွေးမြူရေး စီမံခန့်ခွဲမှု ဆိုင်ရာ အထူးပြုအသိပညာ အဆင့်မြင့်မားမှု၊ ရွေးချယ်ထားသော ဘာသာရပ်အပိုင်းများ နှင့် ဆက်စပ်သည့် စီးပွားရေးနှင့် ဆက်သွယ်ရေး ကျွမ်းကျင်မှုများကို ပြသနိုင်ပါသည်။

သင်ယူရမည့် ဘာသာရပ်များမှာ -

(၁) စိုက်ပျိုးမွေးမြူရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးစီမံကိန်းနှင့်စီမံခန့်ခွဲမှုပညာ (Agribusiness Planning & Management)

(၂) ရေရှည်တည်တံ့ခိုင်မြဲသောအစားအစာကွင်းဆက်ပညာ (Sustainable Food Supply Chains) သို့မဟုတ် အသုံးချဈေးကွက်သုတေသနပညာ (Applied market Research) သို့မဟုတ် ကုန်ပစ္စည်းများအနာဂတ်နှင့်ရွေးချယ်စရာများ (Commodities, Futures & Options) 

(၃၊ ၄) အောက်ပါစိတ်ကြိုက်ဘာသာ (Elective) ၂-ဘာသာယူရပါမည်၊

စိုက်ပျိုးမွေးမြူအစားအစာဆိုင်ရာမဟာဗျူဟာ (Agrifood Strategy and Competitive-ness) သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးတန်ဖိုးကွင်းဆက် (Agribusiness Value Change Management) သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာရင်းနှီးမြုတ်နှံမှု (Agribusiness Investment Project Appraisal) သို့မဟုတ် ကူးသန်းရောင်းဝယ်ရေး ဈေးကွက်ပညာ (Agribusiness Marketing) သို့မဟုတ် စာရင်းကိုင်ပညာ (Accounting) သို့မဟုတ် စိုက်ပျိုးရေးနှင့်သယံဇာတမူဝါဒ (Agriculture & Resources Policy) သို့မ ဟုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအတွက်စာရင်းအင်းပညာ (Statistics for Business & Economics) သို့မဟုတ် ကျေးလက်လုပ်ငန်းအတွက်ခေါင်းဆောင်မှုပညာ (Leaderships in Rural Industries & Commodities) သို့မဟုတ် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာကမ္ဘာ့စိန်ခေါ်မှုများ (Global Challenges in Agriculture) သို့မဟုတ် အပြည်ပြည် ဆိုင်ရာစိုက်ပျိုးမွေးမြူရေးစနစ်တိုးတက်ဖွံ့ဖြိုးမှု (International Agricultural Development) သို့မဟုတ် အကျိုးရှိစေသော စီးပွားရေးလုပ်ငန်းများချိတ်ဆက်မှု (Effective Stakeholder Engagement) စသည်တို့ ဖြစ်ပါသည်။

ပုံ - ၁ ကွင်းစလန်တက္ကသိုလ်၏ စိုက်ပျိုးကူးသန်းရောင်းဝယ်ပညာလက်မှတ်

Blended learning ဆိုသည်မှာ တစ်ခုတည်းသော သင်ခန်းစာပုံစံမဟုတ်ဘဲ အွန်လိုင်း ပညာရေးနည်းလမ်းနဲ့ လူကိုယ်တိုင်တက်ရောက်သော သင်ယူမှု (မူလအတိုင်း သင်ကြားပုံ - Traditional Teaching & Learning Method) ကို ထပ်မံပေါင်းစပ်သုံးစွဲတဲ့ ပညာရေး နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒီနည်းလမ်းက ဆရာ/ဆရာမရဲ့ မျက်နှာချင်းဆိုင် သင် ကြားမှုနဲ့ အွန်လိုင်းသင်ခန်းစာတွေကို တစ်ခုလုံး ကြိုတင်စီမံထားတဲ့ ဒီဇိုင်းအောက်မှာ ပေါင်းစပ်သင်ကြားပေးတာ ဖြစ်ပါသည်။

