စိုက်ပျိုးနိုင်သည့် အကောင်းဆုံးသီးနှံပုံ

18/02/2026 14:05 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

သီးနှံပင်များဇီဝကမ္မဗေဒ (Crop Physiology) အခြေခံအကြောင်းများကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် ၈၀၊ ၈၁၊ ၉၉၊ ၁၁၀၊ ၁၁၆၊ ၁၄၆၊ ၁၇၅ တို့တွင် ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်၊ 

ရာသီဥတုပြောင်းလဲမှုနှင့် သယံဇာတ ရှားပါးမှုများ ဖြစ်ပေါ်နေသော ယနေ့ခေတ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုအတွက် အတွေ့အကြုံအပေါ် အခြေခံသည့် အပင်မျိုးရွေးချယ်မွေးမြူခြင်း (Crop Breeding_Selection & Hybridization) ထက် ပိုမိုတိကျသော ပုံစံငယ်အခြေပြု နည်းလမ်းများကို အသုံးပြုရန် လိုအပ်လာပါသည်။ ထိုနည်းလမ်းများ၏ အဓိက အနှစ်သာရမှာ သီးနှံပုံစံငယ် (Crop Ideotype) ဆိုလိုသည်မှာ သတ်မှတ်ထားသော ပတ်ဝန်းကျင်တစ်ခုအတွင်း ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်းရှိသော သီးနှံ ဇီဝကမ္မဗေဒဆိုင်ရာ ပုံစံငယ်တစ်ခုကို တည်ဆောက် ခြင်း ဖြစ်သည်။ 

ဤသဘောတရားကို စတင်မြစ်ဖျားခံမှုမှာ ၁၉၆၄ ခုနှစ်တွင် ဒေါက်တာပီအာဂျင်းနင်း (P.R. Jennings) အဆိုပြုခဲ့သော စပါးပင်၏ "အပင်ပုံစံ" (Plant type) အယူအဆ ဖြစ် ပါသည်။ ဒေါက်တာဂျင်းနင်းသည် ၁၉၅၇-ခုနှစ်တွင် ပါဒူးတက္ကသိုလ် (Purdue University) မှ အပင်ရောဂါဗေဒ (Plant Pathology) ပါရဂူဘွဲ့ကိုရရှိခဲ့ပါသည်၊ သူသည် အပူပိုင်းဒေသ စပါးမျိုးရင်းများမှာ အပင်မြင့်ပြီး အရွက်ဖားသဖြင့် ဓာတ်မြေဩဇာ ကျွေးသောအခါ အပင်လဲတတ်ကြောင်း တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် အပင်ပု၊ အရွက်ထောင်သော အပင်ပုံစံကို အဆိုပြုခဲ့ခြင်းက အစိမ်းရောင်တော်လှန်ရေး (Green Revolution) အတွက် အခြေခံဖြစ်ခဲ့ပါသည်။ ၁၉၆၈-ခုနှစ်တွင် ပါမောက္ခဒေါက်တာကော်လင် ဒေါ်နယ် (Professor Dr Colin Donald)  က ဤအယူအဆကို ပိုမိုကျယ်ပြန့်စေခဲ့ပြီး ဤအပင် ပုံစံကို သီးနှံစိုက်ပျိုးသည့်မျိုး (Cultivar) အဖြစ် တီထွင် လိုက်ပါက အထွက်နှုန်း သို့မ ဟုတ် အရည်အသွေး ပိုမိုကောင်းမွန်လာမည့် အပင်ပုံစံငယ်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ သူက ဩစတေလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ် (University of Sydney) မှ ၁၉၆၂-ခုနှစ်တွင် ပါရဂူဘွဲ့ရရှိခဲ့ပါသည်။ သူက ဂျုံပင် (Wheat Plant) တွင် စတင်အဆိုပြုခဲ့သော ဤနည်းလမ်းသည် အပင်၏ ချို့ယွင်းချက်များကို ဖယ်ရှားရုံ သာမကဘဲ အလင်း စွမ်းအင်နှင့် အာ ဟာရ ဓာတ်များကို အထိရောက်ဆုံး အသုံးချနိုင်မည့် ရုပ်သွင်ပြင် (Morphological)၊ ဇီဝ ကမ္မ ဗေဒ (Physiological) နှင့် ဇီဝဓာတုဗေဒ (Biochemical) ဆိုင်ရာ လက္ခဏာရပ်များ ပေါင်းစပ်ပါဝင်သည့် "စံပြ" အပင်ပုံစံ (Ideal Crop Prototypes) ကို ဖော်ဆောင်ပေးပါသည်။

ဤဆောင်းပါးတွင် သီးနှံပုံစံငယ် မွေးမြူခြင်း၏ အခြေခံမူများ၊ အဓိက သီးနှံများတွင် အထွက်နှုန်း တိုးတက်စေရန် လိုအပ်သော လက္ခဏာရပ်များနှင့် အနာဂတ် ဇီဝကမ္မဗေဒဆိုင်ရာ နယ်ပယ်သစ်များကို လေ့လာတင်ပြထားပါသည်။

ပုံ - ၁ အကောင်းဆုံးသီးနှံပုံစံအမျိုးမျိုး

ရိုးရာအပင်မျိုးမွေးမြူခြင်း နည်းလမ်းများ (Traditional Plant Breeding Methods) သည် အပင်၏လုပ်ဆောင်ချက်များကို အသေးစိတ် မသိရှိသော်လည်း အထွက်နှုန်း အကောင်းဆုံး အပင်များကိုသာ ရွေးချယ်သည့် "အထွက်နှုန်းအပေါ် အခြေခံ၍ ရွေးချယ် ခြင်း" (Selection for high yield) ကိုသာ အဓိကထားခဲ့ပါသည်။ သို့သော် အထွက်နှုန်း သည် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် ဆက်နွှယ်မှု (G X E_Genotypes X Environment) အပေါ် များစွာ မူတည်နေသဖြင့် ဤနည်းလမ်းတွင် အကန့်အသတ်များ ရှိနေပါသည်။ သီးနှံပုံစံငယ် အပင်မျိုးမွေးမြူခြင်း (Crop Ideotypes Breeding) သည် အထွက်နှုန်းကို အကျိုးပြုသည့် အစိတ်အပိုင်းတစ်ခုချင်းစီ (ဥပမာ- ရိတ်သိမ်းမှုညွှန်းကိန်း HI_Harvest Index) ကို အာရုံစိုက်ပြီး မျိုးရိုးလိုက်နိုင်စွမ်း မြင့်မားသော လက္ခဏာရပ်များကို ရွေးချယ် မွေးမြူခြင်း ဖြစ်ပါသည်။

အထွက်နှုန်း အလားအလာကို လွမ်းမိုးသော သီးနှံဇီဝကမ္မဗေဒဆိုင်ရာ အချက်များ (The Physiological Determinants of Yield Potential)

အပင်ဇီဝကမ္မဗေဒသီအိုရီအရ သီးနှံအထွက်နှုန်း (Crop Yield) ကို အချက် ၃ ချက်ဖြင့် တိုင်းတာနိုင်သည်။ နေရောင်ခြည် ဖမ်းယူနိုင်မှု စွမ်းရည် (Solar Energy Conversion Efficiency_), ထိုအလင်းကို စုစုပေါင်း အခြောက်အလေးချိန်/ဇီဝဒြပ်ထု (Total Dry Weight/Biomass) အဖြစ် ပြောင်းလဲနိုင်မှု စွမ်းရည် (Radiation Use Efficiency _RUE) နှင့် ထိုဇီဝဒြပ်ထုကို သီးနှံအစေ့အဆန် များဆီသို့ ခွဲဝေပို့ဆောင်ပေးနိုင်မှု/အထွက်စံနှုန်း (Harvest Index _HI) တို့ ဖြစ်ကြပါသည်။

အပင်မှအလင်းရောင်စုပ်ယူမှု/ဖမ်းယူမှုနှင့် အပင်၏တည်ဆောက်ပုံ (Light Interception and Canopy Architecture)

အရွက်များ၏ တည်နေရာ ပုံစံသည် အလင်းရောင်/နေရောင်ခြည် (Light/Solar Energy) ဖမ်းယူမှု စွမ်းရည် ကို အဆုံးအဖြတ် ပေးပါသည်။ သီးနှံအလိုက်၊ ဒေသရိုးရာမျိုးများတွင် အရွက်များမှာ အလျားလိုက် ဖြန့်နေသဖြင့် အပေါ်ဘက်အရွက်များက အလင်းရောင်ကို အကုန်ယူလိုက်ပြီး အောက်ဘက်အရွက်များမှာ အမှောင်ထဲတွင် ရှိနေသဖြင့် အပင် အတွက် အကျိုးမရှိဘဲ အားအင်ကိုသာ ကုန်ခမ်းစေပါသည်။

အလင်းဖမ်းယူမှု အကောင်းဆုံးဖြစ်စေရန် လိုအပ်သော လက္ခဏာရပ်များမှာ -

အရွက်၏ထောင့် (Leaf Angle): အပေါ်ဘက် အရွက်များသည် ထောင်မတ်နေပါက အောက်ဘက်အရွက်များဆီသို့ အလင်းရောက်ရှိနိုင်ပြီး အလင်းမှီစုဖွဲ့ခြင်းဖြစ်စဉ် (Photosynthesis) ကို တစ်ပင်လုံး အချိုးညီညီ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