ပုံ - ၂ ပေါင်းစပ်သင်ယူလေ့လာခြင်း

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် အွန်လိုင်းမှ ပညာသင်ယူခြင်း (Online Learning Program in Universities) ဆိုသည်မှာ အင်တာနက်နည်းပညာ (IoT_Internet of Things) ကို အသုံးပြု ၍ ပညာရေးသင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်ရန် စီစဉ်ထားသော ပညာ ရေး အစီအစဉ်များဖြစ်ပါသည်။ 

လုပ်ဆောင်နည်းစနစ်များ (Methodology)

ပုံမှန်အားဖြင့် သမရိုးကျမျက်နှာချင်းဆိုင် သင်ခန်းစာ (Face-to-Face) များ ဥပမာ -  ပို့ချ ချက်၊ လက်တွေ့ဓာတ်ခွဲခန်း၊ အလုပ်ရုံဆွေးနွေးပွဲများ (Lectures, Labs, Workshops) တွေအပြင် အွန်လိုင်းဗီဒီယို၊ ကွန်ပြူတာပရိုဂရမ် အစီအစဉ်ဖြင့် အလိုအလျောက် စစ်ဆေး ပေးတဲ့ လျှပ်တစ်ပြက်မေးခွန်းများ (Quizzes)၊ ဆွေးနွေးပွဲ (Discussion boards)၊ ကွန်ပြူ တာဖြင့်လေ့လာစေခြင်း (e-learning Activities) တွေကို ပေါင်းစပ်သုံးရမည် ဖြစ်ပါသည်။

ကျောင်းသား/သူတွေက အဝေး/အွန်လိုင်းကနေပဲ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အဓိက အ ကြောင်းအရာတွေကို ကိုယ်ပိုင်အစီအစဉ်နဲ့ လေ့လာပြီး နောက် မိမိကိုယ်တိုင်အတန်း ထဲမှာတော့ လက်တွေ့ လေ့ကျင့်ခန်း (Practical Classes)၊ တောင်သူများပြဿနာ ဖြေရှင်းမှု (Problem solving)၊ ဆွေးနွေးမှု (Discussion) နဲ့ ပြန်လည်တုံ့ပြန်ချက် (Feedback) တွေကို အဓိက ထားပြီး လုပ်ဆောင်ကြပါသည်။

လေ့လာခြင်းဆိုင်ရာစီမံခန့်ခွဲမှုစနစ် (Learning Management System - LMS) ကဲ့သို့ ပလက်ဖောင်း (Platforms) တွေက သင်ကြားမူကြောင့် အသုံးပြုမိတဲ့ အကြောင်းအရာ၊ လေ့လာချိန်၊ အချက်အလက် ရလဒ်တွေကို မှတ်တမ်းတင်ပေးလေ့ရှိပြီး ဆရာတွေက ဒီ အချက်အလက် (Data) ဒေတာတွေကို အသုံးပြုပြီး သင်ကြားနည်းကို ချိန်ညှိ/စစ်ဆေး ပါသည်။ သင်ခန်းစာများ ပိုပြီး နားထောင်ရတတ်သလို မိမိကိုယ်တိုင် လေ့လာစာသင်ရတဲ့ အပိုင်းတွေ (Passive learning) ကို အွန်လိုင်းမှာ လေ့လာစေပြီး လက်တွေ့ လုပ်ဆောင် ရတဲ့ အပိုင်းတွေကို ကျောင်းသား/သူ မျက်နှာချင်းဆိုင် အတန်းထဲမှာ လက်တွေ့လုပ်နိုင် ရန် ပုံကြမ်း/ဒီဇိုင်း (Draft Design) ဆွဲသင့်ပါသည်။