အရွက်အရွယ်အစား (Leaf Size and Area): သေးငယ်ကျဉ်းမြောင်းသော အရွက်များသည် အရိပ်ကျမှုကို လျှော့ချပေးပြီး ကာဘွန်ဒိုင်အောက်ဆိုက် (CO2 exchange) ဖလှယ်မှုကို ပိုမို ကောင်းမွန်စေပါသည်။

အရွက်အထူ (Leaf Thickness): ထူသောအရွက်များတွင် ကလိုရိုဖီးလ် (Chlorophyll) ပိုမိုသိပ်သည်းစွာ ပါဝင်သဖြင့် အလင်းမှီစုဖွဲ့ခြင်း စွမ်းရည်ကို တိုးတက်စေပါသည်။

ပုံ - ၂ စပါး ဒေသမျိုးနှင့်ခေတ်မှီအထွက်တိုးမျိုး အရွက်ရှိမှုပုံစံ ကွာခြားမှု

တစ်ဖန်ပုံမှန်အပင်မျိုးမွေးမြူခြင်းနည်းလမ်း (Traditional Plant Breeding) နှင့် အ ကောင်းဆုံးအပင်ပုံစံရရှိစေရန် မွေးမြူခြင်းနည်းလမ်း (Ideotype Plant Breeding) များကလည်း ကွာခြားပါသည်၊

ဇယား - ၁ ပုံမှန်အပင်မွေးမြူရေးနှင့်အကောင်းဆုံးအပင်ပုံစံမွေးမြူရေးစနစ်

ပုံ - ၃ ပုံမှန်နှင့်စနစ်သစ်အပင်ပုံစံကွာခြားမှု

စာရေးသူအတွေး

ဆစ်ဒနီတက္ကသိုလ် အပင်မျိုးမွေးမြူရေး ပညာဌာနတွင်တော့ အပင်မျိုးမွေးမြူခြင်း သင်ကြားရေး၊ သုတေသနလုပ်ငန်းများကို ခေတ်မီ နည်းပညာလေ့လာနည်းစနစ် (LMS_ Learning Management System) ဖြင့် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ကျောင်းသား၊ ကျောင်းသူများအား ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology) ဖြင့် မိမိဘာသာ သင်ယူလေ့လာစေသောနည်းစနစ် (Self-study/Self-Learning) ကို အသုံးချနေပါသည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာသင်နှစ်ဝက် တစ်ခုလျှင် ၄-၅ ဘာသာဘဲ သင်ယူရပြီး တစ်ဘာသာကို စာသင်ချိန်ပြင်ပတွင် ပြုလုပ်ရသည့်လုပ်ငန်းများ (Assignments) ဖြင့် အနားမနေရရန် ဆောင်ရွက်ထားသည့်နည်းစနစ်ဖြစ်ပါသည်။ သို့သော် တစ်ချို့ တက္ကသိုလ်များတွင် ဝါသနာပါပါ၊ မပါပါ စာသင်နှစ်ဝက်တစ်ခု ကို ၉-၁၀ ဘာသာ စုပြုံ သင်ပေးသော နည်းစနစ်ကတော့ ခေတ်မမှီတော့ ဟုထင်မြင်မိပါသည်၊ လက်ရှိစနစ်အရ တက္ကသိုလ်များတွင် ဌာနတွေများပြီး ဌာနမှူး/ပါမောက္ခ ရာထူးများ အငြိမ်းစား မယူမချင်း အမြဲတန်းရာထူးပုံစံ ဖြစ်နေပါကလည်း အာဏာရှင်ဆန် နေပါလိမ့်မည်။ ဖွံ့ဖြိုးပြီး နိုင်ငံများရှိ တက္ကသိုလ်များတွင်တော့ ဌာနမှူး (Head of the Department)၊ မဟာဌာနမှူး (Dean of the Faculty) စသည် တို့မှာ ပါမောက္ခများက အလှည့်ကြရွေးကောက်ခံကာ  သက်တန်းအလိုက် ပြုလုပ်ရသောစနစ် (Elective System) သာလျှင်ဖြစ်ပါသည်။

စာသင်နှစ် တစ်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ များပြားလွန်းလျှင်လည်း လက်တွေ့ချိန်များ (Practical Classes/Laboratory Works) လေ့လာရေးခရီး (Study Tours/Excursion) များ အတွက် စီစဉ်ရ အလွန်ခက်ခဲပါလိမ့်မည်။ ကျောင်းသားဘဝကတည်းက လက်တွေ့ လုပ်ငန်းများ မပါ၊ လက်ရှိမျက်မြင်အခြေ အနေများကို ကြည့်ရှု ဆွေးနွေးမှုမရှိ၊ မျက်မြင်မတွေ့ရပါကလည်း ပညာရပ်တစ်ခုကို သေချာစွာ တတ်မြောက် ရန်ခက်ခဲပါလိမ့်မည်။ စာရေးသူတွေးမိတာပါ၊

(ဆက်ပါဦးမည်)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်