(၁) ဤစနစ်၏အကျိုးကျေးဇူးများ

(၁-က) လေ့လာသင်ကြားမှု၊ သင်ယူမှုတွေ စီမံခန့်ခွဲရန်လွယ်ကူခြင်း

အွန်လိုင်း စနစ်တွေကြောင့် အလုပ်လုပ်နေသူများ၊ ကျေးလက်ဒေသနေရာဝေးမှာ နေသူ များ၊ ကမ္ဘာကြီး ဘယ်နိုင်ငံကမဆို မတူညီတဲ့ အချိန်ဇုန် (Different Time Zone) နဲ့ အ သက်အရွယ် အမျိုးမျိုး ကျောင်းသား/သူတွေ (Different Ages of Students/ Trainees) အတွက် လေ့လာဖို့ ပိုလွယ်ကူလာစေပါတယ်။ အားသာချက်များက ဗီဒီယို သင်ခန်းစာ တွေကို ပြန်ကြည့်နိုင်ခြင်း၊ နားမလည်သော သင်ခန်းစာများကို ထပ်ကြည့်နိုင်ခြင်းကြောင့် ခက်ခဲတဲ့ အကြောင်းအရာတွေကို ပိုမို နားလည်လွယ်စေနိုင်ပါသည်။

(၁-ခ) ကိုယ်ပိုင်အချိန်၊ သတ်မှတ်နှုန်းနဲ့ လေ့လာနိုင်ခြင်း (Personalization)

အွန်လိုင်းကိရိယာတွေက ကျောင်းသား/သူ လေ့လာသူတစ်ယောက်ချင်းစီ ကိုယ်ပိုင်နှုန်းနဲ့ လေ့လာခွင့်ပေးသလို ကြိုးပမ်းသင်ယူ ထားတာတွေကို အချက်အလက်/ဒေတာအနေနဲ့ သိမ်းဆည်းလေ့ရှိပါတယ်။ ဒီစနစ်တွေက ဆရာ/သင်တန်းမှူးတွေကို ဘယ်ကျောင်းသား တစ်ဦးချင်းရဲ့ ဘာအပိုင်းကို ထပ်ရှင်းပြရမလဲ၊ ဘယ် ကျောင်းသား/သူတွေကို ထပ်မံ လေ့ကျင့်ခန်းပေးရမလဲ ဆိုတာ ပိုတိကျစေပါသည်။

(၁-ဂ) စိတ်ဝင်စားမှု နဲ့ ကမ္ဘာ့အတွေ့အကြုံနဲ့ ချိတ်ဆက်နိုင်ခြင်း

စီမံချက်အခြေပြုလေ့လာခြင်း (Project-based learning)၊ အုပ်စုလိုက်ဆောင်ရွက်ရခြင်း (group work)၊ အွန်လိုင်းမှဆွေးနွေးနိုင်ခြင်း (online discussion) စတဲ့ တက်ကြွစွာ သင်ယူနိုင်မှုကြောင့် (active learning) လုပ်ရသမျှကို မျက်နှာချင်းဆိုင် ဆရာ၊ တပည့် တွေ့ရတာနှင့်အတူ အွန်လိုင်းနည်းလမ်းနဲ့ ပေါင်းသုံးလို့ရတာကြောင့် ကျောင်းသား/သူ တွေ စိတ်ဝင်စားမှု မြင့်တက်စေတတ်ပါတယ်။

အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့စနစ်၊ နည်းပညာ၊ (Tools, Software) တွေကို လေ့ကျင့် နေရင်း သင်ကြားပေးလို့ နောင်အလုပ်လုပ်ရမယ့်နယ်ပယ်နဲ့ အလွယ်တကူ ချိတ်ဆက် သိမြင်နိုင်ပါသည်။

(၂) ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများ

(၂-က) စီစဉ်ထားသောဒီဇိုင်းမကောင်းလျှင် အကျိုးမရှိနိုင်ခြင်း

အွန်လိုင်းနည်းပညာကို ထည့်သုံးတာဟာ အလိုအလျောက် သင်ကြားရလွယ်သွားမယ်၊ သေချာအကျိုးရှိမယ် လို့ မထင်သင့်ပါဘူး။ အကြောင်းအရာနဲ့ သင်ရည်ရွယ်ချက်၊ စစ်ဆေး ပုံ (assessment) တွေနဲ့ ကိုက်ညီအောင် ဒီဇိုင်းမထားရင် လွဲချော်နိုင်ပါသည်။ သင်ကြား နည်း ပိုမိုရှုပ်ထွေးသွားနိုင်ပြီး ကျောင်းသားတွေအတွက် လုပ်ငန်းတာဝန် (workload) ခွဲမသိဘဲ၊ ဘာကို ဘယ်နေရာမှာ လေ့လာရမလဲ မသိအောင် ဖြစ်သွားနိုင်ပါသည်။

(၂-ခ) နည်းပညာ ပစ္စည်းနဲ့ တန်းတူမရှိကြမှု

ကောင်းမွန် ယုံကြည်ရသည့် အင်တာနက်၊ မိမိကိုယ်ပိုင် ကွန်ပြူတာပစ္စည်း (Device e.g.  laptop, tablet, phone) နဲ့ သင်ယူမှုစနစ် (LMS platform) မရှိရင် ဤ Blended learning စနစ်ကို ထိရောက်စွာ မလုပ်ဆောင်နိုင်သလို အကျိုးမရှိမှုသာ ဖြစ်နိုင်ပါသည်။ ထို့အပြင် ဆရာတွေကိုလည်း အချက်အလက်နည်းပညာ သုံးနည်းတက်မြောက်အောင် သင်တန်း (Training) ပေးဖို့ လိုအပ်ပြီး သင်ကြားသဘောတရား/သင်ကြားနည်းပညာ (Pedagogy) ကိုပါ တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သင့်ပါသည်။

စာရေးသူ၏ဆွေးနွေးမှု

လက်တွေ့  LMS လေ့ကျင့်သင်ကြားမှုကို ရွေရောင်လွင်ပြင်အဖွဲ့နှင့် သံလျှင် သမဝါယမ တက္ကသိုလ် တို့ပူးပေါင်းဖွင့်လှစ်တဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာအွန်လိုင်း လက်မှတ်ရ ၆-လ သင်တန်း (Agribusiness Online Certificate Courses) မှာ သင်တန်းသူ၊ သင်တန်းသား များအား ကြိုတင်မေးခွန်းများ (Pretest questions) ဖြေခိုင်းခြင်း၊ မန်တီမီတာ (Menti-meter App.) နှင့် ကလပ်စ်ပွိုင့်စနစ် (Classpoint App.) များအသုံးပြု၍ သင်တန်းသား များ ထင်မြင်ချက်ကို စမ်းသပ် စစ်ဆေးခြင်း၊ လက်တွေ့ရေးသားဆွေးနွေးရန် အချက် များ (Assignments) ကို အီးမေးလ် (Email) များဖြင့် တစ်ဦးခြင်းစီ တင်ခိုင်းခြင်း စသည် တို့ကို ပြုလုပ်ရာ သင်တန်းသား/သူများ မိမိအိမ်/ရုံးမှ တက်ကြွစွာ ဖြေဆိုနေသည်ကို တွေ့ရပါ သည်၊ နောင်ဆက်ဖွင့်မည့် ဒီပလိုမာ (Diploma Courses) သင်တန်းတွင်မူ သင်တန်း သား/သူ များ ၂-ခုပေါင်း လေ့လာရေး အစီအစဉ် (Blended Learning) အရ လူကိုယ်တိုင် လာ ရောက်၍ စနေ၊ တနင်္ဂနွေ ပိတ်ရက်များ (Weekends) တွင်သင်ကြားပေးရန် စီစဉ် လျှက် ရှိနေပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Lechosaw, J. (2017) Blended Learning: Principles, Challenges and Impact on Student Performance. Nova Sci. Pub. 25p.

Hofmann, J. (2018) Blended Learning. American Society for Training & Development. 200p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်